ပန်ဆိုင်းဆော်ခန်းမှ ပြန်ခဲ့သည်

ခြေတံရှည်အိမ်၏ လှေကားအနီးတွင် ကြက်သားအမိတစ်သိုက်သည် မြေကိုယက်ကာ အစာရှာနေကြသည်။ ကြက်မကြီးသည် လူတစ်ဦးတစ်ယောက်ဖြတ်လာပါက တိုက်ခွပ်ရန်အနေအထားဖြင့် သူ့ကလေးများကို ကာကွယ်နေသည်။ ပြီးနောက် လူသံတွေနှင့်ဝေးရာသို့ ကြက်ပေါက်ကလေးများကို ခေါ်ဆောင်သွားသည်။

ခြေတံရှည်အိမ်၏အောက်ဘက် အနောက်ခြမ်းတွင် မီးဖိုဆောင်ရှိနေပြီး အတွင်းတွင် ၄၅ နှစ်အရွယ်ခန့် အမျိုးသမီးတစ်ဦးသည် ထိုင်လျက် မျက်ရည်စီးကြောင်းများဖြင့် အောက်ပါအတိုင်းပြောပြသည်။

“သမီးအိမ်ရောက်လာလို့ သူအိတ်ကိုစစ်ကြည့်လိုက်တာ ကွန်ဒုံးတွေ တွေ့လိုက်ရတာ အမေတစ်ယောက်အနေနဲ့ သေချင်လောက်အောင် ခံစားလိုက်ရတယ်။”

ထိုသို့ပြောနေချိန်တွင် အသက် ၁၇ နှစ်အရွယ် ၎င်း၏သမီးဖြစ်သူ မနှင်းနှင်းအေးမှာ လက်ကလေးယှက်ကာ ခေါင်းငုံ့နေလေသည်။ မနှင်းနှင်းအေးသည် မိုးညှင်းခရိုင် အင်းတော်ကြီးဒေသ နန့်မတဲကျေးရွာတွင်နေထိုင်ပြီး ၂၀၁၇ ခုနှစ် ဩဂုတ်လအတွင်းတွင် ၀ဒေသ ပန်ဆိုင်းမြို့ရှိ တရုတ်စာဖြင့် ဆိုင်းဘုတ်တင်ထားသည့် (ထိုဒေသအခေါ် ဆော်ခန်း) ပြည့်တန်ဆာလုပ်စားသောနေရာသို့ ရောင်းစားခံရပြီး ၂၀၁၈ ခုနှစ် ဧပြီလတွင် အင်းတော်ကြီးဒေသသို့ ပြန်လည်ရောက်ရှိလာခြင်းဖြစ်သည်။

တရုတ်နိုင်ငံသို့ လူကုန်ကူးခံရသည်မှာ မနှင်းနှင်းအေးတစ်ယောက်ထဲတော့ မဟုတ်။ ၂၀၁၇ ခုနှစ်အတွင်းတွင် မြန်မာတစ်နိုင်ငံလုံးတွင် အမှုပေါင်း ၂၂၄ မှုရှိပြီး လူကုန်ကူးခံရသူ ၃၅၅ ဦးရှိခဲ့ကာ တရုတ်နိုင်ငံသို့ လူကုန်ကူးသည့်အမှုသည် ၁၆၂ မှု ထိရှိခဲ့ကြောင်း လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့၏ စာရင်းများအရ သိရသည်။

၂၀၁၈ ခုနှစ် ဇန်နဝါရီလမှ မတ်လအထိတွင် လူကုန်ကူးခံရမှု ၆၁ မှုဖြစ်ပြီး လူကုန်ကူးခံရသူ စုစုပေါင်း ၈၉ ဦးတွင် အမျိုးသမီး ၇၄ ဦး၊ အမျိုးသမီးငယ်လေးဦးပါဝင်ကာ တရားခံစုစုပေါင်း ၁၇၇ ဦးနှင့် ယင်းအမှုများတွင် တရုတ်နိုင်ငံသို့ အဓမ္မ လက်ထပ်စေခိုင်းရန် ၄၅ ဦး ပါဝင်ကြောင်း ယင်းရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

“လူကုန်ကူးခံရတဲ့ မိန်းကလေးအများစုဟာ ဘ၀ရပ်တည်ရေး ခက်ခဲတဲ့သူတွေများတယ်။ ပွဲစားတွေကလည်း အဲလိုမိန်းကလေးတွေကို ပစ်မှတ်ထားလာကြတယ်။ ကျွန်တော်တို့အနေနဲ့လည်း ဖော်ထုတ်ဖမ်းဆီးမှုတွေကို ဦးစားပေး လုပ်ဆောင်နေပါတယ်” ဟု လူကုန်ကူးမှုတားဆီးနိမ်နှင်းရေး ရဲတပ်ဖွဲ့မှ ရဲမှူးသက်ခိုင် က ဆိုသည်။

လက်ရှိတွင် ရှမ်းပြည်နယ်အတွင်းတွင် ဘာသာရေးအဖွဲ့အစည်းများနှင့် လူမှုရေးအသင်းအဖွဲ့များက လူကုန်ကူးမှုကာကွယ်တားဆီးရေးဆိုင်ရာများကို ရဲတပ်ဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြသော်လည်း လိုအပ်ချက်များရှိနေသေးကြောင်း ၎င်းကဆိုသည်။

မနှင်းနှင်းအေးကို စစ်တိုင်းတိုင်းဒေသကြီးအထက်ပိုင်း အင်းတော်မြို့ရှိ နေအိမ်တစ်အိမ်တွင် ကလေးထိန်းလုပ်ရန်အတွက် ခန္ဓာကိုယ်ပိန်ပိန်သွယ်သွယ်ဖြင့် အသက် ၂၇ နှစ်ဝန်းကျင်အရွယ်ရှိ မနွေးဟုအမည်ရသော အမျိုးသမီးက လာရောက်ခေါ်ယူသည်။ ထို့နောက် ၀ဒေသ ပန်ဆိုင်းဆော်ခန်းသို့ ရောက်သွားခြင်းဖြစ်သည်။ ယင်းအလုပ်ကို တစ်လလျှင် သုံးသောင်းကျပ်ဖြင့် လုပ်ကိုင်ရမည်ဖြစ်ကာ သုံးလခန့်ကြာလျှင် လစာငါးသောင်းရမည်ဖြစ်သော်လည်း ကလေးထိန်းမကောင်းမွန်ပါက အိမ်ပြန်ပို့ပေးမည်ဖြစ်ကြောင်း မနွေးဆို သူကပြောဆိုခဲ့ကြောင်း မနှင်းနှင်းအေးမိခင်က ပြောပြသည်။

“တောမှာ ငါးသောင်းဆိုတဲ့ ပိုက်ဆံက တန်ဖိုးရှိတယ်လေ။ ဒါကြောင့် လုပ်ခိုင်းခဲ့တာပါ။ ဒီလိုဖြစ်မယ်မှန်း မသိခဲ့ဘူးလေ” ဟု ၎င်းကဆိုသည်။

မနှင်းနှင်းအေးကို မနွေးဆိုသည့်အမျိုးသမီးက ရန်ကုန်မြို့တော် မြောက်ဥက္ကလာမြို့နယ်အတွင်းရှိ အခန်းတစ်ခန်းတွင် လေးရက်ခန့် တံခါးပိတ်သော့ခတ်ထားပြီး အစားသောက်များကျွေးထားကာ အမျိုးသားသုံးဦးခန့် စောင့်ကြပ်ထားသည်။ ထို့နောက် ရန်ကုန်မှတစ်ဆင့် လားရှိုးသို့ ကားဖြင့်သွားရောက်ခဲ့သည်။ ထိုခရီးတွင် မနွေးဆိုသူက မလိုက်လာတော့ဘဲ ထိုအမျိုးသားများဖြင့်သာသွားခဲ့ပြီး လားရှိုးမှ ၀ဒေသသို့ မည့်သို့ရောက်ရှိသွားသည်ကို သူမသိလိုက်ရပေ။

“လားရှိုးအဝင်မှာ မေ့ဆေးပေးပြီး ခေါ်လာတာလို့ နောက်မှသိလိုက်တာ” ဟု သူမက ခေါင်းလေးငုံကာပြောပြသည်။

ဝကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပန်ဆိုင်းမြို့တွင် တရုတ်စာများ ရေးသားထားသည့်ဆိုင်သို့ မနှင်းနှင်းအေးရောက်ရှိချိန်တွင် ကြောင်တောင်တောင် ဖြစ်နေသေးသည်။ ဆိုင်၏အမျိုးသမီးခေါင်းဆောင်ဆိုသူက သူ့ကို နေစရာနေရာများချပေးပြီး သုံးရက်ခန့် မည်သည့်အလုပ်မှမလုပ်ဘဲ အေးအေးဆေးဆေးနေခိုင်းသည်။ သူမကဲ့သို့ပင် မြန်မာအမျိုးသမီးလေးဦးလည်း ရောက်လာသည်။ လေးရက်မြောက်နေ့တွင် အမျိုးသားများကို ပြုစုကာနေပေးရမည်ဖြစ်သောကြောင့် ဆိုင်လာသည့်ဖောက်သည်များကို မျက်နှာပျက်အောင်မလုပ်ကြရန် ထိုအမျိုးသမီးက သင်ကြားပေးပြီး အလုပ်လုပ်ကိုင်မှု အဆင်မပြေပါက အရိုက်ခံရမည်ဖြစ်သည်။

ယင်းဆော်ခန်းတွင် မနှင်းနှင်းအေး တစ်လလျှင် တရုတ်ငွေ နှစ်ထောင်ဝန်းကျင် (မြန်မာငွေ လေးသိန်းကျော်) ရရှိခဲ့သည်။ တရုတ်နယ်စပ်တွင် နေထိုင်သူတို့၏ အဆိုအရမူ စားသောက်ဆိုင်တွင် စားပွဲထိုးလုပ်သူတို့ပင် လစာနှစ်သိန်းဝန်းကျင်နှင့် တရုတ်စာ တရုတ်စကားကျွမ်းကျင်မှသာ တစ်လငါးသိန်း၊ ခြောက်သိန်းခန့် ရရှိကြသည်။

ထိုသို့နေထိုင်ခဲ့ရမှုတွင် လိင်ပိုင်းဆိုင်ရာစော်ကားခံခဲ့ရသည့် ဖြစ်စဉ်များလည်းရှိကြောင်း မနှင်းနှင်းအေးကဆိုသည်။

သူမမှာကြောက်ကြောက်နှင့် သူတို့ပြောတဲ့အတိုင်းသာလုပ်ခဲ့ရပြီး အိမ်နှင့်အဆက်အသွယ်ရရန်သာ ကြိုးစားခဲ့သည်။ သို့သော် လွယ်လွယ်နှင့်တော့ မရပေ။ ပြေးရန်မဖြစ်နိုင်ပေ။ သူမရောက်ပြီး လအနည်းငယ်အကြာတွင် ထိုဆော်ခန်းမှ အမျိုးသမီးနှစ်ဦးထွက်ပြေးရာ ပြန်မိသဖြင့် ရိုက်နှက်နေသည်ကို မြင်ပြီးနောက်ပိုင်း ပြေးရန် မစဉ်းစားတော့ဟု သူမကပြောပြသည်။

“မပြေးကြဖို့ ကောင်မလေးတွေ အကုန်လုံးကို အစ်မ (အမျိုးသမီးခေါင်းဆောင်) က အမြဲမှာတယ်” ဟုလည်း သူမကဆိုသည်။

ထိုအချိန်တွင် အိမ်ကမိဘများကလည်း အဆက်အသွယ်ပြတ်တောက်သွားသည့်အတွက် စိတ်ပူအရူးမီးဝိုင်းဖြစ်ကာ နှင်းနှင်းအေးကို ခေါ်ဆောင်သွားသူ မနွေးပေးထားသော လိပ်စာအတိုင်း အင်းတော်မြို့က ကလေးထိန်းလုပ်ပေးရမည့်အိမ်သို့လည်း လိုက်သွားသော်လည်း မတွေ့ရပေ။ ထို့ကြောင့် ၂၀၁၇ ဩဂုတ်လ ၄ ရက်နေ့တွင် သတင်းစာမှတစ်ဆင့် လူပျောက်ကြေညာခဲ့သည်။ ရဲစခန်းတွင် အမှုဖွင့်ထားသည်။

“သူ့ကို တတ်နိုင်သလောက် လိုက်ရှာတယ်။ အဲဒီအချိန်တုန်းကဆို နေ့တိုင်း ငိုခဲ့ရတယ်” ဟု မိခင်ဖြစ်သူက ပြန်ပြောင်း ပြောပြသည်။

မနှင်းနှင်းအေးသည် ပန်ဆိုင်းရှိ ဆော်ခန်းတွင် ကြိတ်မှိတ်လုပ်ကိုင်ရင်း လေးလခန့်တွင် ဧည့်သည်တစ်ဦးထံမှ ဖုန်းဆက်ချင်ကြောင်း မြူဆွယ်ပြောဆို၍ အိမ်သို့ဖုန်းဆက်လိုက်သည်။ ဖုန်းရသော်လည်း သူပြောလိုသည့်နေရာကို အတိအကျမပြောတတ်ပေ။ လာရှိုးမြို့ အထွက်ရှိ ဆီဆိုင်ဟုသာ ပြောဆိုလိုက်ရပြီး ဖုန်းပြတ်တောက်သွားသည့်အတွက် သူမ၏ မိဘများသည် လားရှိုးမြို့သို့ သွားရောက်စုံစမ်းသော်လည်း သတင်းမရဘဲ ‘သွားမော’ ဖြစ်ကာ ပြန်လာခဲ့ရသည်။

ထို့နောက် သူမသည် ဆော်ခန်းတွင် အမျိုးသားပေါင်းများစွာအတွက် စိတ်ဖြေစေရန် အလုပ်လုပ်ကိုင်ရင်း တရုတ်စကား အနည်းငယ်ပြောတတ်အောင် လေ့ကျင့်ခဲ့သည်။ တရုတ်စကားအနည်းငယ် ပြောတတ်လာသောအခါ တရုတ်အမျိုးသားတစ်ဦးနှင့်သာ ပင်တိုင်နေပေးရသည်။

“သူ့မိန်းမ (ဇနီး) လို့တော့ ပြောတာပဲ။ သူလည်း အဲဒီမှာပဲလာနေတယ်။ သူနဲ့ပဲနေရတယ်။ ကျွန်မဆော်ခန်းကိုရောက်ကတည်းက အိမ်ကိုပဲပြန်ချင်တာ။ အဲဒါကြောင့် ရအောင်ပြန်ခဲ့တာ” ဟု သူမကပြောပြသည်။

အနေကြာလာသည့်အခါ တရုတ်အမျိုးသားကလည်း ယုံကြည်လာသည့်အတွက် သူမကလည်း အိမ်ကိုသတိရသည်များကို ထိုတရုတ်လူမျိုးကို မကြာခဏ ပြောပြသည်။၂၀၁၈ ခုနှစ် မတ်လပိုင်းတွင် အိမ်နှင့် ဖုန်းဆက်ခွင့်ရလာသည်။ ဧပြီလ ၈ ရက်နေ့တွင်မူ မောင်လေးကို ရှင်သာမဏေဝတ်ရန် ရှင်ပြုပွဲလုပ်ပေးမည်ဖြစ်သောကြောင့် အိမ်ခဏပြန်မည်။ ရှင်ပြုပွဲပြီးသည်နှင့် ပြန်လာမည်ဟု တရုတ်အမျိုးသားကို အယုံသွင်းလာနိုင်ခဲ့သည်။

“နှစ်ရက်သုံးရက်နေခိုင်းပြီးရင် ပြန်ပို့ပေးမယ်လို့ သမီးတို့ အစ်မခေါ်တဲ့သူကို အာမခံလိုက်တော့ ပြန်ရောက်လာတာပါ” ဟု မိခင်ဖြစ်သူကဆိုသည်။

ပန်ဆိုင်းမှ ကချင်ပြည်နယ် အင်းတော်ကြီးဒေသဆီ ပြန်မည်ဆိုသော်လည်း မည်သို့ပြန်ရမည်မသိ။ ၀ဒေသ ပန်ဆိုင်းမှ လားရှိုးထိ ကားတစ်စီးပေါ် တင်ပေးလိုက်ပြီး လာရှိုးရောက်လာသည့်အချိန်တွင် သူစီးရမည့် ကားဂိတ်လိပ်စာကတ်လေးကိုင်ကာ ဟိုမေးဒီမေးဖြင့်ရောက်ရှိပြီး မန်းလေးသို့ရောက်ရှိလာကာ ထိုမှတစ်ဆင့် အင်းတော်ကြီးဒေသရှိ မိခင်ရင်ခွင်ဆီသို့ ပြန်ရောက်ရှိလာတော့သည်။

မနှင်းနှင်းအေးကဲ့သို့ပင် ၀ပြည် ပန်ဆိုင်းရှိ ဆော်ခန်းများတွင် အလုပ်လုပ်နေရသော အမျိုးသမီး မည်မျှရှိမည်နည်း။

ဝကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသသို့ ရောက်ရှိခဲ့ဖူးသည့် သတင်းထောက်တစ်ဦးကမူ ၀ဒေသရှိ ဘီယာဆိုင်များတွင် စားပွဲဝိုင်းသို့ မိန်းကလေးများလာရောက်ထိုင်ပေးပြီး အတူတူအိပ်စက်မည်ဆိုပါက တရုတ်ငွေ ယွမ် ၁၀၀ ပေးရကြောင်း၊ ဗမာတန်းဟုခေါ်သည့်နေရာရှိပြီး ရခိုင်ပြည်နယ်ကပင် ပါဝင်ကြောင်း မှတ်ချက်ပေးသည်။

မနှင်းနှင်းအေးကမူ ကချင်ပြည်နယ် အင်းတော်ကြီးဒေသ နန့်မတဲကျေးရွာနေအိမ်သို့ အဝတ်သေတ္တာနှင့် စလင်းဘတ်လွယ်အိတ်လေးလွယ်ကာ ပြန်ရောက်လာခဲ့ပြီဖြစ်သည်။သူမ၏အိတ်ထဲတွင်တော့ ၀ဒေသ ပန်ဆိုင်းဆော်ခန်းမှ ကွန်ဒုံးများသာ ပါလာခဲ့သည်။

သူမရောက်ရောက်ချင်း အမေဖြစ်သူက စလင်းဘတ်အိတ်ကိုဖွင့်ကြည့်လိုက်သည့်အချိန် ကွန်ဒုံးများတွေ့လိုက်ရသည့်အခါ ယူကျုံးမရ ဝမ်းနည်းလာကာ မျက်ရည်များ တဖြိုင်ဖြိုင်ကျဆင်းလာတော့သည်။

ခြေတံရှည်အိမ်၏ အောက်ထပ်တွင် ကြက်မကြီးသည် သူသားသမီးတစ်အုပ်ကို အစာရှာဖွေပေးနေပြီး အန္တရာယ်ကင်းစေရန် ခေါင်းလေးထောင်ကာ ဘေးဘယ်ဝဲယာကြည့်လျက် စောင့်ကြပ်ကာ ဘေးကင်းရာလယ်ကွင်းများကို တဖြည်းဖြည်း ဦးဆောင်ထွက်ခွာသွားလေတော့သည်။ 

မင်းထက်စံ

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *