မြန်မာ့စီးပွား အပြောင်းအလဲ သုံးရပ်

၂၀၁၈ ဇူလိုင်ဝင်ပြီ။ နှစ်ဝက်ကျိုးပြီ။ မြန်မာ့စီးပွားရေးအပြောင်းအလဲများအကြောင်း တွေးကြည့်ချင်သည်။ အပြောင်းအလဲသုံးရပ် မြင်ပါသည်။

အကြီးဆုံးအပြောင်းအလဲမှာ မကြာသေးခင်ကလဲလိုက်သည့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဝန်ကြီးနေရာဖြစ်သည်။ ထိုဝန်ကြီးနေရာသည် သူ့ဝန်ကြီးဌာနနှင့်သာ သက်ဆိုင်သည်မဟုတ်ဘဲ စီးပွားရေးအရေးကြီးသည့် အခြားနေရာများတွင်လည်း ခေါင်းဆောင်ဖြစ်သဖြင့် အရေးကြီးခြင်းဖြစ်သည်။ ဝန်ကြီးဌာနကိုယ်တိုင်က ယခင်က ဝန်ကြီးဌာနနှစ်ဌာနကို ပေါင်းထားခြင်းဖြစ်ရာ ဧရာမဝန်ကြီးဌာနကြီး ဖြစ်နေပြီးသား။ ထိုဝန်ကြီးသည် နိုင်ငံ့ခေါင်းဆောင်၏ စီးပွားရေးလက်ထောက်ဟုလည်း ဆိုနိုင်သည်။ အလွန်အရေးကြီးသော နေရာဖြစ်သည်။ ထိုနေရာတွင်ထိုင်သူ၏ အားကောင်းလျှင် ကောင်းသလို နိုင်ငံ့စီးပွားရေးသည် ရွေ့မည်ဖြစ်သည်။ နိုင်ငံတစ်နိုင်ငံ ရှေ့ရောက်ခြင်း၊ မရောက်ခြင်းကို သမ္မတ၊ ဝန်ကြီးချုပ်စသော ထိပ်ဆုံးခေါင်းဆောင်၏ အရည်အချင်းနှင့်တင် ကြည့်၍မရ၊ ထိပ်တန်းစီးပွားရေးဝန်ကြီး၏ အရည်အချင်းသည် များစွာစကားပြောသည်။ ထိပ်ဆုံးနိုင်ငံရေးခေါင်းဆောင်နှင့် စီးပွားရေးခေါင်းဆောင် အတွဲညီလျှင် နိုင်ငံဖွံ့ဖြိုးရေး မြန်မြန်ခုန်ပျံကျော်လွှားနိုင်သည်။ ယခုကဲ့သို့ လဲလိုက်ခြင်းသည် မြန်မာ့စီးပွားရေးသွားသည့် လမ်းကြောင်းပေါ် များစွာသက်ရောက်လိမ့်မည်။

အသစ်ဝင်လာသည့် ဦးစိုးဝင်းသည် ကမ္ဘာကျော်အတိုင်ပင်ခံလုပ်ငန်း Deloitte မှဖြစ်သည်။ အတွေ့အကြုံချည်းသက်သက် ၄၆ နှစ်ရှိပြီး လုပ်ငန်းနယ်ပယ်တူချင်းက လေးစားခံရသူဖြစ်ရာ သူဝင်လာခြင်းကို ပညာရှင်များ၊ စီးပွားရေးလုပ်ငန်းရှင်များအများအပြားက ကြိုဆိုကြသည်။ ဝေဖန်သူများ ရှိသော်လည်း ပညာရပ်၊ အတွေ့အကြုံ၊ အသိုင်းအဝိုင်းကို ဝေဖန်ခြင်းထက် အသက် ၈၀ ရှိသူဟု အသက်ကို ဝေဖန်ကြသည်က များသည်။ စာရေးသူအမြင် လက်ထောက်များကို လုပ်ငန်းတာဝန်များ စနစ်တကျ ခွဲဝေပေးနိုင်လျှင် ထိရောက်မည်သာ။

ဒုတိယအပြောင်းအလဲမှာ မြန်မာ့ရင်းနှီးမြှုပ်နှံမှုကော်မရှင် ဥက္ကဋ္ဌနေရာတွင် ယခင်က စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနဝန်ကြီး ထိုင်ခဲ့ရာမှ ယခုအခါ အမျိုးသားလုံခြုံရေးအကြံပေးပုဂ္ဂိုလ် ဦးသောင်းထွန်း ပြောင်းထိုင်သည်ကို တွေ့ရသည်။ မြန်မာနိုင်ငံ၏ စီးပွားရေးတွင် အဓိက လိုအပ်ချက်မှာ အရင်းနှင့် နည်းပညာဖြစ်သည်။ စီးပွားရေးမူဝါဒသည် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကို အားကိုးသည် Foreign-Investment Driven ။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုသည် အရင်းရော နည်းပညာကိုပါ သယ်ဆောင်လာနိုင်သည်။ ထို့ကြောင့် နိုင်ငံခြားရင်းနှီးမှုဆိုင်ရာ တာဝန်ခံဖြစ်သည့် မြန်မာ့ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ဥက္ကဋ္ဌနေရာ အပြောင်းအလဲသည် ကြီးမားသော အပြောင်းအလဲဖြစ်သည်။ ဝန်ကြီးတစ်ပါး ထွက်သွားသောကြောင့် နောက်ဝန်ကြီးတစ်ပါးလာခြင်းလည်းမဟုတ်ဘဲ ကိုယ်စားပြုဝန်ကြီးဌာနလည်း ပြောင်းသွားသည်။ စီးပွားရေးဝန်ကြီးဌာနမှ ဝန်ကြီးမဟုတ်ဘဲ ယေဘုယျဆန်သောဝန်ကြီးဌာနမှ ဝန်ကြီးဖြစ်သည်။

ဦးစိုးဝင်းထမ်းဆောင်ရမည့် တာဝန်ဝတ္တရားများအနက်မှ အချို့ကို လွှဲပေးသည်ဟု အချို့ကမြင်သည်။ ဦးသောင်းထွန်းသည် ပြည်ထောင်စု အစိုးရအဖွဲ့ရုံး ဝန်ကြီးဌာနဝန်ကြီးလည်းဖြစ်ရာ ရင်းနှီးမြှုပ်နှံမှုကော်မရှင်ကချပေးလိုက်သည့်လုပ်ငန်းများကို အခြားအစိုးရအဖွဲ့ဝန်ကြီးဌာနများနှင့်လည်း ချိတ်ဆက်လုပ်နိုင်အောင် စီစဉ်ပေးနိုင်အောင်လားဟု တွေးမိသည်။

တစ်ဖက်ကကြည့်ပြန်လျှင် ဦးသောင်းထွန်း၏ နိုင်ငံတကာတွင် ဝင်ဆံ့နိုင်စွမ်း၊ ပြောနိုင်ဟောနိုင်စွမ်းမှာ အားလုံးသိပြီးသားဖြစ်သော်လည်း ရင်းနှီးမြှုပ်နှံမှုအကြီးအကဲရာထူးသစ်နှင့် မူလရာထူးဖြစ်သည့် အမျိုးသားလုံခြုံရေးအကြံပေးပုဂ္ဂိုလ်ရာထူးတို့ အတွဲအဆက်မှာမူ စဉ်းစားစရာဖြစ်သည်။ အမျိုးသားလုံခြုံရေး အကြံပေးဆိုသည်မှာ ယေဘုယျအားဖြင့် နိုင်ငံ့လုံခြုံရေးကို ဦးစားပေးရသည်၊ အပိတ်စဉ်းစားရသည်ဟု နားလည်ပါသည်။ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ခေါင်းဆောင်မှာမူ နိုင်ငံတွင်းသို့ အပြင်မှ ရင်းနှီးမြှုပ်နှံမှုများဝင်လာအောင် ကြိုးစားရသည်၊ အဖွင့်စဉ်းစားရသည်ဟု သဘောပေါက်သည်။ တစ်ဖန် ဦးသောင်းထွန်းသည် ရခိုင်အရေးကို ရှေ့တန်းက ဖြေရှင်းနေရသူဖြစ်ရာ ရခိုင်အရေးတွင် ကာကွယ်ပြောဆိုဖြေရှင်းနေရသည်။ ရခိုင်အရေးတွင် ကာကွယ်သူနှင့် ရင်းနှီးမြှုပ်နှံမှုလာအောင် ဖိတ်ခေါ်စည်းရုံးနေရသူဟူသော အလုပ်တာဝန်နှစ်ရပ်သည် ဆန့်ကျင်ဘက်သဖွယ် ဖြစ်နေသည်။

နောက်အပြောင်းအလဲတစ်ခုမှာ ရန်ကုန်မြို့သစ်စီမံကိန်းဖြစ်သည်။ လောလောဆယ် လူပြောသူပြောလည်းများနေသည်။ အလုပ်အကိုင် နှစ်သန်းပေါ်ထွက်လာမည်ဟု ခန့်မှန်းထားရာ မျှော်မှန်းသည့်အတိုင်း ဖြစ်လာလျှင် ရန်ကုန်မြို့စီးပွားရေးကိုသာမက မြန်မာ့စီးပွားရေးကိုပါ ကြီးမားစွာ သက်ရောက်လိမ့်မည်။ ကုန်ကျစရိတ် ဒေါ်လာ ၅ ဘီလီယံဟု ဆိုထားရာ ထိုသို့တည်ဆောက်နေစဉ် ဝင်ရောက်လာသည့် ငွေကြေးတို့သည်လည်း မြန်မာ့စီးပွားရေးပေါ်သက်ရောက်မည်။ မြို့သစ်စီမံကိန်း၏ ပုံစံသည် မြန်မာနိုင်ငံတွင် ပုံစံသစ်ဖြစ်သည်။ အလွယ်ပြောလျှင် အစိုးရကပိုင်ပြီး ပုဂ္ဂလိကလုပ်ငန်းရှင်က အစိုးရကိုယ်စား စီမံခန့်ခွဲမည့် ပုံစံဖြစ်သည်။ ထိုစီမံကိန်း၏ အဆိုးအကောင်း ဖြစ်တန်ခြေများကို စကားဝိုင်းများတွင်လည်း ဆွေးနွေးခဲ့၊ ရေးလည်းရေးခဲ့သဖြင့် များများစားစား ထပ်မပြောလိုပါ။ မြို့သစ်ဆောက်မည့်နေရာ ပတ်ဝန်းကျင်ရှိမြေများ ဈေးလှုပ်လာဖွယ်ရှိရာ ထိုဈေးအလှုပ်ဖြင့် ကျန် အိမ်၊ ခြံ၊ မြေများ ပြန်လှုပ်လာမည်လား စဉ်းစားစရာဖြစ်သည်။ ထိုမြေများ ပိုက်မိနေသူတို့ ငွေပြန်ပေါ်လာလျှင် ထိုသူတို့နှင့် ဆက်စပ်နေသည့် အခြားလုပ်ငန်းများလည်း လှုပ်လာနိုင်သည်။ အကယ်၍ ထိုမြေများသည် ဘဏ်များတွင် တစ်နည်းနည်းဖြင့် အပေါင်ထားထားသည်များဖြစ်နေပါက ဘဏ်များလည်း တစ်နည်းတစ်ဖုံ စိတ်သက်သာရာ ရလာနိုင်သည်။ ရန်ကုန်မြို့သစ်စီမံကိန်း၏ အခြေအနေကို စီးပွားရေးလုပ်ငန်းရှင်များ အထူးစိတ်ဝင်စားနေသည်။

အထက်ပါအပြောင်းအလဲ သုံးရပ်သည် မြန်မာ့စီးပွားရေး၏ လက်ရှိအခြေအနေကိုသာမက အနာဂတ်ကိုပါ သက်ရောက်မည်။ 

ဇေယျသူ

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *