ဒီမိုကရေစီကို ဘယ်လိုဖျက်ဆီးကြသလဲ

စိတ်ဝင်စားစရာကောင်းတဲ့ အင်္ဂလိပ်ဝေါဟာရနှစ်ခု ရှိတယ်။ အားကောင်းသော (Strong) တဲ့၊ အားနည်းသော (Weak) တဲ့။ အဲဒီနှစ်ခုကို တခြားနာမ်တွေဖြစ်တဲ့ လူ (Men) တွေ၊ နိုင်ငံ (States) တွေနဲ့ တွဲလိုက်တဲ့အခါ အားကောင်းသောပုဂ္ဂိုလ်များ အားနည်းသောပုဂ္ဂိုလ်များ၊ အားကောင်းသောနိုင်ငံများ အားနည်းသောနိုင်ငံများဆိုပြီးဖြစ် လာတယ်။ အဲဒီထဲကမှ ပိုပြီး စိတ်ဝင်စားစရာကောင်းတာက အားနည်း သောနိုင်ငံများနဲ့ အားကောင်းသော ဒါမှမဟုတ်၊ အားကြီးသော ပုဂ္ဂိုလ်များ တွဲကြည့်လိုက်တဲ့အခါ ဖြစ်ပါတယ်။

လွန်ခဲ့တဲ့အနှစ် ၃၀ လောက်က ဖရန်စစ်ဖူကူးယားမားက သမိုင်းနိဂုံးချုပ်ပြီ၊ လစ်ဘရယ်ဒီမိုကရေစီ အောင်ပွဲခံပြီလို့ ရေးခဲ့ဖူးတယ်။ အခုအခါ ဒီမိုကရေစီ ဒုက္ခရောက်နေပြီလားလို့မေးရင် ခေတ်မီသလား မေးစရာ ဖြစ်တယ်။ ဒီမိုကရေစီရဲ့ မီးရှူးတန်ဆောင်ဖြစ်တဲ့ အမေရိကန်နိုင်ငံဟာ စံနှုန်းတွေကို ပစ်ပယ်စပြုနေပြီ။ တရုတ်နိုင်ငံမှာ ပုဂ္ဂိုလ်တစ်ဦးတည်းက အုပ်ချုပ်တဲ့စနစ်ကို ဦးတည်သွားနေတယ်။ ထွန်းသစ်စနိုင်ငံတွေမှာ အားကောင်းတဲ့ ပုဂ္ဂိုလ်တွေ တစ်နည်းအားဖြင့် အာဏာရှင်တွေ ခေါင်းထောင်ထလာတယ်။ တူရကီသမ္မတက နိုင်ငံသား နှစ်သိန်းလောက်ကို နိုင်ငံရေးအကြောင်းပြချက်တွေနဲ့ အရေးယူခဲ့တယ်။ ဇွန်လရွေးကောက်ပွဲမှာ ပြန်ပြီးအနိုင်ရမယ်။ နီကွာရွာဂွာက အစိုးရကလည်း ဆန္ဒပြသူတွေကို အရေးယူတယ်။ ရုရှက ဗလာဒီမာပူတင်ဟာ ကမ္ဘာ့ဖလားဘောလုံးပွဲကနေ နိုင်ငံရေးအရ အကျိုးအမြတ်တွေ ရနေတယ်။

ဒီမိုကရေစီကိုတိုင်းတာတဲ့ ညွှန်းကိန်းတွေကြည့်ပြန်ရင်လည်း ၂၀၀၇-၂၀၀၈ ကမ္ဘာ့ဘဏ္ဍာရေးအကျပ်အတည်းနောက်ပိုင်းမှာ ဆိုးဝါး လာနေတာကို တွေ့ရပြန်တယ်။ Economist စာစောင်ရဲ့ လေ့လာသုတေသနပြုချက်အရ ၂၀၁၇ မှာ နိုင်ငံပေါင်း ၁၉ နိုင်ငံကနောက်ဆုတ်ပြီး တိုးတက်လာတဲ့နိုင်ငံက ၂၇ ခုပဲရှိတာတွေ့ရတယ်။ အမေရိကန်လူငယ်တွေရဲ့ သုံးပုံတစ်ပုံလောက်ကပဲ ဒီမိုကရေစီအောက်မှာ နေထိုင်တာဟာ အခြေခံကျတဲ့ လိုအပ်ချက်တစ်ခုဖြစ်တယ်လို့ မြင်တယ်။ ဒီနှစ်ထဲမှာပဲ ထိတ်စရာ လန့်စရာ ‘ဒီမိုကရေစီရဲ့ အဆုံးသတ်’ တို့၊ ‘ပြည်သူကတစ်ဖက်၊ ဒီမိုကရေစီက တစ်ဖက်’ တို့လို ခေါင်းစဉ်တွေနဲ့ စာအုပ်တွေ၊ ဒလဟော ထွက်လာတာ တွေ့ရတယ်။

အခုလို ဘာလို့ အဆိုးမြင်နေကြသလဲ။ ၂၀ ရာစုနှစ် ဒုတိယပိုင်းမှာ သိသိသာသာတိုးတက်မှုရခဲ့ပြီးတဲ့နောက်မှာ မကြာသေးမီက နောက်ပြန်ဆုတ်ခဲ့တာတွေ ရှိနေလို့ပါ။ ၁၉၄၁ ခုနှစ်က ဒီမိုကရေစီနိုင်ငံ တစ်ဒါဇင်လောက်ပဲရှိတယ်။ ၂၀၀၀ ပြည့်နှစ်အထိက နိုင်ငံရှစ်နိုင်ငံမှာ တစ်ခါမျှ ရွေးကောက်ပွဲမလုပ်ခဲ့ဘူး။ နိုင်ငံ ၃၈ နိုင်ငံကို လေ့လာကြည့်တဲ့အခါ ယေဘုယျအားဖြင့် လူငါးယောက်ရှိရင် လေးယောက်ဟာ ဒီမိုကရေစီနိုင်ငံတစ်ခုမှာ နေချင်ကြတယ်။ ဗဟုဝါဒ (Pluralism) ကို ခြိမ်းခြောက်ပုံက နိုင်ငံတစ်နိုင်ငံနဲ့တစ်နိုင်ငံ မတူညီကြဘူး။ အမေရိကန်လို ရင့်ကျက်တဲ့ ဒီမိုကရေစီနိုင်ငံတစ်နိုင်ငံမှာ သမ္မတတစ်ယောက်ကို ခိုင်ခိုင်မာမာ အားကောင်းကောင်းနဲ့ ထိမ်းချုပ်နိုင်တယ်။ ဒါပေမဲ့ မရင့်ကျက်သေးတဲ့ နိုင်ငံများမှာတော့ စည်းမျဉ်း၊ စည်းကမ်းတွေ၊ ဥပဒေတွေ၊ အဖွဲ့အစည်းတွေ အားမကောင်းသေးတဲ့အတွက် အာဏာရှင်တွေ ပေါ်ပေါက်နိုင်တယ်။ အာဏာရှင်တွေ ဒုက္ခပေးတာကို ခံရနိုင်တယ်။ ဒါကြောင့် အရေအတွက် ရှုထောင့်ကပဲကြည့်ကြည့်၊ နောက်ပြန်ဆုတ်တဲ့ အရှိန်နဲ့ပဲတိုင်းတိုင်း၊ ထွန်းသစ်စနိုင်ငံတွေက အခြေအနေမတည်ငြိမ်တဲ့၊ နုနယ်ငယ်ရွယ်တဲ့ ဒီမိုကရေစီနိုင်ငံတွေမှာ စိုးရိမ်ပူပန်လောက်တဲ့ အခြေအနေဆိုးဆိုးဝါးဝါတွေကို သွားတွေ့ရတယ်။

အကြမ်းဖျင်းလေ့လာရင် ဒီမိုကရေစီနိုင်ငံသစ်တွေဟာ အဆင့်လေးဆင့်ဖြတ်သန်းဆိုးဝါးတာကို တွေ့ရတယ်။ ပထမအဆင့်မှာ လက်ရှိအခြေအနေတွေ၊ လက်ရှိဦးဆောင်နေတဲ့ လစ်ဘရယ်ဆန်တဲ့၊ အထက်တန်းလွှာပုဂ္ဂိုလ်တွေကို အများပြည်သူတွေက မကျေမနပ်ဖြစ်တာနဲ့စတယ်။ ဟန်ဂေရီမှာ ဘဏ္ဍာရေးအကျပ်အတည်းတွေနဲ့ ကြုံတယ်။ ဆီးရီးယားဒုက္ခသည်ပေါင်းများစွာ ဖြတ်သန်းပြီး ဂျာမနီကို သွားနေတဲ့အတွက်လည်း အထိတ်တလန့်ဖြစ်နေတယ်။ တူရကီက မူဆလင်လူများစုဟာ ဘာသာရေးနဲ့မဆက်နွှယ်တဲ့ အထက်တန်းလွှာတွေရဲ့ ဘေးဖယ်ထားခြင်းကို ခံရတယ်လို့ ခံစားကြတယ်။

ဒုတိယအဆင့်မှာတော့ အနာဂတ်မှာ အာဏာရှင်ဖြစ်လာမယ့်ပုဂ္ဂိုလ်တွေဟာ စိတ်ဆိုးမာန်ဆိုးဖြစ်နေတဲ့ မဲဆန္ဒရှင်တွေ အပြစ်တင်စရာ၊ ရန်သူတွေကို လိုက်လံရှာဖွေဖော်ထုတ်တယ်။ မစ္စတာပူတင်ကတော့ ရုရှားကို အရှက်ခွဲဖို့ အနောက်နိုင်ငံတွေက လုပ်ကြံတာလို့ပြောတယ်။ ဗင်နီဇွဲလားမှာ ကြုံတွေ့ရတဲ့ ဒုက္ခတွေဟာ အမေရိကန်ကြောင့်လို့ သမ္မတက လက်ညှိုးထိုးတယ်။ ဟန်ဂေရီဝန်ကြီးချုပ်က ဂျောခ်ျဆိုးရော့စ်ကို အပြစ်တင်တယ်။

တတိယအဆင့်မှာ လူတွေစိုးရိမ်တာ ကြောက်ရွံ့တာတွေကို အသုံးချပြီး အာဏာရလာတဲ့ အာဏာရှင်တွေဟာ လွတ်လပ်တဲ့ စာနယ်ဇင်းတွေ၊ ဘက်မလိုက်တဲ့ တရားစီရင်ရေးစနစ်တွေ၊ လစ်ဘရယ်ဒီမိုကရေစီရဲ့ တချို့သောအစိတ်အပိုင်းတွေကို ပြည်သူ့အကျိုးအတွက်ဆိုပြီး နှိမ်နှင်းတယ်။ လှီးထုတ်တယ်။ ရိုးသားတဲ့တရားသူကြီးတွေကို မတရားလုပ်ဆောင်နေတယ်လို့စွပ်စွဲပြီး ကိုယ့်လူတွေနဲ့ အစားထိုးတယ်။ လွတ်လပ်တဲ့ရုပ်သံလွှင့်ဌာနတွေကိုလည်း အခွန်စစ်ဆေးရေးမှူးတွေကို အသုံးပြုပြီး လုပ်ငန်းဆက်မလုပ်နိုင်ဘဲ ရောင်းထုတ်အောင် ဖိအားပေးတယ်။

ဒီအဆင့်မှာ လစ်ဘရယ်မဆန်တဲ့ ဒီမိုကရေစီ (Illiberal  Democracy) ဖြစ်သွားပြီ။ လွတ်လပ်တယ်ဆိုတဲ့ ရွေးကောက်ပွဲတွေမှာ အနိုင်ရလာတဲ့အတွက် အာဏာရှင်ဖြစ်ပေမယ့် ဒီမိုကရက်ယောင်ယောင် ဟန်ဆောင်နေနိုင်သေးတယ်။

စတုတ္ထအဆင့်မှာ လစ်ဘရယ်ဆန်တဲ့ ဥပဒေတွေ၊ စည်းမျဉ်း စည်းကမ်းတွေဟာ တိုက်စားခံသွားရပြီဖြစ်တဲ့အတွက် ဘက်မလိုက်တဲ့ ရွေးကောက်ပွဲစောင့်ကြည့်သူတွေကို နှုတ်ပိတ်ပစ်တယ်။ အတိုက်အခံအမတ်လောင်းတွေကို ထောင်ချတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေတွေကို ပြင်ပစ်တယ်။ ရွေးကောက်ပွဲနယ်နိမိတ်တွေ ပြောင်းပစ်တယ်။ ဥပဒေပြုအဖွဲ့အစည်းတွေကို အားနည်းအောင်လုပ်ပစ်တယ်။

ဒီလုပ်ငန်းစဉ်အဆင့်ဆင့်ဟာ ရှောင်ရှားလို့ရနိုင်သလို ကုစားလို့ လည်း ရနိုင်တဲ့ကိစ္စတွေ ဖြစ်ပါတယ်။

အိန္ဒိယနိုင်ငံရဲ့အတွေ့အကြုံကို ကြည့်မယ်ဆိုရင် နှစ်ပေါင်း ၇၀ လောက် အားကောင်းမောင်းသန်တဲ့ ဒီမိုကရေစီနိုင်ငံဖြစ်နေသလို ဘော့စ်ဝါနာဆိုရင်လည်း နှစ်ပေါင်း ၅၀ ရှိနေပြီ။

အခြေအနေဆိုးဝါးလာနေတယ်ဆိုရင်လည်း ဦးပြန်မော့အောင် ကုစားလို့ ရနိုင်ပါတယ်။ မလေးရှားမှာ လွတ်လပ်ရေးရကတည်းက ကြီးစိုးလာခဲ့တဲ့ UMNO ပါတီနဲ့ နာဂျစ်ရာဇတ်ကို မဲဆန္ဒရှင်တွေက ဖယ်ရှားပစ်နိုင်ခဲ့ပြီး အာမေးနီးယားက ဆန္ဒပြသူတွေဟာ ဆယ်နှစ်ကြာ တစ်ပါတီစနစ်ကို ဖျက်သိမ်းနိုင်ခဲ့တယ်။ မနှစ်ဒီဇင်ဘာလတုန်းက တောင်အာဖရိကမှာ အာဏာရှင်လောင်းသမ္မတ ဂျက်ကော့ဘ်ကူမားကို ဖယ်ရှားနိုင်ခဲ့တယ်။ သမ္မတက နိုင်ငံစီးပွားကို သူ့ရဲ့အဆက်အနွှယ်သူဌေးတွေလက်ထဲ အပ်နှင်းခဲ့တာကိုး။ တူရကီမှာလည်း လုံးဝကံဆိုးမိုးမှောင်ကျနေတာမဟုတ်ဘူး။ အတိုက်အခံပါတီဟာ ပါလီမန်မှာ မဲအများစုရနိုင်တဲ့ အလားအလာရှိနေသေးတယ်။

ဘယ်ဒီမိုကရေစီနိုင်ငံတွေ အန္တရာယ်တွေ့နေသလဲလို့ ပြောရတာက ခက်တယ်။ စီးပွားရေးနှေးကွေးလာတာရယ်၊ နိုင်ငံခြားသားတွေ အများ ကြီးဝင်ရောက်လာတာရယ်တွေဟာ ဒုက္ခပေးနိုင်တဲ့ကိစ္စတွေ ဖြစ်တယ်။ ဒါပေမဲ့ ဒါကြောင့် နိုင်ငံရဲ့ဒီမိုကရေစီလမ်းကြောင်း၊ ပြောင်းပြန်လှည့်စရာမလိုဘူး။ ဥရောပသမဂ္ဂကိုဝင်လို့ အများကြီးအကျိုးရှိ၊ နိုင်ငံခြားသားဝင်ရောက်မှုလည်းနည်းတဲ့ ပိုလန်နိုင်ငံဟာ ဒီမိုကရေစီအရ မတည်မငြိမ်ဖြစ်နိုင်တယ်လို့ ဘယ်သူကမျှထင်မထားကြဘူး။

အခြေခံအကြောင်းတရားတွေထက် ပိုပြီးအရေးကြီးတာက အာဏာရှင်လောင်းလျာတွေဟာ တခြားအာဏာရှင်တွေဆီကနေ ဘာတွေ အတုခိုးသလဲ – သတင်းမှားတွေဖြန့်ပုံ၊ စာနယ်ဇင်းသမားတွေကို နှိပ်ကွပ်ပုံ၊ လူကြိုက်များအောင်၊ လူပိန်းကြိုက်အောင်လုပ်ပုံတွေ၊ ဘယ်လိုရယူသလဲဆိုတာတွေ ဖြစ်တယ်။ သူတို့ရဲ့ အားနည်းချက်တွေကလည်း တစ်ယောက်နဲ့တစ်ယောက် သိပ်မကွာဘူး။ မလေးရှားအစ တောင်အာဖရိကအဆုံး အကျင့်ပျက်ခြစားမှုတွေ ကြီးသည်ထက်ကြီးမားလာတဲ့အခါ ပြည်သူ လူထုက ဒေါသပွားပြီးဖယ်ရှားတာကို အာဏာရှင်တွေ ခံကြရတယ်။

တူညီတဲ့အချက်တွေကနေ သင်ခန်းစာတွေကနေ သင်ယူစရာတွေ ရှိပါတယ်။

အဓိကသင်ခန်းစာကတော့ စည်းမျဉ်းစည်းကမ်းတွေ၊ ဥပဒေတွေရဲ့ တောင့်တင်းခိုင်မာမှုဟာ အရေးကြီးတယ်ဆိုတာ ဖြစ်ပါတယ်။ အနောက်နိုင်ငံတွေက ဒီမိုကရေစီမြှင့်တင်ရေးအကြောင်းပြောရာမှာ ရွေးကောက်ပွဲတွေရဲ့ အဆင့်အတန်း၊ အရည်အသွေးကို အဓိကထားပြီး ပြောကြတာဖြစ်တယ်။ တကယ်တော့ ဒီမိုကရေစီကိုရှေ့တန်းက ခုခံကာကွယ်သူတွေဟာ လွတ်လပ်တဲ့ တရားသူကြီးတွေနဲ့ ပူညံပူညံလုပ်တတ်တဲ့ စာနယ်ဇင်းတွေပဲ ဖြစ်တယ်။ အလှူရှင်တွေ၊ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေဟာ တရားဥပဒေစိုးမိုးမှုနဲ့ လွတ်လပ်တဲ့ စာနယ်ဇင်းတွေကို အထောက်အကူပေးဖို့ နှစ်ဆတိုးပြီး ကြိုးပမ်းအားထုတ်သင့်တယ်။ အာဏာရှင်တွေက သူတို့အကူအညီပေးတဲ့သူတွေကို ပြည်ပအားကိုး ပုဆိန်ရိုးတွေလို့ သေချာပေါက် စွပ်စွဲမှာဖြစ်ပေမယ့် လုပ်စရာရှိတာ လုပ်ကိုလုပ်ရမှာ ဖြစ်ပါတယ်။

ဒုတိယအချက်အနေနဲ့ နောက်ပြန်ဆုတ်ရတဲ့ ဒီမိုကရေစီဖြစ်စဉ်မျိုးဟာ မဲဆန္ဒရှင်တွေက လစ်ဘရယ်မဆန်တဲ့၊ အတွေးအခေါ်တွေကို ပွေ့ဖက်ထားကြလို့ ဖြစ်ရတာမဟုတ်ဘူး။ အခွင့်အရေးသမား၊ အာဏာရှင်တွေကြောင့် ဖြစ်ရတာပါ။ သူတို့ကြောင့်ပဲ နောက်ဆုံးမှာ အစိုးရဟာ ပြိုကွဲပျက်စီးလွယ်သွားရတာ ဖြစ်ပါတယ်။ အာဏာရှင်တွေက လောဘတက်လာတဲ့အခါ လူတွေမသိအောင် ဘယ်လိုမျှမတားဆီးနိုင်ဘူး။ သူတို့ရဲ့ လုပ်ရပ်တွေကြောင့်ပဲ သူတို့ဟာ ဖယ်ရှားခံကြရတာပါ။

နောက်ဆုံးနဲ့ အရေးကြီးဆုံးအချက်ကတော့ ရင့်ကျက်တဲ့ ဒီမိုကရေစီနိုင်ငံတွေရဲ့ စံနမူနာပြမှုပါပဲ။ အမေရိကန်က အားကောင်းတဲ့ စည်းမျဉ်းစည်းကမ်းတွေဟာ သမ္မတဒေါ်နယ်ထရမ့်ကို ထိန်းသိမ်းသင့်သလောက် ထိန်းနိုင်တယ်။ ဒါပေမဲ့ ဒီမိုကရေစီစံချိန်စံညွှန်းတွေ၊ မုန်းတီး တာ၊ တောက်လျောက်လိမ်ညာတာ၊ အာဏာရှင်တွေနဲ့ ဖက်လှဲတကင်း ဆက်ဆံတာ၊ အာဏာရှင်လောင်းလျာတွေ အကာအကွယ်ပေးတာတွေကိုတော့ မတားဆီးနိုင်ဘူး။

ဒီမိုကရေစီနိဂုံးချုပ်ပြီပြောရင်တော့ အလွန်အမင်းချဲ့ကားပြောဆိုရာ ရောက်တယ်။ ဒါပေမဲ့ အဆိုးအနည်းဆုံး အုပ်ချုပ်ရေးစနစ်တစ်ခုဟာ ဒုက္ခရောက်နေတာတော့ အမှန်ပဲ။ ပြီးတော့ သူ့ကို ကာကွယ်စောင့်ရှောက်တဲ့ သူတွေလည်း လိုအပ်တယ်။ 

 

ခင်မောင်ညို(ဘောဂဗေဒ)

ညွှန်း – ‘How democracy dies’ in Economist.com

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *