အရင်းရှင်တရုတ်တို့နှင့် ကခုန်ခြင်း

အိမ်နီးချင်းကို ရွေးမရမည့်အတူတူ လက်တွဲလိုက်ခြင်းက ပိုမိုသင့်လျော်ပါသည်။

မြန်မာနိုင်ငံသည် ပစ်ပယ်၍မရသော အိမ်နီးချင်းများနှင့် ခေတ်အဆက်ဆက် လက်တွဲနေထိုင်ခဲ့ရခြင်းဖြစ်သည်။ ထို့ကြောင့် သင့်မြတ်ခြင်းနှင့် အကျိုးစီးပွား အပြန်အလှန်ထိန်းညှိခြင်းလမ်းစဉ်သည်သာ မြန်မာတို့ရွေးချယ်ရမည့် လမ်းနှစ်သွယ်ဖြစ်လာသည်။

အိမ်နီးချင်း တရုတ်၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်နှင့် ထိုင်းတို့အနက် မြန်မာတို့နှင့် လက်ပွန်းတတီးရှိလှသည့် အိမ်နီးချင်းက တရုတ်ဖြစ်သည်။ တရုတ်သည် မြန်မာသမိုင်းထဲက နိုင်ငံရေးတွင်လည်းကောင်း၊ ယနေ့နိုင်ငံရေးတွင်လည်းကောင်း၊ လက်နက်ကိုင်စီးချင်းထိုးရသည့်ကိစ္စများတွင်လည်းကောင်း အကြောင်းအရင်းကိုရှာလျှင် တရုတ်နိုင်ငံနှင့် တစ်နည်းတစ်ဖုံ ပတ်သက်ခဲ့သည်သာဖြစ်သည်။

ယခင်ကမူ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း၊ မြစ်ဆုံစီမံကိန်းနှင့် အခြားတရုတ်ရင်းနှီးမြှုပ်နှံမှုများ စသည်ဖြင့် တရုတ်၏ လုပ်ငန်းအကြီးအသေး ရင်းနှီးမြှုပ်နှံမှုများသည် မြန်မာနိုင်ငံတွင် များစွာရှိသည်။

လက်ရှိအချိန်တွင် တရုတ်ကလုပ်မည့် အမေရိကန်ဒေါ်လာ တစ်ထရီလီယံတန် ရပ်ဝန်းတစ်ခု၊ လမ်းကြောင်းတစ်သွယ်စီမံကိန်းတွင် မြန်မာနိုင်ငံပါဝင်လာသည်။ တရုတ်-မြန်မာစီးပွားရေးစင်္ကြံ၊ ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်းနှင့် ရန်ကုန်မြို့သစ်စီမံကိန်း အစရှိသည့် တရုတ်စီမံကိန်းများစွာသည် မြန်မာအတွက် ဖွံ့ဖြိုးမှုနှင့် ကြွေးနွံနစ်မှုကြား ဗျာများနေရသည့် စီမံကိန်းများဖြစ်လာသည်။

ယခုအခါ မြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေးရရန် အလျင်လိုနေခြင်း၊ ကြွေးထောင်ချောက်ဟူသော စကားလုံးများ နိုင်ငံတကာတွင် ခေတ်ထလာခြင်းနှင့် မြန်မာအတွက် ရခိုင်အရေးတွင် ကုလသမဂ္ဂ၌ တရုတ်တံတိုင်း လိုအပ်နေခြင်းကဲ့သို့ အချက်များက တရုတ်စီမံကိန်းများကို မြန်မာအစိုးရလုပ်၊ မလုပ်၊ လုပ်လျှင် မည်သို့မည်ပုံ မဟာဗျူဟာကျကျလုပ်မည်ကို ဆန်းစစ်ရမည့်အချိန် ကျရောက်လာပြီဖြစ်သည်။

ကူမင်းမှသည် ကျောက်ဖြူဆီ

တရုတ်နိုင်ငံ ရပ်ဝန်းတစ်ခု၊ လမ်းကြောင်းတစ်သွယ်စီမံကိန်း (Belt and Road Initiative) တွင် စီးပွားရေးစင်္ကြံခုနစ်ခုပါဝင်သည်။ ဘင်္ဂလားဒေ့ရှ်-တရုတ်-အိန္ဒိယ-မြန်မာ လေးနိုင်ငံ စီးပွားရေးစင်္ကြံ (BCIMEC) သည် Belt and Road Initiative တွင်ပါဝင်သည့် စီးပွားရေးစင်္ကြံခုနစ်ခုအနက် တစ်ခုဖြစ်သည်။ ယခုအခါ တရုတ်နှင့်မြန်မာကိုဆက်သွယ်မည့် တရုတ်-မြန်မာ စီးပွားရေးစင်္ကြံပေါ်ပေါက်လာခြင်းသည် ယခင်ကပြုလုပ်မည်ဆိုသည့် လေးနိုင်ငံစီးပွားရေးစင်္ကြံကို ပယ်ဖျက်မည့်သဘောဖြစ်သည်ဟု သုံးသပ်သူများကဆိုကြသည်။

အဆိုပါလမ်းကြောင်းသည် တရုတ်ပြည် ကုန်းတွင်းပိတ်ခရိုင်ဖြစ်သော ယူနန်ပြည်နယ် မြို့တော်ကူမင်းမှသည် မြန်မာနယ်စပ် မူဆယ်၊ ထိုမှ မြန်မာနိုင်ငံအလယ်ပိုင်း မန္တလေး၊ မန္တလေးမှသည် ရန်ကုန်၊ မန္တလေးမှသည် ကျောက်ဖြူသို့တိုင် ရထားလမ်း၊ ကားလမ်းစသည်တို့ တည်ဆောက်ရန်ဖြစ်သည်။

တရုတ်-မြန်မာစီးပွားရေးစင်္ကြံကို နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မည်ဖြစ်ပြီး တရုတ်-မြန်မာ စီးပွားရေးလုပ်ငန်းရှင်များအပြင် အခြားစီးပွားရေးလုပ်ငန်းရှင်များကိုလည်း ဖိတ်ခေါ်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် အတွင်းရေးမှူး ဦးအောင်နိုင်ဦးက မတ်လအတွင်းက ပြောကြားထားသည်။

မြို့ပြအိမ်ရာများ၊ စိုက်ပျိုးရေးဇုန်များ၊ စက်မှုဇုန်များ၊ IT ဆက်သွယ်ရေးနည်းပညာလုပ်ငန်းများ၊ ကုန်သွယ်ရေးဆိုင်ရာ ထောက်ပံ့ပို့ဆောင်ရေးဆိုင်ရာ အဆောက်အဦကဏ္ဍ၊ နယ်စပ်ကုန်သွယ်ရေးကဏ္ဍနှင့် ခရီးသွားလုပ်ငန်းများသည် ယခုစီးပွားရေးစင်္ကြံနှင့်အတူ တစ်ဆက်တည်း လုပ်ကိုင်မည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

တရုတ်-မြန်မာစီးပွားရေးစင်္ကြံသည် တရုတ်ပြည်၏ အိန္ဒိယသမုဒ္ဒရာ ထွက်ပေါက်ဖြစ်ပြီး မြန်မာနိုင်ငံသည် ပထဝီအနေအထားအရ မဟာဗျူဟာကျသောနေရာတွင် တည်ရှိသည်။ အထူးသဖြင့် ကုန်းတွင်းပိတ်ယူနန်မှ ကုန်စည်များသည် မြန်မာနိုင်ငံတောင်ပိုင်း ကျောက်ဖြူမှတစ်ဆင့် ကမ္ဘာအရပ်ရပ်သို့ တင်ပို့နိုင်မည်ဖြစ်သည်။

မြန်မာနိုင်ငံအတွက်မူ အဆိုပါလမ်းကြောင်းသည် မြန်မာ့စီးပွားရေးဖွံ့ဖြိုးမှုကို နှိုးဆွနိုင်မည်ဟု ယူဆရကြောင်း လေ့လာသူများကဆိုသည်။

အကြောင်းမှာ ယင်းလမ်းကြောင်းတစ်လျှောက်တွင် မူဆယ်နှင့် မန္တလေးကဲ့သို့ ကုန်စည်ကူးသန်းမှုဖွံ့ဖြိုးသည့် မြို့ကြီးများပါဝင်သည်။ မူဆယ်ကုန်သွယ်ရေးဇုန်သည် မြန်မာနိုင်ငံ၏ နယ်စပ်ကုန်သွယ်ရေးဇုန် ၁၇ ခုအနက် အကြီးဆုံး ကုန်သွယ်ရေးဇုန်ဖြစ်သည်။

အဆိုပါကုန်သွယ်ရေးဇုန်၏ နှစ်အလိုက်ကုန်သွယ်မှုသည် တစ်နိုင်ငံလုံး ကုန်သွယ်မှုစုစုပေါင်း၏ ၇၀ ရာခိုင်နှုန်းရှိသည်။

တရုတ်-မြန်မာ စီးပွားရေးစင်္ကြံတည်ဆောက်ပြီးပါက ယခုထက်ပို၍ ကုန်စည်ကူးသန်းမှုကောင်းမွန်နိုင်သည်ဟု မူဆယ်အခြေစိုက် ခွာညိုသစ်သီးပွဲရုံပိုင်ရှင် ဦးစိုင်းခင်မောင်က ဆိုသည်။

တရုတ်-မြန်မာ စီးပွားရေးစင်္ကြံတွင် မန္တလေး၊ မြန်မာ့စီးပွားရေးမြို့တော် ရန်ကုန်၊ ပင်လယ်ထွက်ပေါက် ကျောက်ဖြူတို့နှင့်လည်း ချိတ်ဆက်ထားသည်။ ယူနန်ပြည်နယ်သည် လွန်ခဲ့သည့် ငါးနှစ်ကပင် လူဦးရေက သန်း ၅၀ နီးပါးရှိသည်။ မြန်မာတစ်နိုင်ငံလုံး၏ လူဦးရေနီးပါးဖြစ်သည်။ ထို့ကြောင့် စီးပွားရေးစင်္ကြံတစ်လျှောက်ရှိ မြို့ရွာများသည် ဖွံ့ဖြိုးလာနိုင်သည်ဟု လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးရဲထွန်းကဆိုသည်။

ဟောင်ကောင်၌ ဇွန်လ ၂၇ ရက်မှ ၂၉ ရက်အတွင်း ကျင်းပခဲ့သည် Belt and Road 2018 တွင် မြန်မာဘက် မူဆယ်၌ စီးပွားရေးခရိုင်နှင့် စက်မှုဇုန်များတည်ဆောက်ရေးဆွေးနွေးခဲ့ကြောင်း အဆိုပါပွဲသို့ တက်ရောက်ခဲ့သည့် စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက The Voice Journal သို့ ပြောကြားသည်။

အဆိုပါဆွေးနွေးပွဲသို့ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် ဦးသောင်းထွန်း၊ အတွင်းရေးမှူး ဦးအောင်နိုင်ဦးတို့လည်း တက်ရောက်ခဲ့သည်။ ဦးသောင်းထွန်းသည် မကြာမီကမှ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ဥက္ကဋ္ဌအဖြစ်ထမ်းဆောင်ခဲ့သူဖြစ်ပြီး နိုင်ငံတကာအတွေ့အကြုံ များပြားမှုကြောင့် မြန်မာ့လုပ်ငန်းရှင်များက မျှော်လင့်ချက်ထားနေရသူလည်းဖြစ်သည်။

တရုတ်-မြန်မာ စီးပွားရေးစင်္ကြံစီမံကိန်းသည် တရုတ်နိုင်ငံ၏ အဆိုပြုချက်ဖြစ်သည်။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ၂၀၁၇ ခုနှစ် တရုတ်ခရီးစဉ်တွင် တရုတ်သမ္မတ ရှီကျင်းဖျင်၏ အဆိုပြုချက်ကို လက်ခံခဲ့ခြင်းဖြစ်သည်။ စီမံကိန်း နားလည်မှု စာချွန်လွှာ (MoU) လက်မှတ်ရေးထိုးရန်အတွက် မြန်မာအစိုးရသည် ၂၀၁၈ ခုနှစ် မေလ ၁၀ ရက်တွင် ခွင့်ပြုလိုက်ပြီဖြစ်သည်။

ထို့ကြောင့်ပင် တရုတ် ဒုတိယသမ္မတသည် စီးပွားရေးစင်္ကြံအတွက် မြန်မာအစိုးရနှင့် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးရန် ဇူလိုင်လ ၁၀ ရက်တွင် မြန်မာနိုင်ငံသို့ရောက်ရှိမည်ဟု သတင်းထွက်ပေါ်လျက်ရှိသည်။

တရုတ်နိုင်ငံအကြီးအကဲရောက်ရှိပြီး နောက်တစ်ရက် ဇူလိုင်လ ၁၁ ရက်တွင် မြန်မာနိုင်ငံ၌ ၂၁ ရာစုပင်လုံညီလာခံ တတိယအကြိမ်ဆွေးနွေးပွဲကို နေပြည်တော်တွင် ကျင်းပမည်ဖြစ်သည်။

“အကြမ်းဖျင်းနားလည်သလောက်တော့ သူတို့ (မြန်မာအစိုးရ)က သိပုံရတယ်။ မြန်မာအတွက် သိပ်အကျိုးမရှိဘူးလို့ ထင်ပုံရတယ်။ နည်းနည်းလေး တွန့်နေပုံရတယ်။ တရားဝင်တော့ မပြောဘူး။ တရုတ်နဲ့လည်း အဆက်အဆံက ပျက်လို့မဖြစ်ဘူးလေ” ဟု လူသိများသည့် ပြည်တွင်းစီးပွားရေးပညာရှင်တစ်ဦးက တွေးဆစွာ မှတ်ချက်ပြုသည်။

မြန်မာတို့ ဈေးဆစ်ချိန်

တရုတ်နိုင်ငံ၏ မြန်မာနိုင်ငံတွင်း စီမံကိန်းများအနက် လိပ်ခဲတည်းလည်းဖြစ်နေသော နောက်ထပ်စီမံကိန်းတစ်ခု မှာ ကျောက်ဖြူစီမံကိန်းဖြစ်သည်။ ကျောက်ဖြူစီမံကိန်းတွင် အမေရိကန် ဒေါ်လာ ၇ ဒသမ ၅ ဘီလီယံတန် ကျောက် ဖြူရေနက်ဆိပ်ကမ်းစီမံကိန်းနှင့် အမေ ရိကန်ဒေါ်လာ ၂ ဒသမ ၅ ဘီလီယံတန် အထူးစီးပွားရေးဇုန်တို့ ပါဝင်သည်။ ယင်းစီမံကိန်းကို တရုတ်နိုင်ငံပိုင် ပထမဆုံးသော ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီ CITIC က လွန်ခဲ့သည့် သုံးနှစ်ကပင် တင်ဒါအောင်မြင်ခဲ့ခြင်းဖြစ်သည်။

ရေနက်ဆိပ်ကမ်းစီမံကိန်းအနီးတွင် ဟက်တာ ၁၀၀၀ ရှိသော အထူးစီးပွားရေးဇုန်ကိုလည်း တည်ဆောက်မည်ဖြစ်သည်။

ကျောက်ဖြူရေနက်စီမံကိန်းကို တရုတ်နိုင်ငံက ၇၀ ရာခိုင်နှုန်းပိုင်ဆိုင်ပြီး မြန်မာနိုင်ငံကမူ ၃၀ ရာခိုင်နှုန်းပိုင်ဆိုင်သည်။ စီမံကိန်းတန်ဖိုးသည် အမေရိကန်ဒေါ်လာ ၁၀ ဘီလီယံဖြစ်သည်။

ပြီးခဲ့သည့်နှစ် သီလ၀ါဆိပ်ကမ်းတွင် တရုတ်စစ်သင်္ဘောကို လာရောက်ကြိုဆိုနေကြသူများ။

ကျောက်ဖြူသည် အိန္ဒိယသမုဒ္ဒရာကို မျက်နှာမူထားသည်။ တရုတ်အတွက် အနောက်ဘက် ပင်လယ်ထွက်ပေါက်ဖြစ်သည်။ ကျောက်ဖြူ မဒေးကျွန်းမှ ရေနံနှင့် သဘာဝဓာတ်ငွေ့ကို တရုတ်နိုင်ငံသို့ ပိုက်လိုင်းနှစ်ခုဖြင့် ပို့လွှတ်လျက်ရှိသည်။

ရခိုင်မြောက်ပိုင်းတွင် ဘင်္ဂါလီအရေး ပြဿနာများဖြစ်ပွားလျက်ရှိသော်လည်း ကျောက်ဖြူသည် အဆိုပါပြဿနာများဖြစ်ပွားရာ ဘူးသီးတောင်၊ မောင်တောတို့နှင့် ဝေးကွာလှသည်။ ကျောက်ဖြူသည် တရုတ်အကျိုးစီးပွား အခြေစိုက်ရာဖြစ်လာသည်။ အထူးသဖြင့် စွမ်းအင်ဖူလုံရေးတွင်ဖြစ်သည်။

ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်းနှင့်ပတ်သက်၍ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် ဥက္ကဋ္ဌ ဦးသောင်းထွန်း က South China Morning Post သို့ ဇူလိုင် ၂ ရက်တွင် ယခုလိုပြောကြားသည်။

“စီမံကိန်းပေါ်ထွက်လာတာကို မြင်ချင်နေပါပြီ”

တစ်ဖက်တွင်လည်း မြန်မာအစိုးရသည် ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်း ကုန်ကျစရိတ်များကို ဈေးဆစ်ရန် ကြိုးစားလျက်ရှိသည်။ မြန်မာအစိုးရသည် စီမံကိန်းအရွယ်အစားကို ချုံ့လိုက်ပြီးနောက်တွင် ကုန်ကျစရိတ်များကို လျှော့ချရန် ရည်ရွယ်လျက်ရှိသည်။

အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ စီးပွားရေးအကြံပေးဖြစ်သူ ရှောင်တာနဲလ်ကမူ စင်ကာပူဆွေးနွေးပွဲတစ်ခုတွင် ကျောက်ဖြူစီမံကိန်းနှင့်ပတ်သက်၍ ‘That’s crazy’ (ယုတ္တိမရှိ)ဟု ဝေဖန်ခဲ့သည်။ ယင်းနောက်တွင် မြန်မာတို့၏ဈေးဆစ်မှုမှာ ပိုမိုပီပြင်လာခဲ့ပြီဖြစ်သည်။

“ဖြစ်နိုင်သမျှ ကျစ်ကျစ်လျစ်လျစ်ပေါ့” ဟု အမျိုးသားစီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးစိုးဝင်းက ဂျပန်အခြေစိုက် Nikkei Asia သတင်းဌာနနှင့် တွေ့ဆုံစဉ် ပြောကြားသည်။

အမေရိကန်ဒေါ်လာ ၁၀ ဘီလီယံတန် အဆိုပါစီမံကိန်းသည် ယခုအခါ ခုနစ်ဘီလီယံနှင့် ညှိနှိုင်းပြီးစီးသွားပြီဖြစ်ကြောင်း ဇွန်လကုန်က ဟောင်ကောင်တွင်ပြုလုပ်ခဲ့သည့် လမ်းကြောင်းတစ်ခု၊ ရပ်ဝန်းတစ်သွယ် ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သည့် စီးပွားရေးလုပ်ငန်းရှင်တစ်ဦး၏ အဆိုအရသိရသည်။

“မလိုအပ်တဲ့ ကုန်ကျစရိတ်မှန်သမျှ ဖြတ်တောက်မှာပါ။ စီမံကိန်းကကြီးလေ တာဝန်ယူမှုကလည်း ကြီးကြီးမားမား ဖြစ်ဖို့လိုတယ်” ဟု ဝန်ကြီးဦးစိုးဝင်း က ဆိုသည်။

ကျောက်ဖြူဆိပ်ကမ်းလုပ်ငန်းခွင်တစ်ခု

ကြွေးထောင်ချောက်

တရုတ်-မြန်မာစီးပွားရေးစင်္ကြံ၊ ကျောက်ဖြူစီမံကိန်းတို့တွင် မြန်မာအစိုးရတွင် အရင်းအနှီးကောင်းစွာမရှိ။ ထို့အတူပင် ရန်ကုန်ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း တည်ဆောက်မည့် မြို့သစ်စီမံကိန်းတွင်လည်း တရုတ်ကုမ္ပဏီ CCCC က ပါဝင်ပတ်သက်နေပြန်သည်။

ရန်ကုန်အစိုးရသည် အရင်းအနှီးလည်းမရှိရာ တရုတ်နိုင်ငံချေးငွေများဖြင့် တည်ဆောက်ရမည့်သဘောဖြစ်သည်။ တရုတ်ချေးငွေ အတိုးနှုန်းသည် ၄ ရာခိုင်နှုန်းမှ ၅ ရာခိုင်နှုန်းအထိရှိသည်။ ကမ္ဘာ့ဘဏ်နှင့် ဂျပန်တို့ကဲ့သို့ အတိုးနှုန်း သုညရာခိုင်နှုန်းစွန်းစွန်းဖြင့် ချေးခြင်းမဟုတ်။ တရုတ်သည် ၎င်း၏မဟာမိတ် ပါကစ္စတန်ကိုပင် အတိုးနှုန်း ၇ ရာခိုင်နှုန်းဖြင့် ငွေချေးခဲ့သည့် သာဓကများလည်းရှိသည်။

၂၀၁၇ ခုနှစ် စာရင်းများအရဆိုလျှင် မြန်မာနိုင်ငံတွင် ပြည်ပအကြွေး အမေရိကန်ဒေါ်လာ ၉ ဒသမ ၄ ဘီလီယံရှိသည်။ ယင်းတို့အနက် တရုတ်သို့ပေးဆပ်ရမည့် အကြွေးသည် ထက်ဝက်နီးပါးဖြစ်သည်။ ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းတစ်ခုတည်းကပင် တရုတ်နိုင်ငံသို့ ပြန်လည်ပေးဆပ်ရန်အကြွေးမှာ အမေရိကန်ဒေါ်လာ ၁ ဒသမ ၄ ဘီလီယံကျော်ရှိသည်။

တရုတ်အကြွေးထောင်ချောက်သည် ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် စိုးရိမ်ဖွယ်ဖြစ်လာသည်။ သီရိလင်္ကာအစိုးရသည် ဟန်ဘန်တိုတာဆိပ်ကမ်းတည်ဆောက်မှု တရုတ်အကြွေးများကို မပေးဆပ်နိုင်သောကြောင့် တရုတ်ကုမ္ပဏီ China Merchant Port Holding ကုမ္ပဏီသို့ ရှယ်ယာ ၈၀ ရာခိုင်နှုန်းကို ၂၀၁၆ ခုနှစ်အတွင်း ရောင်းချခဲ့ရသည်။ လက်ရှိတွင် တရုတ်ကုမ္ပဏီသည် အဆိုပါဆိပ်ကမ်းကို နှစ် ၁၀၀ နီးပါးမျှ ထိန်းချုပ်ခွင့်ရရှိနေပြီဖြစ်သည်။

မြန်မာအစိုးရကမူ ကျောက်ဖြူစီမံကိန်းတွင် အကြွေးထောင်ချောက် စိုးရွံ့မှုများကို ဖယ်ရှားနိုင်ခဲ့သည်ဟု မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် ဥက္ကဋ္ဌ ဦးသောင်းထွန်းက South China Morning Post သတင်းစာသို့ ပြောကြားသည်။

မြန်မာသည် အမှန်ပင် အကြွေးထောင်ချောက်မှ လွတ်နိုင်ပါမည်လော။

ပေါက်ဖော်တို့နှင့်ကခုန်ခြင်း

ကမ္ဘာ့ထိပ်တန်း ငွေကြေးကုမ္ပဏီကြီးဖြစ်သည့် Goldman Sachs ၏ ခန့်မှန်းချက်အရ ၂၀၅၀ တွင် တရုတ်သည် ကမ္ဘာ့အကြီးဆုံးစီးပွားရေးနိုင်ငံဖြစ်လာမည်။ အမေရိကန်နှင့် အိန္ဒိယတို့မှာ ခပ်ဝေးဝေးမှလိုက်ပြီး ဒုတိယနှင့် တတိယ ဖြစ်လာမည်ဖြစ်သည်။

ကမ္ဘာ့စီးပွားရေး ထိပ်တန်းသုံးနိုင်ငံအနက် နှစ်နိုင်ငံသည် မြန်မာနိုင်ငံနှင့် နယ်နိမိတ်ထိစပ်လျက်ရှိသည်။ တစ်ဖက်တွင်လည်း ကာလရှည်ကြာဖြစ်တည်ခဲ့သော မြန်မာ့ပြည်တွင်းတိုက်ပွဲများသည် တရုတ်နိုင်ငံနှင့် ဆက်စပ်လျက်ရှိသည်။

နိုင်ငံရေးလေ့လာသူများကမူ ပြည်တွင်း အင်အားကြီး တိုင်းရင်းသားလက်နက်ကိုင်များဖြစ်သော ‘၀’ နှင့် KIA တို့ကို တရုတ်နိုင်ငံက လက်နက်ခဲယမ်း ထောက်ပံ့ပေးလျက်ရှိသည်ဟု သုံးသပ်ကြသည်။ KIA သည် အမေရိကန်နှင့် ပိုမိုနှီးနွှယ်သော်လည်း တရုတ်လက်တံနှင့်မလွတ်ကင်းဟု ဆိုကြသည်လည်းရှိသည်။

ထင်ရှားသောသာဓကမှာ လာမည့် ဇူလိုင် ၁၁ ရက်တွင်ကျင်းပမည့် တတိယအကြိမ် ပင်လုံငြိမ်းချမ်းရေးညီလာခံသို့ မြောက်ပိုင်းလက်နက်ကိုင်တပ်ဖွဲ့များကို တရုတ်နိုင်ငံမှတစ်ဆင့် ဖိတ်ကြားသွားမည်ဟု သမ္မတရုံးညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောကြားထားခြင်းပင်ဖြစ်သည်။ ဖိတ်ကြားချက်ကိုလည်း တရုတ်သံရုံးမှတစ်ဆင့် ပေးပို့ထားပြီးဖြစ်သည်ဟု ဆိုသည်။

တစ်ဖက်တွင်လည်း အစိုးရက ဖိတ်ကြားပါက ညီလာခံသို့တက်ရောက်ကြရန် မြောက်ပိုင်းမဟာမိတ်လက်နက်ကိုင်ခုနစ်ဖွဲ့ကို တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရာ အထူးကိုယ်စားလှယ် မစ္စတာဆွန်ကော်ရှန်းက တိုက်တွန်းထားပြီးဖြစ်သည်။

ဤသို့ဆိုလျှင် မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်တွင် တရုတ်တို့အခန်းကဏ္ဍမှာ ကြီးမားကြောင်း ထင်ရှားနေပြီဖြစ်သည်။

မြန်မာနိုင်ငံမြောက်ပိုင်းရှိ တရုတ်-မြန်မာနယ်စပ်တစ်နေရာ

ထို့ပြင်လည်း စစ်အစိုးရခေတ်မှသည် NLD လက်ထက်တိုင် ကုလသမဂ္ဂတွင် မြန်မာဘက်က တံတိုင်းသဖွယ် ရပ်တည်ပေးခဲ့သည်မှာလည်း တရုတ်နိုင်ငံပင်ဖြစ်သည်။ NLD အစိုးရလက်ထက် ရခိုင်အရေးတွင်လည်း တရုတ်သည် မြန်မာဘက်ကပင် ရပ်တည်နေဆဲဖြစ်သည်။ တရုတ်အကျိုးစီးပွားသည် မြန်မာတွင်ရှိသည်။ အထူးသဖြင့် အိန္ဒိယသမုဒ္ဒရာသို့ထွက်ပေါက် စီးပွားရေးမဟာဗျူကျကျ ကုန်သွယ်နိုင်ရေးသည် မြန်မာအချုပ်အခြာအာဏာအတွင်းရှိ တရုတ်အိပ်မက်ပင်ဖြစ်သည်။

တရုတ်သည် ၎င်း၏စွမ်းအင်လုံခြုံရေးအတွက် မြန်မာနှင့် ပါကစ္စတန် လမ်းနှစ်သွယ်ရွေးချယ်ထားခဲ့သည်။ တရုတ်နှင့် ကာလရှည်ကြာနီးကပ်သော မဟာမိတ်အဖြစ် ရပ်တည်ခဲ့သည့် ပါကစ္စတန်တွင် Gwadar ဆိပ်ကမ်းကို တရုတ်တို့တည်ဆောက်သည်။ အိန္ဒိယသမုဒ္ဒရာသို့ တရုတ်နိုင်ငံ၏ ဗျူဟာမြောက်ထွက်ပေါက်ဖြစ်သည်။ သို့သော်လည်း အရှေ့အလယ်ပိုင်းမှ တရုတ်နိုင်ငံသို့ ရေနံများတင်ပို့ရေးအတွက်မူ ရှည်လျားသည့်တောင်တန်းများနှင့် ပထဝီဝင်အနေအထားအရ သံသယဖြစ်စရာကောင်းသည်။

ထို့ကြောင့်ပင် တရုတ်အတွက် မြန်မာသည် ပါကစ္စတန်ထက် ပို၍အရေးကြီးနေခြင်းဖြစ်ကြောင်း တရုတ်ရေးရာကျွမ်းကျင်သူ Yun Sun က အမေရိကန်အခြေစိုက် VOA သတင်းဌာနနှင့် အင်တာဗျူးတွင် ပြောကြားခဲ့ဖူးသည်။

ထို့ကြောင့် ရခိုင်အရေးတွင်လည်း အနောက်နိုင်ငံများကဲ့သို့ တရုတ်က သံယောင်မလိုက်။ စစ်အစိုးရခေတ်ကမူ အမေရိကန်နှင့် အနောက်နိုင်ငံများ၏ ပိတ်ဆို့မှုသည် တရုတ်အတွက် အခွင့်အရေးသဖွယ်ဖြစ်လာခဲ့ပြီးနောက် မြန်မာ့သယံဇာတများကို တရုတ်တို့ရရှိခဲ့သည်။

အချက်အလက်များအရမူ တရုတ်သည် မြန်မာ၏အကြီးဆုံးကြွေးရှင်၊ မြန်မာတွင် ရင်းနှီးမြှုပ်နှံမှု အများဆုံးသောနိုင်ငံ၊ မြန်မာ့အကြီးဆုံး ကုန်သွယ်ဖက်၊ မြန်မာ့ကုလသမဂ္ဂတံတိုင်း၊ မြန်မာ့ငြိမ်းချမ်းရေးတွင် အရေးပါသူဖြစ်သည်။

မကြာမီ MoU ထိုးမည့် တရုတ်-မြန်မာ စီးပွားရေးစင်္ကြံသည် မြန်မာ့မြေပုံကို ခါးလယ်မှဖြတ်သွားမည်ဖြစ်သည်။ ယခင်က ကျောက်ဖြူသဘာဝဓာတ်ငွေ့ ပိုက်လိုင်း တည်ဆောက်စဉ်က တက်ကြွလှုပ်ရှားသူများ စိုးရိမ်ခဲ့သည့်ကိစ္စမျိုးဖြစ်သည်။

မည်သို့ဆိုစေ အိမ်နီးချင်းတရုတ်တို့နှင့် နှစ်ဖက်အကျိုးရှိရှိ မည်သို့ သင့်မြတ်အောင်နေမည်ဆိုသည်မှာ မြန်မာအတွက် မဟာဗျူဟာမြောက် ပြဿနာဖြစ်လာနိုင်သည်။

ယင်းပြဿနာကို ဖြေရှင်းရန်အတွက်လည်း အတိုင်ပင်ခံပုဂ္ဂိုလ်၊ ဝန်ကြီးဦးသောင်းထွန်းနှင့် ဝန်ကြီးဦးစိုးဝင်းတို့သည် တရုတ်ပုစ္ဆာအတွက် မြန်မာအားကိုးရသည့် သံတမန်တိုက်စစ်မှူးများဖြစ်လာသည်။

ပြီးခဲ့သည့် ၂၀၁၄ ခုနှစ် ဒီဇင်ဘာလကဖြစ်သည်။

မကြာသေးမီကမှ စီမံ/ဘဏ္ဍာဝန်ကြီးအဖြစ် ရွေးချယ်ခံထားရသော ဦးစိုးဝင်းတစ်ယောက် ရန်ကုန်မြို့ လယ် ဆာကူရာတာဝါပေါ်ရှိ ၎င်း၏စီးပွားရေးအကြံပေးကုမ္ပဏီ Myanmar Vigour ရုံးခန်းတွင် The Voice Journal သတင်းထောက်ကို တွေ့ဆုံသည်။

ဦးစိုးဝင်းက ဆုံလည်ကုလားထိုင်တွင်ထိုင်၍ သူရှေ့ရှိမြေပုံကို စူးစိုက်ကြည့်နေသည်။ မြေပုံမှာ မြန်မာ့နိုင်ငံကို ခါးလယ်မှဖြတ်သန်းသွားသည့် တရုတ်တို့၏သဘာဝဓာတ်ငွေ့ပိုက်လိုင်းကြီးကို အကျယ်ချဲ့ ဖော်ပြထားခြင်းဖြစ်သည်။ သူက မြေပုံကိုလက်ညှိုးထိုး၍ ယခုလို ဆိုသည်။

“ဒါက မြန်မာနိုင်ငံခါးလယ်ကို ဖြတ်သွားတာဗျ။ စိုးရိမ်ဖို့ကောင်းတယ်။ မြန်မာတွေ ကိုင်တွယ်တတ်ဖို့လိုတယ်”

ရဲနိုင်ဦး

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *