ငြိမ်းချမ်းရေးနှင့် တစ်စုံလုံးကို နားလည်စဉ်းစားတတ်ခြင်း

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို နိုင်ငံရေးကထိန်းချုပ်ထားတယ်ဆိုတာ နားလည်ပါတယ်။ နိုင်ငံရေးပေါ်မှာပဲမူတည်ပြီး ငြိမ်းချမ်းရေးက ‘က’ရ တယ်ဆိုတာကို သဘောပေါက်ပါတယ်။ ဒါပေမဲ့ တစ်စုံလုံးကို ကြည့်တတ်၊ နားလည်တတ်ရင် နိုင်ငံရေးရဲ့လမ်းကြောင်းကလည်း ကောင်းတဲ့သဘောပါ။

ဆိုလိုတာက ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆိုရင် အပစ်အခတ်ရပ်ရုံ တစ်ခုထဲမဟုတ်ပါ။ နိုင်ငံရေးဆွေးနွေးပွဲလည်းလုပ်ရမယ်။ ဒီတော့ အပစ်ရပ်တာနဲ့ နိုင်ငံရေးဆွေးနွေးတာဟာ တစ်ဆက်တည်းဖြစ်နေတယ်။ ခွဲထားလို့မရဘူး။

မြန်မာနိုင်ငံမှာတော့ အပစ်အခတ်ရပ်စဲရေးဟာ အဆင့်ဆင့်ဖြစ်နေတော့ ဒီအဆင့်ဆင့်ရဲ့ အနေအထားပုံစံအားလုံးကို ခြုံပြီးကြည့်တတ်၊ နားလည်တတ်ဖို့ လိုပါတယ်။

ငြိမ်းချမ်းရေးဆွေးနွေးပွဲဆိုရင်လည်း အဆင့်ဆင့်ဖြစ်နေတယ်။ ဒါကြောင့် အဆင့်တိုင်း ကောင်းအောင်၊ အဆင်ပြေအောင်၊ လိုအပ်တာတွေ ပြည့်ပြည့်စုံစုံ ဆောင်ရွက်ရတယ်။

ဥပမာ – ဆွေးနွေးပွဲတွေ အဆင်ပြေဖို့ဆိုရင် ညှိနှိုင်းဆွေးနွေးမှုတွေကို ဆောင်ရွက်တတ်သူတွေသာမက ဆွေးနွေးပွဲတွေ ပိုကောင်းအောင်၊ ယုံကြည်မှုတည်ဆောက်တဲ့လုပ်ငန်း (Confidence Building Measure) တွေလည်း လုပ်ဆောင်ရပါမယ်။ ဆွေးနွေးပွဲကရလာတဲ့ အဖြေတွေကို ဖွဲ့စည်းပုံပြင်ရာမှာ သုံးရမှာဖြစ်တဲ့အတွက် ဖွဲ့စည်းပုံအကြောင်းနားလည်သူတွေလိုပါတယ်။

ဒီလိုပဲ DDR၊ SSR ဆိုတဲ့ကိစ္စတွေ၊ ပညာရပ်တွေကိုလည်း နားလည်ရပါမယ်။ DDR။ SSR ကိစ္စတွေ၊ လုံခြုံရေးဆိုင်ရာ ပြန်လည်ပေါင်းစည်းရေးကိစ္စတွေဟာ ထိလွယ်ရှလွယ်တဲ့အတွက် နားလည်ရုံတင်မက ဘယ်လိုချဉ်းကပ်မယ်၊ ပြင်ဆင်မယ်ဆိုတဲ့ မဟာဗျူဟာမြောက် စဉ်းစားချက်တွေ လိုပါတယ်။

ဒီလိုပါပဲ အပစ်အခတ်ရပ်ရုံ၊ နိုင်ငံရေးအရ ဆွေးနွေးရုံတင်မက အခြားအချက်တွေလည်း လုံးဝထည့်သွင်းစဉ်းစားထားရပါမယ်။

ဥပမာ – War Economy လို့ခေါ်တဲ့ စစ်တွင်းကာလစီးပွားရေး အလွန်အရေးကြီးပါတယ်။ စစ်ဆိုတာ ငွေမရှိဘဲ တိုက်လို့မရ။ သယံဇာတ ပေါတဲ့ ကျွန်တော်တို့နိုင်ငံမှာ သယံဇာတအပေါ် အခြေခံပြီးလည်း ပဋိပက္ခတွေ ဖြစ်နေတယ်လို့ နားလည်ကြတယ်။ လွန်ခဲ့တဲ့ ၂ နှစ်၊ သုံးနှစ်လောက်က ကျွန်တော်အကြမ်းဖျင်းတွက်ကြည့်တယ်။ သစ်၊ မူးယစ်ဆေးဝါး၊ ကျောက်မျက်ရတနာ၊ ရှားပါးသတ္တု၊ မှောင်ခို၊ တရားမဝင် အခွန်ကောက်ခြင်းတို့ကနေ ဝင်တဲ့ဝင်ငွေဟာ မြန်မာနိုင်ငံ GDP ရဲ့ ၂၀ ရာခိုင်နှုန်းလောက်ရှိနေတယ်။

စစ်ပွဲတွေက ဒီလောက်ပိုက်ဆံတွေဝင်နေရင် ဘယ်လိုရပ်မလဲ။ ဘယ်လိုစစ်ပွဲတွေရပ်မလဲ စဉ်းစားစရာပါ။

ဒါတင်မကဘူး။ War Economy ဟာ ပဋိပက္ခလွန်ကာလကိုလည်း လာထိခိုက်မှာဖြစ်လို့ ကြိုတင်ပြင်ဆင်၊ ကြိုစဉ်းစားထားရမယ်။ အစီအမံတွေ အခုကတည်းက ချရမယ်။

အခြားအချက်တွေကို ထပ်ပြောရရင်တော့ ပြန်လည်ထူထောင်ရေး၊ လမ်းပန်းဆက်သွယ်ရေး ပြန်လည်တည်ဆောက်မှုများ၊ ဖွံ့ဖြိုးရေး၊ ဒုက္ခသည်များ ပြန်လာရေး၊ စီးပွားရေးအရ ပဋိပက္ခဒေသတွေမှာ ပြန်လည်ဖော်ဆောင်ရေး ဒါတွေကိုလည်း ထည့်စဉ်းစားဖို့ လိုလာပါတယ်။
ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဟာ အမျိုးသားပြန်လည်သင့်မြတ်ရေးလို့ဆိုရင် ဒါကိုလည်း ထည့်စဉ်းစားရပါမယ်။ ဒီမိုကရေစီနဲ့ ဖက်ဒရယ် စနစ်အောက်မှာ ဘယ်လိုနေကြမလဲ။ ငြိမ်းချမ်းစွာ အတူတကွယှဉ်တွဲနေထိုင်ရေးကိစ္စတွေကို စဉ်းစားရမယ်။

ကျွန်တော်တို့ MPC တုန်းကဆိုရင် ပြုပြင်ပြောင်းလဲရေးကိစ္စအားလုံးကို ခေါင်းထဲထည့်ထားတယ်။ ဒီမိုကရေစီကြောင့် ငြိမ်းချမ်းရေး ဖြစ်လာတယ်လို့ ယူဆတဲ့အတွက် ဒီမိုကရေစီကို အားပေးတဲ့ အားလုံးပါဝင်စေမှုကို အားပေးခဲ့တယ်။ ငြိမ်းချမ်းရေးဟာ ပြုပြင်ပြောင်းလဲရေးထဲကတစ်ခုလို့ နားလည်တဲ့အတွက် ဒီအတိုင်းဆောင်ရွက်ခဲ့တယ်။ ငြိမ်းချမ်းရေးနဲ့ ပြုပြင်ပြောင်းလဲရေးဆက်စပ်မှုကို မေ့ထားလို့ မရဘူး။

တစ်နည်းအားဖြင့်ပြောရရင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ရဲ့ အစအဆုံး ကကြီးကနေ အ အထိ၊ လိုအပ်ရင် ‘အ’ ရဲ့ ဟိုမှာဘက်ကမ်းအထိ စဉ်းစားရမယ်။ နိုင်ငံရေးသာမက နိုင်ငံအတွင်းရှိ တိုင်းရင်းသားတွေနဲ့ ဖြစ်ပေါ်လာမယ့် အနာဂတ်ပြဿနာများအတွက် ဖြေရှင်းမယ့် နည်းနာတွေကို ကြိုတင်စဉ်းစားရမယ်။ ဆက်ဆံရေးတွေ တည်ဆောက်ဖို့ ကြိုးစားရမယ်။

နောက် အရေးကြီးတဲ့ကိစ္စတစ်ခုက စစ်ဘက်-အရပ်ဘက် ဆက်ဆံရေး။ အမုန်းတရားတွေနဲ့ ကြည့်လို့မရ၊ အနာဂတ်အတွက် တိကျတဲ့အခန်းကဏ္ဍတွေအတွက် ယခုကတည်းက ပြင်ဆင်ဆွေးနွေးခြင်း၊ လိုအပ်တဲ့ အင်စတီကျူးရှင်းများ တည်ဆောက်ခြင်းတို့ကို ဆောင်ရွက်ထားသင့်ပါတယ်။

ဆိုလိုတာက အားလုံးကို မဟာဗျူဟာမြောက်စဉ်းစားပြီး ဆောင်ရွက်ရမယ်လို့ ပြောချင်တာပါ။

ဟိုနားတစ်စ၊ ဒီနားတစ်စ Ad Hoc လုပ်လို့မရဘူး။ လုပ်ရင် ငြိမ်းချမ်းရေးနဲ့ တိုင်းပြည်ရဲ့ အနာဂတ်ကို ထိခိုက်မယ်လို့ ပြောချင်တာပါ။
ဆိုလိုချင်တာက ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တစ်ခုလုံးကို ဘက်ပေါင်းစုံမှ ကြည့်ရှုစဉ်းစားခြင်း ( Holistic Approach) ကို ဆောင်ရွက်ဖို့ လိုပါတယ်။

ဥပမာ – တိုင်းရင်းသားလက်နက်ကိုင်တွေက အခွန်ကောက်တဲ့ကိစ္စမျိုး၊ ဒီကိစ္စမျိုးကို လက်ရှိပဋိပက္ခနဲ့ ပဋိပက္ခလွန်ကာလတွေမှာ ထည့်သွင်းမစဉ်းစားရင် ဝန်ထုပ်ဝန်ပိုးက ပဋိပက္ခဒေသက ပြည်သူတွေအပေါ်ကနေ ဖယ်ရှားလို့ရမှာမဟုတ်ပါဘူး။

ဒါမှတစ်ခုနဲ့တစ်ခု ဆက်စပ်မှုရှိပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တစ်ခုလုံးဟာ အချိတ်အဆက်ရှိရှိနဲ့ သွားနိုင်မှာဖြစ်ပါတယ်။ မဟုတ်ရင် အပစ် အခတ်ရပ်စဲရေးက သပ်သပ်၊ နိုင်ငံရေးဆွေးနွေးပွဲက သပ်သပ်ဆိုတာမျိုးတွေ ဖြစ်နေပါလိမ့်မယ်။

ဒါကြောင့် ငြိမ်းချမ်းရေးကို မဟာဗျူဟာမြောက်အောင်မြင်အောင် ဆောင်ရွက်နိုင်ဖို့ ဘက်ပေါင်းစုံကနေ ကြည့်ရှုစဉ်းစားခြင်းကိုဆောင်ရွက်ဖို့ လိုပါကြောင်း။ 

 

အောင်နိုင်ဦး

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *