ဦးကြီးတို့သောကအတွက် အပူငြိမ်းဆေး

တောင်သူတို့သောကကို ငြိမ်းအေးစေသည့်စနစ်က မြေစမ်းခရမ်းပျိုးနေဆဲဖြစ်သည်။

ယင်းစနစ်ကား လယ်ယာသီးနှံ အာမခံစနစ်ဖြစ်သည်။ မမျှော်မှန်းနိုင်သော သဘာဝဘေးအန္တရာယ်ကြောင့် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများ ထိခိုက်ပျက်စီးမှုကို တုံ့ပြန်နိုင်ရန် ကမ္ဘာ့နိုင်ငံများက သီးနှံအာမခံစနစ်ဖြင့် ကာကွယ်ထားသည်။

လယ်ယာစိုက်ပျိုးရေး အခြေခံနိုင်ငံဖြစ်ပြီး သဘာဝဘေးအန္တရာယ်ထိခိုက်နိုင်ခြေ အမြင့်ဆုံး မြန်မာနိုင်ငံတွင်မူ အဆိုပါ လယ်ယာသီးနှံအာမခံစနစ် ပီပီပြင်ပြင် မရှိသေးပေ။ မြန်မာအစိုးရသည် ယင်းစနစ်အကောင်အထည်ဖော်မည်ဖြစ်ကြောင်း လွန်ခဲ့သည့်တစ်နှစ်က ကတိပြုထားသော်လည်း လုပ်ငန်းမတွင်ဘဲရှိသည်။

“ကျွန်တော်တို့နိုင်ငံက သဘာဝဘေးဒဏ်ကို အမြဲတမ်းခံရတဲ့ ဒေသတွေဖြစ်တော့ ဒီအာမခံလုပ်ငန်းစဉ်တွေ မပေါ်သေးသရွေ့  စိုက်ပျိုးတဲ့နေရာမှာ အခက်အခဲတွေတော့ အများကြီးရှိမှာပေါ့။ သဘာဝဘေးကြောင့် စိုက်ပြီးပျက်စီးသွားရင် စိုက်ပျိုးစရိတ်ပြန်မရဘူး” ဟု လယ်ဝေးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမျိုးဇော်ဦး က ဆိုသည်။

၎င်းသည် လယ်ယာသီးနှံအာမခံစနစ် အကောင်အထည်ဖော်ရန် လွန်ခဲ့သည့်တစ်နှစ်က ပြည်သူ့လွှတ်တော်တွင် အဆိုတင် ဆွေးနွေးခဲ့သူဖြစ်သည်။ ထိုစဉ်က စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးလှကျော်က ယင်းစနစ်အကောင်အထည်ဖော်မည်ဟု အတည်ပြုထားသည်။

ဒေသအတွင်းနိုင်ငံများဖြစ်သည့် အိန္ဒိယ၊ မလေးရှား၊ ထိုင်း၊ ဗီယမ်နမ်နိုင်ငံတို့သည် ယင်းစနစ်ရှိနေပြီဖြစ်သည်။

တစ်နှစ်လျှင် မုန်တိုင်း ၁၀ ခုခန့် ဝင်ရောက်လေ့ရှိသည့် ဖိလစ်ပိုင်နိုင်ငံတွင် သီးနှံအာမခံစနစ်ကို ၁၉၈၁ ခုနှစ်ကတည်းက စီမံဆောင်ရွက်ခဲ့သည်။ ကမ္ဘောဒီးယားနိုင်ငံသည်လည်း ၂၀၁၅ ခုနှစ် ဇူလိုင်လ လယ်ပိုင်းတွင် သီးနှံအာမခံစနစ်ကို စမ်းသပ်ခဲ့ပြီးနောက်ပိုင်းတွင် လုပ်ငန်းလည်ပတ်လျက်ရှိသည်။

ပထမခြေလှမ်း

ယင်းသီးနှံအာမခံစနစ်အစီမံကို စမ်းသပ်ရန် မြန်မာနိုင်ငံသည်လည်း ခြေလှမ်းစနေပြီဖြစ်သည်။

“Global World အာမခံကုမ္ပဏီက ပြည်နယ်နှင့်တိုင်းလေးခုမှာ စပြီးတော့ Pilot Project (ရှေ့ပြေးစီမံချက်) အနေနဲ့လုပ်နေတာတွေ့ရတယ်။ ထပ်မံပြီး ကျယ်ကျယ်ပြန့်ပြန့်လုပ်ဖို့ကတော့ လွှတ်တော်ပြန်ဖွင့်တဲ့အခါကျရင် လွှတ်တော်အခွင့်အရေးကော်မတီကနေ သက်ဆိုင်ရာဝန်ကြီးဌာနတွေကို တိုက်တွန်းဖို့ရှိတယ်” ဟု ၎င်းကဆိုသည်။

ပြည်တွင်းပုဂ္ဂလိက အာမခံလုပ်ငန်းတစ်ခုဖြစ်သည့် Global World Insurance သည် ရန်ကုန်၊ မန္တလေး၊ ဧရာဝတီနှင့် မကွေးတိုင်းဒေသကြီးတို့တွင် စမ်းသပ်သုတေသနပြုမည်ဖြစ်သည်။ ၂၀၁၈ ခုနှစ် ဇန်နဝါရီ ၃၁ ရက်တွင် အာမခံလုပ်ငန်းကြီးကြပ်ရေးအဖွဲ့ထံမှ ယင်းစနစ် စမ်းသပ်လုပ်ကိုင်ခွင့်ရသည်။

ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့နယ်ရှိ မိုးစပါးသီးနှံစိုက်ခင်းများတွင် ကနဦးစမ်းသပ်မည်ဖြစ်ပြီး အာမခံသက်တမ်းတစ်နှစ်၊ ပရီမီယံကြေး နှစ်ရာခိုင်နှုန်း သို့မဟုတ် ၂ ဒသမ ၅ ရာခိုင်နှုန်း သတ်မှတ်ထားသည်။

ပြည်ထောင်စုစာရင်းစစ်ချုပ်၏ ကိန်းဂဏန်းအရ စပါးတစ်ဧကလျှင် ၆၃ တင်းထွက်သည်။ ယင်းအထွက်နှုန်းကို အစိုးရက တရားဝင်သတ်မှတ်သော အခြေခံကြမ်းခင်းစပါးဈေးနှုန်းဖြင့်တွက်ချက်လျှင် တစ်ဧက ပရီမီယံကြေးပမာဏသည် ၅၀၀၀ ကျပ်ခန့်ဖြစ်သည်။

တောင်သူများသည် အကြမ်းဖျင်းအားဖြင့် တစ်ဧကလျှင် ကျပ် ၅၀၀၀ ဖြင့် သီးနှံအာမခံထားနိုင်သည်။

ရာသီဥတုဖောက်ပြန်မှုကြောင့် အထွက်နှုန်းကျဆင်းပါက လျော့နည်းသည့်သီးနှံပမာဏကို အာမခံကုမ္ပဏီက ပေးလျော်မည်ဖြစ်သည်။ ဧရာဝတီတိုင်းတွင် ပုံမှန်မိုးရေချိန် တစ်နှစ်လျှင် လက်မ ၈၀ ခန့်ရှိပြီး ယင်းပမာဏထက် ပိုမိုရွာသွန်းခြင်းကြောင့် အထွက်နှုန်းကျဆင်းပါက လျော်ကြေးပေးမည်ဖြစ်သည်။

“ရာသီဥတု ဆိုးရွားဖောက်ပြန်လို့ လျော်ကြေးပေးတာပေါ့။ မိုးရေချိန်လက်မက ပုံမှန်ရွာနေတယ်။ အထွက်နှုန်းကျသွားတယ်ဆို မပေးဘူး” ဟု Global World Insurance ကုမ္ပဏီ၏ဒါရိုက်တာ ဦးစိုးဝင်းသန့် က ရှင်းပြသည်။

ဒေသဆိုင်ရာ စိုက်ပျိုးရေးဦးစီးဌာန၊ မိုးလေ၀သဌာနများထံမှ စာရင်းအချက်အလက်များဖြင့်ရယူ၍ ပရီမီယံကြေး၊ လျော်ကြေးများကို သတ်မှတ်မည်ဖြစ်သည်။ ဟင်္သာတမြို့နယ်အပြင် လပွတ္တာမြို့နယ်တွင်စတင်ရန် ပြင်ဆင်ထားကြောင်းလည်း ၎င်းကပြောကြားသည်။

Global World Insurance ကုမ္ပဏီသည် သီးနှံအာမခံစနစ်ပြေးလမ်းသို့ ခြေဦးချသည်။ နိုင်ငံတော်ပိုင် မြန်မာ့အာမခံလုပ်ငန်းကလည်း သီးနှံအာမခံစနစ်ဆောင်ရွက်ရန် ရှေ့ပြေးစီမံချက်တစ်ခု ယခုနှစ်တွင်စတင်ရန် ပြင်ဆင်နေကြောင်း မြန်မာ့အာမခံလုပ်ငန်းထံမှ သိရသည်။

သီးနှံအာမခံနှင့်ပတ်သက်၍ မြန်မာ့လယ်ယာစီးပွားရေး အများပိုင်ကော်ပိုရေးရှင်း (MAPCCO) နှင့် အမေရိကန်အခြေစိုက် Syngenta Foundation for Sustainable Agriculture (SPSA) တို့ပူးပေါင်း၍ ၂၀၁၆ ခုနှစ် မြန်မာနိုင်ငံတွင် စမ်းသပ်ရန် စီစဉ်ဖူးသည်။ သို့သော် နောက်ဆက်တွဲလုပ်ငန်းများ ဆောင်ရွက်မှုမရှိပေ။

သုတေသနအစီအစဉ်များတွင် အာမခံကုမ္ပဏီများ ကျယ်ကျယ်ပြန့်ပြန့် ပါဝင်လာရန်လိုသလို လက်တွေ့လုပ်ငန်း မြန်မြန်ဆန်ဆန်လည်ပတ်နိုင်ရန်လိုသေးကြောင်း ဦးမျိုးဇော်ဦးကဆိုသည်။ အဘယ်ကြောင့်နည်း။

အရေးပေါ်လိုအပ်ချက်

မြန်မာလယ်သမားများ စိုက်ပျိုးသော မိုးသီးနှံစိုက်ခင်းများသည် နှစ်စဉ်လိုလို ရေကြီးရေလွှမ်းဒဏ်ခံရသည်။ ဖောက်လွဲဖောက်ပြန်ဖြစ်လာသော ရာသီဥတုသည် တောင်သူဦးကြီးတို့၏ ပင်မကျောရိုးအသက်မွေးဝမ်းကျောင်းလုပ်ငန်း စိုက်ပျိုးရေးကို အန္တရာယ်ပြုသည်။

ရေကြီးရေလွှမ်းမှု၊ မိုးခေါင်ရေရှားမှု အမျိုးမျိုးသောသဘာဝဘေးအန္တရာယ်များကြောင့် မြန်မာနိုင်ငံ၏ ကျေးလက်နေလူထု၏ လူမှုစီးပွားဘ၀များကိုလည်း ထိခိုက်ပျက်စီးသည်။ စိုက်ပျိုးရေးကဏ္ဍသည် နိုင်ငံပြည်တွင်းထုတ်လုပ်မှု စုစုပေါင်းတန်ဖိုးတွင် ၂၃ ရာခိုင်နှုန်းခန့်ရှိပြီး စုစုပေါင်းလူဦးရေ၏ သုံးပုံနှစ်ပုံခန့်နှင့် ပတ်သက်ဆက်နွှယ်သဖြင့် လယ်ယာစိုက်ပျိုးရေးကဏ္ဍထိလျှင် တိုင်းပြည်စီးပွားရေးတိုးတက်မှုကိုပါထိသည်။

၂၀၁၅-၁၆ ဘဏ္ဍာနှစ်တွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အနှံ့ ရေကြီးရေလွှမ်းသဖြင့် စီးပွားရေးတိုးတက်နှုန်း နှေးကွေးခဲ့သောကြောင့် ကမ္ဘာ့ဘဏ်နှင့် အာရှဖွံ့ဖြိုးရေးဘဏ်တို့က အကဲဖြတ်ခဲ့သည်။

လယ်သမားအိမ်ထောင်စုအလိုက် သီးနှံစိုက်ခင်းများ၊ သိုလှောင်ရုံအတွင်းရှိ မျိုးစေ့များပျက်စီးဆုံးရှုံးခဲ့သည်။ လယ်ယာသီးနှံအာမခံစနစ်သည် သဘာဝဘေးကို အပြည့်အဝမတွန်းလှန်နိုင်သော်လည်း လျော့ပါးသက်သာစေမည့် အစီအမံတစ်ခုဖြစ်ကြောင်း စိုက်ပျိုးရေးလုပ်ငန်းရှင်များက ပြောဆိုကြသည်။

“ရှိတာကတော့ ကောင်းတာပေါ့။ (ဒီစနစ်) မရှိတော့ တစ်ယောက်နဲ့တစ်ယောက် ဒုက္ခရောက်ရင် မကူနိုင်ဘူး။ အာမခံလုပ်ငန်းက အကျိုးရှိတာလည်းရှိမယ်။ တချို့ဟာတွေက အများအတွက် လုပ်ပေးရမှာလည်းရှိတယ်။ တောင်သူလယ်သမားတွေကို (သီးနှံအာမခံ) ထားမယ်ဆိုရင်တော့ အာမခံကုမ္ပဏီတွေအတွက် Risk များမှာတော့ သေချာတယ်” ဟု မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် ဗဟိုအလုပ်အမှုဆောင် ဦးသောင်းဝင်း က ဆိုသည်။

ထို့ကြောင့်လည်း ကမ္ဘာ့နိုင်ငံများတွင် အစိုးရကဦးဆောင်ပြီး သီးနှံအာမခံစနစ်ကို ဦးဆောင်အကောင်အထည်ဖော်သည်။ စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်သူများကလည်း စိုက်ပျိုးသောသီးနှံစိုက်ခင်းများကို ပရီမီယံကြေးများပေးသွင်း၍ အာမခံထားကြသည်။

ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (FAO) ၏ စာရင်းများအရ ၂၀၀၁ ခုနှစ်တွင် တစ်ကမ္ဘာလုံး၏ စိုက်ပျိုးရေးနှင့် သစ်တောကဏ္ဍ အာမခံပရီမီယံကြေးသည် အမေရိကန်ဒေါ်လာ ၆ ဒသမ ၅ ဘီလီယံရှိကြောင်း သိရသည်။

အာမခံထားသောနိုင်ငံများသည် ဖွံ့ဖြိုးပြီးနိုင်ငံများဖြစ်ပြီး မြောက်အမေရိက၊ အနောက်ဥရောပမှ ဩစတြေးလျနှင့် နယူးဇီလန်နိုင်ငံတို့သည် အများဆုံးဖြစ်သည်။ သီးနှံအာမခံလုပ်ငန်းသည် ဖွံ့ဖြိုးတိုးတက်နေပြီး ထုတ်ကုန်သစ်များလည်း ဖြစ်ထွန်းကြောင်း FAO က သုံးသပ်ထားသည်။

ယခုမှစတင်မည့် မြန်မာနိုင်ငံအတွက်မူ စိန်ခေါ်မှုများ ဝန်းရံနေသည်။

ဧရာဝတီတိုင်း လေးမျက်နှာမြို့မှ ရေလွှမ်းမိုးမှုကြောင့် ပျက်စီးသွားသော လယ်ယာမြေများကို တွေ့ရစဉ်။

စိန်ခေါ်မှု

အကြီးမားဆုံးအခက်အခဲက ကိန်းဂဏန်းအချက်အလက်များ တိတိကျကျ ကောက်ယူနိုင်ရေးဖြစ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန် ဦးမျိုးတင့်ထွန်း က ဆိုသည်။ ယင်းအတွက် အစိုးရဌာနဆိုင်ရာများ ပူးပေါင်းပါဝင်ရန်လိုကြောင်း ၎င်းကဆိုသည်။

ထို့အပြင် သီးနှံအာမခံစနစ်အပေါ် တောင်သူကိုယ်တိုင် နားလည်သဘောပေါက်မှုရှိရန်ဖြစ်သည်။ အချို့တောင်သူများမှာမူ ယင်းစနစ်ကို မသိရှိသေးပေ။

၂၀၁၇ ခုနှစ် ဇူလိုင်လက ပုဂ္ဂလိက အာမခံကုမ္ပဏီများသို့ လုပ်ပိုင်ခွင့်ပြုလိုက်သည့် တောင်သူလယ်သမား အသက်အာမခံသည်ပင် နိုင်ငံအနှံ့တောင်သူများကို မလွမ်းခြုံနိုင်သေးပေ။

“အဓိကက Awareness (သဘောပေါက်ဖို့) ပဲ။ ဒီအာမခံစနစ်ထားမယ့်သူက တောင်သူတွေ။ သူတို့ကိုယ်တိုင် လိုလိုလားလား လက်ခံကျင့်သုံးဖို့လိုတာ။ ဘာလို့လဲဆိုတော့အာမခံဆိုတာ အပေးအယူရှိတယ်။ အာမခံ စပြီဆိုကတည်းက ပရီမီယံကသွင်းရတော့မှာ။ ပျက်တော့သာလျော်ကြေးလိုချင်ပြီး ပရီမီယံကထည့်ချင်မှထည့်မှာလေ” ဟု ၎င်းကဆိုသည်။

နေ့စဉ်မိုးလေ၀သ အညွှန်းကိန်းများ၊ မည်သို့သော ရာသီဥတုအခြေအနေအတွက် သီးနှံလျော်ကြေးပေးမည်ဟူသည့် အကဲဖြတ်ဆန်းစစ်ချက် စည်းမျဉ်းစည်းကမ်းများ ရှင်းလင်းတိကျရန်လိုသည်။

အာမခံကုမ္ပဏီနှင့် အာမခံထားသူကြား နှစ်ဖက်လိုက်နာရမည့် စည်ကမ်းသတ်မှတ်ချက်များ တိတိကျကျ ပြဋ္ဌာန်းရန်လိုအပ်သည်။ လက်ရှိတွင် သီးနှံအာမခံစနစ် စမ်းသပ်လုပ်ကိုင်ခွင့်ပြုထားသော်လည်း သီးနှံအာမခံဥပဒေ သီးခြား မပြဋ္ဌာန်းရခြင်းကလည်း စိန်ခေါ်မှုတစ်ခုဖြစ်ကြောင်း ဦးစိုးဝင်းသန့် က ဆိုသည်။

ထို့ကြောင့် မြေပြင်လုပ်ငန်း စတင်ရာတွင် အငြင်းပွားမှုရှိနိုင်သည်။

ယင်းစနစ်အောင်မြင်ရန် အစိုးရကိုယ်တိုင် ဦးဆောင်ပါဝင်ရန်လိုပြီး အမျိုးသား သီးနှံအာမခံကော်မတီတစ်ရပ် ဖွဲ့ စည်းကြီးကြပ်ရန်လိုကြောင်း ၎င်းကအကြံပြုသည်။ ကော်မတီတွင် အစိုးရဝန်ကြီးဌာနဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် ပညာရှင်များစုဖွဲ့ပါဝင်ရမည်။

“ဦးဆောင်ကော်မတီဖွဲ့ပြီး စတင်လိုက်မှဖြစ်မယ်။ ဒီအတိုင်းချည်းသွားရင်တော့ မျောနေမှာပဲ။ ခရီးမရောက်ဘူး” ဟု ဦးစိုးဝင်းသန့် က ဆိုသည်။

မည်သို့ဆိုစေ သီးနှံအာမခံစနစ်သည် အမှန်လိုအပ်နေသော စနစ်ဖြစ်သည်။ သို့သော် အောင်မြင်မည်ဟု မည်သူမျှ အာမမခံနိုင်ပေ။ မုတ်သုံဝင်တိုင်း ရေကြီးရေလွှမ်းတတ်သည့် အခြေအနေကြောင့် အာမခံကုမ္ပဏီများ ထိတ်လန့်ကြသည်။

အခြားတစ်ဖက်တွင်လည်း လယ်သမားများ၏ သီးနှံအာမခံစနစ်အပေါ်  စိတ်ဝင်စားမှုကိုပါ ထည့်တွက်ရမည်ဖြစ်သည်။ လှည်းကူးမြို့နယ်မှ လယ်ဧက ၃၀ ခန့်စိုက်ပျိုးသူ ဦးဌေးနိုင်က သီးနှံအာမခံစနစ်ကိုမသိ။ စိုက်ခင်းကိုအာမခံထားရန် စိတ်မဝင်စားပေ။

၎င်းစိုက်ပျိုးသောလယ်ယာများသည် ရေကြီးမှုကြုံရသော်လည်း ဆိုးရွားစွာ မပျက်စီးကြောင်းပြောသည်။ ယင်းအာမခံသည် ရာသီဥတုဆိုးရွားစွာကြုံတွေ့ရသော တောင်သူလယ်သမားများက ပိုမိုစိတ်ဝင်စားမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

“အာမခံကြေးတွေ ဘာတွေပေးရမယ်ဆိုရင်တော့ ဒီကတောင်သူတွေက စိတ်ပါမှာမဟုတ်ဘူး” ဟု ၎င်းကဆိုသည်။

ဧရာဝတီတိုင်းဒေသကြီးတွင်မူ အဆိုပါစနစ်ကို စိတ်ဝင်စားကြသည်။ ရေကြီးရေးလွှမ်းမှုကြောင့် ပျက်စီးသော သီးနှံအာမခံအပြင် ခရု၊ သီးနှံဖျက်ပိုးအန္တရာယ်တို့ကြောင့် ပျက်စီးသည့် သီးနှံများကိုလည်း အာမခံထားနိုင်ရန် မျှော်လင့်ကြသည်။

သဘာဝဘေးသည် ကြိုတင်မမြင်နိုင်ပေ။ ဘာမဆိုဖြစ်လာနိုင်သည်။ ယခုနှစ် ဇွန်လအတွင်း ဖြစ်ပေါ်ခဲ့သည့် မိုးကြီးမှုကြောင့် မွန်ပြည်နယ်တွင် အဆိုးရွားဆုံး ရေကြီးမှုဒဏ်ခံရသည်။ တစ်နိုင်ငံလုံးတွင် သီးနှံစိုက်ဧက နှစ်သိန်းခုနစ်သောင်း ရေမြုပ်ခဲ့သည်။ နှမ်းသီးနှံဧက ငါးသောင်းကျော်ပျက်သည်။

လယ်သမားများ တစ်ဦးတစ်ယောက်ချင်း၏ စိုးရိမ်မှုဒီဂရီအလိုက် သီးနှံအာမခံထားကြမည်၊ သီးနှံအာမခံစနစ် အကောင်အထည်ဖော်ထားရမည်မှာ အစိုးရ၏တာဝန်ဖြစ်သည်။

“သီးနှံအာမခံစနစ်မရှိတဲ့အတွက် ပျက်စီးဆုံးရှုံးမှုများတဲ့အခါ အကြွေးတင်သွားတယ်။ နောက်နှစ်တွေမှာ အကြွေးထောင်ချောက်က ရုန်းထွက်ဖို့ဆိုတာ ခဲယဉ်းတယ်” ဟု မုတ်သုံကျေးလက်ဖွံ့ဖြိုးရေးအဖွဲ့၏ အမှုဆောင် ဒါရိုက်တာ သောင်းထွန်း က ဆိုသည်။

မြန်မာနိုင်ငံ၏ စိုက်ပျိုးရေးကဏ္ဍမြှင့်တင်ရာတွင် ထုတ်လုပ်မှု၊ အရည်အသွေး၊ ဈေးကွက်တန်ဖိုး ကွင်းဆက်တစ်ခုလုံး ဘက်စုံလိုအပ်ကြောင်း ၎င်းကဆိုသည်။ ထိုကွင်းဆက်ထဲတွင် သီးနှံအာမခံစနစ်သည် လိုအပ်ချက်တစ်ခုဖြစ်သည်။

ရွေးကောက်ပွဲပီယဆေး

ခေတ်အဆက်ဆက်ကပင် မြန်မာတွင် လူဦးရေ၏ ၇၀ ရာခိုင်နှုန်းက လယ်ယာကဏ္ဍနှင့်ဆက်စပ်သည်ဟု ဆိုခဲ့ကြသည်။ ထို့ကြောင့် လယ်ယာကဏ္ဍဖွံ့ဖြိုးလျှင် နိုင်ငံစီးပွားရေးကောင်းမည်။ လယ်ယာကဏ္ဍဖွံ့ဖြိုးရန် တောင်သူနှင့်လယ်သမားများ စိုက်ပျိုးချင်စိတ်ရှိရန်လိုသည်။

စိုက်သမျှကို သဘာဝဘေးက ကန့်လန့်တိုက်ဖျက်နေလျှင် အဆင်မပြေ။ ယင်းကိုကာကွယ်ရန်အတွက် သီးနှံအာမခံစနစ်ထူထောင်ခြင်းသည် အဖြေတစ်ခုဖြစ်သည်။

သီးနှံအာမခံစနစ်ထူထောင်လျှင် လယ်သမားများ၏ ဆုံးရှုံးနိုင်ခြေမြင့်မားမှုကို ကာကွယ်နိုင်မည်။ ယင်းသည် လယ်သမားများ၏ လူမှုစီးပွားကိုကာကွယ်သည်နှင့်မခြား။ လယ်သမားများ၏ လူမှုစီးပွားကိုကာကွယ်နိုင်လျှင် ကာကွယ်သည့်အစိုးရက မဲရမည်သာ။

အရင်းစစ်လျှင် သီးနှံအာမခံစနစ်သည် ရွေးကောက်ပွဲ မဲရစေမည့် ပီယဆေးသဖွယ်ပင်ဖြစ်သည်။ ဆေးကိုဖော်စပ်ရန်တော့လိုသည်။ သို့သော်တစ်ပွဲတိုးဆို အလုပ်မဖြစ်ကြောင်း ဦးသောင်းထွန်းက ယခုကဲ့သို့ဆိုသည်။

“တစ်ပွဲတိုးတွေတော့ မလုပ်စေချင်ဘူး။ အဓိကက ရေရှည်ပေါ်လစီကိုလုပ်။ လုပ်တဲ့နေရာမှာ လူထုသိပါစေ။ ပါဝင်ပါစေ”

နိုင်လင်းအောင်

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *