JMC-U တာဝန်ရှိသူတို့နှင့် တွေ့ဆုံခြင်း

“အစည်းအဝေး များများလုပ်လေ ပဋိပက္ခများများ ဖြေရှင်းနိုင်လေပဲ”

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) တွင် လက်မှတ်ထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် မြန်မာ့တပ်မတော်တို့ကြား ပဋိပက္ခများ လျော့ကျရပ်စဲသွားစေရန် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ကော်မတီ (JMC) တွင် အဓိကတာဝန်ရှိပါသည်။ သို့ဖြစ်၍ JMC ၏ လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို သိရှိနိုင်ရန် JMC-U ၏ ရုံးအဖွဲ့ အလုပ်အမှုဆောင်ညွှန်ကြားရေးမှူး ဦးအောင်နိုင်ဦး၊ ဒုတိယအလုပ်အမှုဆောင်ညွှန်ကြားရေးမှူး ဒေါ်ဆိုင်းပန်တို့နှင့် The Voice Journal က တွေ့ဆုံမေးမြန်းထားသည်များကို ကောက်နုတ်ဖော်ပြအပ်ပါသည်။

The Voice Journal – JMC ဖြစ်ပေါ်လာပုံနဲ့ တစ်နိုင်ငံလုံးမှာ JMC ရုံးတွေဘယ်လောက်ဖွင့်ထားတယ်ဆိုတာ အရင်မေးချင်ပါတယ်။

UANO – JMC လို့ ခေါ်တဲ့ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာပူးတွဲစောင့်ကြည့်ရေးကော်မတီဆိုတာ အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်ရှစ်ဖွဲ့တို့ ၂၀၁၅ ခုနှစ် အောက်တိုဘာ ၁၅ ရက်မှာ လက်မှတ်ထိုးခဲ့တဲ့ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) အရ ပေါ်ပေါက်လာတာဖြစ်တယ်။ JMC ရဲ့ အဓိကတာဝန်ကတော့ မြေပြင်မှာ လက်နက်ကိုင်ပဋိပက္ခတွေကို လျှော့ချဖို့၊ လျှော့ချရာကနေ အပြီးတိုင်ရပ်ဆိုင်းသွားစေဖို့နဲ့ တစ်ဖက်မှာ နိုင်ငံရေးဆွေးနွေးပွဲတွေ အောင်အောင်မြင်မြင်ကျင်းပနိုင်ရေး အထောက်အကူပြုစေဖို့ ဖြစ်ပါတယ်။ အောက်ခြေမှာ တိုက်ပွဲတွေ ရှိနေရင် နိုင်ငံရေးဆွေးနွေးပွဲတွေ ချောချောမွေ့မွေ့လုပ်နိုင်ဖို့ ခက်ပါတယ်။ ဒီအတွက် JMC က မြေပြင်မှာ တိုက်ပွဲတွေ မရှိအောင်၊ ရှိလာရင်လည်း ညှိနှိုင်းဖြေရှင်းလို့ ရအောင်အဓိကလုပ်ဆောင်ဖို့ ဖြစ်ပါတယ်။ ယခင် အစိုးရအဆက်ဆက်က လုပ်ခဲ့တဲ့ ငြိမ်းချမ်းရေးကာလတွေမှာ ဒီလိုစောင့်ကြည့်တဲ့ ယန္တရားမရှိခဲ့ဘဲ အခု NCA အရ ဖွဲ့စည်း လာတဲ့ JMC ကတော့ မြန်မာနိုင်ငံသမိုင်းမှာ ပထမဆုံးဖြစ်သလို သူ့ရဲ့ဖွဲ့စည်းမှုကလည်း ထူးခြားတာကို တွေ့ရမှာဖြစ်တယ်။ ဒီနေရာမှာ သတိပြုစေချင်တာက JMC ဆိုတာ NCA အရ ဖွဲ့စည်းဖြစ်ပေါ်လာတာဖြစ်တဲ့အတွက် NCA ထိုးထားတဲ့အဖွဲ့ တွေသာလျှင် JMC မှာ ပါဝင်နိုင်တာဖြစ်ပါတယ်။ နောက်ပြီးတော့ နှစ်ဖက်က အဆိုပြုတဲ့ အများယုံကြည်လေးစားတဲ့ အရပ်သား ကိုယ်စားလှယ်တွေသည်လည်း JMC အဆင့်ဆင့်မှာ ပါဝင်ပါတယ်။ သုံးပွင့်ဆိုင်ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။

DSP – JMC ကို ပြည်ထောင်စုအဆင့်၊ တိုင်း ဒေသကြီး/ပြည်နယ်အဆင့်နဲ့ ဒေသဆိုင်ရာအဆင့်ဆိုပြီးတော့ အဆင့်ဆင့် ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။ ပြည်ထောင်စုအဆင့်ရုံးကတော့ ရန်ကုန်မှာ ရှိပါတယ်။ တိုင်းဒေသကြီး/ပြည်နယ်အဆင့် ကော်မတီငါးခု ရှိပါတယ်။ အဲဒီကော်မတီငါးခုရဲ့ ရုံးတွေကိုတော့ ရှမ်းပြည်နယ် ခိုလမ်မြို့၊ ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့၊ ကရင်ပြည်နယ် ဘားအံမြို့ မွန်ပြည်နယ် မော်လမြိုင်မြို့နဲ့ တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တို့မှာ ဖွဲ့စည်းထားပါတယ်။ နောက်ပြီး ဒေသဆိုင်ရာအဆင့်ကတော့ ရှမ်းပြည်နယ်တောင်ပိုင်း လင်းခေးနဲ့ ကရင်ပြည်နယ်ဖာပွန်မှာ ရှိပါတယ်။ လက်ရှိအချိန်ထိတော့ JMC အဆင့်ဆင့်မှာ ရုံးရှစ်ရုံးဖွင့်ထားပြီး ဖြစ်ပါတယ်။

The Voice Journal – JMC မှာ အဓိက ပါဝင်ဆောင်ရွက်နေတာက ဘယ်သူတွေလဲ။ သူတို့ကို JMC မှာပါဖို့ ဘယ်သူက ဘယ်လိုတာဝန်ပေးတာလဲဆိုတာကိုလည်း တစ်ဆက်တည်း မေးချင်ပါတယ်။

UANO – ခုနက ပြောသလိုပဲ JMC မှာဆိုရင် အစိုးရ၊ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ အရပ်သားကိုယ်စားလှယ်တွေဆိုပြီးတော့ အစုအဖွဲ့သုံးခု ပါတယ်။ အစိုးရကိုယ်စားလှယ်အဖြစ်နဲ့ တပ်မတော်အရာရှိကြီးတွေ ပါပါတယ်။ JMC သည် စစ်ရေးနဲ့ ဆိုင်တဲ့ကော်မတီဖြစ်လို့ စဖွဲ့စဉ်ကတည်းက အစိုးရကိုယ်စားလှယ်အဖွဲ့မှာ တပ်မတော်အရာရှိကြီးတွေ ပါဝင်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီမှာကြည့်မယ်ဆိုရင်လည်း ကစထမှူးလို့ခေါ်တဲ့ စစ်ဆင်ရေး အထူးအဖွဲ့မှူးတွေပါသလို စစ်ဥပဒေချုပ်လည်း ပါပါတယ်။ သူတို့က ဒုတိယဗိုလ်ချုပ်ကြီးအဆင့် အဆင့်မြင့်အရာရှိကြီးတွေ ဖြစ်တယ်။ နောက်ပြီး နယ်စပ်ရေးရာဝန်ကြီးနဲ့ ပြည်ထဲရေး ဒုဝန်ကြီးတို့လည်း ပါတာကို တွေ့ရမှာဖြစ်တယ်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဘက်မှာဆိုရင်လည်း သက်ဆိုင်ရာအဆင့်မြင့်ခေါင်းဆောင်တွေ ပါဝင်ဖွဲ့စည်းထားတာ ဖြစ်တယ်။ အရပ်သားကိုယ်စားလှယ်အနေနဲ့ကတော့ နှစ်ဖက်က အဆိုပြုရွေးချယ်တဲ့ပုဂ္ဂိုလ်တွေ ပါဝင်ပါတယ်။ အဲဒီမှာဆိုရင်လည်း ဦးကိုကိုကြီးတို့၊ ဦးပြည့်စုံတို့ စသည်ဖြင့် ထင်ရှားတဲ့သူတွေ ပါပါတယ်။

UANO – JMC ရဲ့ ဖွဲ့စည်းပုံမှာဆိုရင် ဥက္ကဋ္ဌနေရာကို အစိုးရက ယူထားတယ်။ အတွင်းရေးမှူးကျတော့ EAOs (တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ) က နံပါတ်တစ် ယူထားတယ်။ အစိုးရက နံပါတ်နှစ်(အတွင်းရေးမှူး) နေရာယူထားတယ်။ ဒါမျိုးပြေလည်အောင် ဖွဲ့စည်းထားတာတွေ ရှိတယ်။ ဘယ်လိုပဲ ပြောပြော သုံးပွင့်ဆိုင်ဖြစ်အောင် ကျွန်တော်တို့ ဆောင်ရွက်ထားတယ်ပေါ့။ တစ်ခုထပ်ပြောချင်တာက ကျွန်တော်တို့ ဆုံးဖြတ်ချက်တွေ ဘယ်လိုချလဲဆိုတာ ပြောပြချင်တယ်။ JMC ရဲ့ စည်းမျဉ်းစည်းကမ်းထဲမှာတော့ Sufficient Consensus လို့ခေါ်တဲ့ စနစ်သုံးတာပေါ့။ အဲ့ဒီစနစ်က တောင်အာဖရိကမှာ သုံးခဲ့တဲ့စနစ်ပေါ့။ သူက လူတစ်ရာရှိတယ်ဆိုရင် လူတစ်ရာလုံး သဘောတူစရာ မလိုဘူး။ ဥပမာ လူ ၈၀ ဖြစ်ချင်ဖြစ်မယ်။ ၈၅ ဖြစ်ချင်ဖြစ်မယ်။ ၉၀ ဖြစ်ရင်ဖြစ်မယ်။ ၉၈ အထိ ဖြစ်နိုင်တယ် ၁၀၀တော့ မဟုတ်ဘူး။ ကျွန်တော်တို့က Sufficient Consensus နဲ့ လုပ်မယ်လို့ ပြောထားတယ်။ ဒါပေမဲ့ ကျွန်တော်တို့က လက်ရှိမှာ Sufficient Consensus ကို မသုံးသလို ဖြစ်နေတယ်။ အခုက ဘာကိုသုံးနေလဲဆိုတော့ Full Consensus ။ ဆိုလိုတာက အယောက် ၁၀၀ လုံးက သဘောမတူရင် မရဘူး။ ဆိုတော့ ဆုံးဖြတ်ချက်တွေက ပိုပြီးခိုင်မာတဲ့ သဘော ရှိတာပေါ့။ ဒီစနစ်သုံးတဲ့အတွက် တချို့ကောင်းတာတွေ ရှိသလို တချို့ အလုပ်မလုပ်နိုင်တာတွေလည်း ရှိတယ်။ ဘာလို့လဲဆိုတော့ အဖွဲ့တစ်ဖွဲ့က အဆင်သင့်မဖြစ်ဘူးဆိုရင် ဘယ်လိုမှ လုပ်လို့မရဘူး။ အားလုံးက ဆုံးဖြတ်ရင်လည်း ခိုင်မာတဲ့သဘော ဖြစ်သွားတာပေါ့။

လူတွေကတော့ မေးမှာပေါ့။ ခင်ဗျားတို့က အစည်းအဝေးတွေပဲ လုပ်နေတယ်။ တကယ်တော့ အဲဒီအစည်းအဝေးတွေက အရေးကြီးတယ်။ အစည်းအဝေးဆိုတာက ပဋိပက္ခဖြေရှင်းရေးအတွက် လုပ်တဲ့ အစည်းအဝေးတွေ။ ကျွန်တော်တို့ အစည်းအဝေး လုပ်တိုင်း ခေါင်းစဉ်တစ်ခု ပါတယ်။ ခေါင်းစဉ်က ဘာလဲဆိုတော့ ပြီးခဲ့တဲ့အစည်းအဝေးနဲ့ အခုလုပ်တဲ့ အစည်းအဝေးကြားထဲမှာ ပစ်ခတ်တိုက်ခိုက်မှုဆိုင်ရာကိစ္စများ ဆွေးနွေးခြင်း၊ ဘယ်လိုပြဿနာတွေ ဖြစ်ခဲ့သလဲ။ ဘယ်လိုဖြေရှင်းလိုက်သလဲ။ မပြေလည်တာတွေလည်း ဒီမှာ ဖြေရှင်းမယ်။ ဒါကြောင့်အစည်းအဝေး လုပ်တယ်ဆိုတာ ဆက်ဆံရေးတွေ တည်ဆောက်တာ၊ ပဋိပက္ခဖြေရှင်းရေးတွေ လုပ်တာ၊ တစ်ဖက်နဲ့ တစ်ဖက်ရင်းနှီးအောင်လုပ်တာ အများကြီးပါတယ်။ ကျွန်တော်တို့က အစည်းအဝေးလုပ်နေသလိုပဲ အစည်းအဝေးအပြီးမှာ အလွတ်သဘောဆွေးနွေးတာတွေ လုပ်တယ်။ အလွတ်သဘောလုပ်ရတဲ့ အကြောင်းက တချို့ကိစ္စတွေမှာ ကရင်မှာ ဖြစ်တဲ့ ကိစ္စ၊ ရှမ်းမှာ ဖြစ်တဲ့ကိစ္စဆိုရင် သက်ဆိုင်ရာ ဒေသက လူတွေကိုပဲ သီးသန့် သိစေချင်တယ်။ အဲဒီလိုဟာမျိုးတွေ လုပ်တယ်။ ဒါကြောင့်မို့ အစည်းအဝေးများများလုပ်လေ ကျွန်တော်တို့ ပဋိပက္ခများများ ဖြေရှင်းနိုင်လေပဲ ဖြစ်တယ်။ အစည်းအဝေးလုပ်တယ်ဆိုတာ ပဋိပက္ခဖြေရှင်းရေးနဲ့ JMC ရဲ့ လုပ်ငန်းစဉ်တွေကို ခိုင်မာအောင်လုပ်ခြင်း ဖြစ်ပါတယ်။

The Voice Journal – အပစ်ရပ်စောင့်ကြည့်ရေးမှာ အရပ်သားကိုယ်စားလှယ်တွေက ဘယ်လိုစောင့်ကြည့်လဲ။ သူတို့ရဲ့ အခန်းကဏ္ဍက ဘာတွေလဲဆိုတာလည်း သိချင်ပါတယ်။

UANO – အရပ်သားကိုယ်စားလှယ်တွေရဲ့ အခန်းကဏ္ဍကတော့ တရားသူကြီးများသဖွယ် နှစ်ဖက်လက်နက်ကိုင်အဖွဲ့တွေရဲ့ ကြားမှာ ရပ်တည်ဆောင်ရွက်ရမယ်ဆိုပြီး ကျွန်တော်တို့ဥက္ကဋ္ဌတွေကလည်း ပြောထားတာ ရှိပါတယ်။ လက်နက်ကိုင်အဖွဲ့ အချင်းချင်းကြားမှာ ပဋိပက္ခတွေ၊ အငြင်းပွားတာတွေ ရှိလာရင် အရပ်သားကိုယ်စားလှယ်တွေက ကြားဝင်စေ့စပ်ဖြန်ဖြေတဲ့ အလုပ်ကို လုပ်ပါတယ်။ ပဋိပက္ခဖြစ်လို့ ပြဿနာဖြစ်လို့ စိစစ်အတည်ပြုရတဲ့ကိစ္စတွေ ရှိလာပြီဆိုရင်လည်း အရပ်သားကိုယ်စားလှယ်က စိစစ်အတည်ပြုရေးအဖွဲ့ကို ဦးဆောင်ရပါတယ်။ လတ်တလောဖြစ်ခဲ့တဲ့ ဖာပွန်ကိစ္စမှာ ဆိုရင်လည်း အရပ်သားကိုယ်စားလှယ်တွေကပဲ သက်ဆိုင်ရာတပ်မဟာ(၅) ဌာနချုပ်ကို သွားပြီးတော့ ဆွေးနွေးညှိနှိုင်းတာတွေ လုပ်ခဲ့တာ ဖြစ်ပါတယ်။

The Voice Journal – ဖာပွန်ကိစ္စဆိုတော့ အခု အဲဒီ ဖာပွန်၊ လယ်မူပလောမှာ ဖြစ်တဲ့ ပြဿနာကရော ဘယ်အခြေအနေ ရှိပါသလဲ။ JMC က ဘာတွေဆောင်ရွက်ခဲ့ပါသလဲ။

DSP – လယ်မူပလောကိစ္စကတော့ နောက်ဆုံးတပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့ KNU ဥက္ကဋ္ဌကြီးနဲ့ စကားပြောထားတယ်။ အခုကတော့ မိုးတွင်းကာလ ယာယီရပ်ဆိုင်းထားရန်ဆိုတဲ့ အခြေအနေမှာ ရှိတယ်။ အခုအားလုံးက ပြန်စဉ်းစားတာက ဒီကိစ္စက ဘယ်လိုမျိုး ပြန်ဖြစ်လာနိုင်သလဲပေါ့။ သို့သော်လည်း JMC-S (ပဲခူး) ကနေပြီးတော့မှ သူတို့ ပုံမှန်လုပ်နေတဲ့ အစည်းအဝေးတွေမှာ ဒီကိစ္စကို ထည့်သွင်းဆွေးနွေးနေတာ ရှိတယ်။ နောက်ပြီးတော့ KNU တပ်မဟာ ၂၊ ၃၊ ၅ က အောက်ခြေတပ်မှူးတွေနဲ့ တပ်မတော်ဘက်က အောက်ခြေတပ်မှူးတွေကို ပေါင်းပြီး သင်တန်းပေးဖို့ ပြင်နေတယ်။ JMC လမ်းကြောင်းကနေ ဆွေးနွေးဖို့ ရှိတယ်ပေါ့။ ခေါင်းဆောင်တွေ အချင်းချင်းတွေ့တာက လမ်းကြောင်းတစ်ခုပေါ့။ KNU နဲ့ အစိုးရကြားမှာလည်း အရင်တုန်းက ရှိနေတဲ့ 5 Plus 5 လမ်းကြောင်းနဲ့ ညှိနေတာတွေလည်း ရှိတယ်ပေါ့။ အဲဒါကတော့ JMC လမ်းကြောင်းတော့ မဟုတ်ဘူးပေါ့။ အစည်းအဝေးဆုံးဖြတ်ချက်တွေတော့ ကျပြီးပြီ။ ဆက်ပြီး ယုံကြည်မှုတည်ဆောက်မယ်။ JMC ကလည်း အရပ်သားကိုယ်စားလှယ်တွေ ဖာပွန်ကို ထပ်သွားဖို့ရှိတယ်။ ဒါပေမဲ့ မိုး အရမ်းကြီးနေတော့ ရာသီဥတုအနေအထားကြောင့် စောင့်ဆိုင်းနေရတာမျိုး ရှိတယ်ပေါ့။

The Voice Journal – JMC ဆိုတာကို လူတွေက သေချာမသိကြတာများတယ်။ ဆရာတို့အနေနဲ့ရော JMC အကြောင်း ပြည်သူတွေက သေသေချာချာ သိရှိနားလည်လာဖို့ ဘာတွေဆောင်ရွက်နေတာရှိလဲ။

UANO – ကျွန်တော်တို့ သက်ဆိုင်ရာဒေသတွေမှာ လူထုတွေ့ဆုံပွဲတွေ လုပ်ပါတယ်။ လူထုတွေ့ဆုံပွဲတွေ ဆိုတာ ဥပမာအားဖြင့် ကရင်ပြည်နယ်မှာ ပြည်နယ်အဆင့် အပစ်အခတ်ရပ်စဲရေးစောင့်ကြည့်အဖွဲ့တွေက တစ်လတစ်ခါ အစည်းအဝေးလုပ်တယ်။ အဲဒီ အစည်းအဝေးလုပ်တဲ့ အချိန်မှာပဲ ဘယ်နေ့ဘယ်ရက်မှာ ဘယ်ရွာကို သွားပြီးတော့ JMC အကြောင်း ဆွေးနွေးတင်ပြမယ် ဆိုပြီးတော့ လူထုတွေ့ဆုံပွဲတွေ ဆောင်ရွက်တယ်။ ကျွန်တော်တို့ အခြေအနေပေါ်မူတည်ပြီးတော့ တစ်လကို ၁၀ ကြိမ်လောက် လုပ်နိုင်တယ်။ လာတဲ့သူတွေကလည်း ၃၀၀ လောက်ကနေ တစ်ထောင်အထိ ရှိတယ်။ လူထုတွေ့ဆုံပွဲတွေက အရေးကြီးတယ်။ ဘာလို့ အရေးကြီးလဲဆိုတော့ အဓိကက အဲဒီလိုသွားပြောရင် ကျွန်တော်တို့သုံးပွင့်ဆိုင်ဖြစ်တဲ့အတွက် အနည်းဆုံး တစ်ဖွဲ့တစ်ယောက် ပါရတယ်။ မပါရင် သွားလို့မရဘူး။ အဲဒီမှာ JMC ယူနီဖောင်းအပြာရောင် ဝစ်စကုပ်တွေ ဝတ်သွားရတယ်။ JMC ဘာလဲဆိုတာ ရှင်းပြရတယ်။ JMC အကြောင်း နားမလည်တာရှိရင် ပြည်သူတွေက ပြန်ပြီးတော့ မေးမယ်။ အဲဒါကို ကျွန်တော်တို့က ပြန်ဖြေရမယ်။ အဲဒါဟာ ကျွန်တော်တို့ လုပ်ငန်းစဉ်ပဲ။ ကျွန်တော်နားလည်သလောက် အရေးအကြီးဆုံးပဲ။ ကျန်တာကတော့ သတင်းမီဒီယာတွေကို အင်တာဗျူးပေးတာတွေ ရှိတယ်။နောက် COC လို့ခေါ်တဲ့ စစ်ဘက်ဆိုင်ရာ စောင့်ထိန်းလိုက်နာရမယ့် ကျင့်ဝတ်၊ စည်းမျဉ်း စည်းကမ်းတွေ ထုတ်တယ် ဝေတယ်။ အဲဒါတွေကတော့ ကျွန်တော်တို့ အများကြီးလုပ်တယ်။ အထူးသဖြင့် ကျွန်တော်တို့လုပ်တဲ့ကိစ္စက အောက်ခြေတပ်မှူးတွေ နှစ်ဖက်တွေ့ဆုံတဲ့ ပွဲတွေ၊ အောက်ခြေတပ်မှူးတွေကို COC ရှင်းပြတဲ့ ပွဲတွေ အဓိကထားလုပ်တယ်။ အခုဆိုရင် နေရာဒေသအလိုက် လက်နက်ကိုင်တပ်လည်း ပါမယ်၊ အရပ်သားလည်း ပါမယ်။ ဒီဘက်မှာရှိတဲ့ တပ် တွေ၊ ထွေ/အုပ်လည်းပါမယ်။ တွေ့ဆုံပြီးတော့ ရှင်းပြတာတွေ အများကြီးရှိတယ်။ ပြောရရင် JMC ရဲ့ Strategies (မဟာဗျူဟာ) က ပဋိပက္ခတွေ ဖြစ်နေပြီးတော့ ချိုးဖောက်မှုတွေ ရှိနိုင်တဲ့နေရာတွေကို Target (ပစ်မှတ်) ထားပြီးတော့ ဆောင်ရွက်နေတဲ့သဘောပေါ့။ ရန်ကုန်မှာ JMC အကြောင်းပြောပြရင် နားမလည်တဲ့ လူ ရှိမယ်။ ဒီမှာက တိုက်ရိုက်ခံစားချင်မှ ခံစားရမယ်။ ဟိုမှာကျတော့ တကယ့်ကို တိုက်ရိုက် ခံစားရတာ။ တိုက်ရိုက်ခံစားရတဲ့သူတွေထဲက ပဋိပက္ခတွေကို မဖြစ်အောင်၊ နည်းအောင် နှစ်ဖက်လုံး အပေါ်မှာ ယုံကြည်လာအောင် လုပ်ရတာပေါ့။ ယုံကြည်မှုက အပြည့်အဝရှိပြီလားဆိုတော့ အဲဒီလိုလည်း အပြည့်အဝပြောလို့ မရသေးဘူးပေါ့။ တချို့အနေအထားတွေမှာ နှစ်ဖက်လုံးက လက်နက်ကိုင်အဖွဲ့တွေဖြစ်တဲ့အတွက် စိုးရိမ်မှုတစ်စုံတစ်ရာက နေရာတိုင်းမဟုတ်ပေမယ့် တချို့နေရာတွေမှာ ရှိနေသေးတယ်။ သို့သော် အရင်က တစ်ဖက်နဲ့တစ်ဖက် တိုက်နေတဲ့ သူတွေ အတူတူ ယူနီဖောင်းဝတ်ပြီး လူထုဆီသွားတဲ့အခါမှာ ယုံကြည်မှုက အရမ်းတက်သွားပြီ။ အခုဆို ကိုယ်တိုင်ကိုယ်ကျ နှုတ်နဲ့ JMC အကြောင်းကို လူဦးရေသုံးသောင်းလောက်ကို ရှင်းပြပြီးပြီ။

ကျွန်တော်တို့ JMC စထောင်တဲ့အချိန်ကစပြီး ပြီးခဲ့တဲ့ မေလအထိဆိုရင် စုစုပေါင်း တိုင်ကြားစာပေါင်း ၄၁၁ စောင် ရှိတယ်။ အဲဒါကို ဖြေရှင်းဆောင်ရွက်ပြီးစီးမှုက ၃၃၄ စောင်၊ ဆိုတော့ ၈၁ ရာခိုင်နှုန်း ဖြေရှင်းဆောင်ရွက်ပြီးဖြစ်တယ်ပေါ့။ ကျန်တာတွေကိုလည်း ကျွန်တော်တို့ ဆက်လက်ဖြေရှင်းဆောင်ရွက်နေပါတယ်။

The Voice Journal – JMC ရဲ့ လုပ်ငန်းဆောင်တာ အများကြီးထဲမှာမှ ဘယ်အချက်တွေကို အဓိကလုပ်နေလဲ။ ဘာကြောင့် လုပ်နေရတာလဲ။

UANO – အဓိကကတော့ လူထုတွေ့ဆုံပွဲတွေ လုပ်တာပေါ့။ ဒါကလည်း အရေးကြီးတဲ့ အချက်ပေါ့။ နောက်ထပ်အရေးကြီးတာကတော့ အောက်ခြေမှာ နှစ်ဖက်တပ်မှူးတွေ နားလည်အောင်လို့ JMC ရဲ့ လုပ်ငန်းဆောင်တာတွေ COC လို့ခေါ်တဲ့ နှစ်ဖက်တပ်များ လိုက်နာရမယ့် စည်းမျည်းစည်းကမ်း ရှင်းပြတာတွေ ဒါတွေ ကျွန်တော်တို့ အများကြီးလုပ်ပါတယ်။ COC ထဲမှာ အရပ်သားကာကွယ်ရေးက ၁၈ ချက် ပါတယ်။ ဒါတွေကို ကျွန်တော်တို့ အဓိကဆောင်ရွက်တယ်။ ဘာကြောင့်ဆောင်ရွက်ရလဲဆိုတော့ နံပါတ်တစ်ကတော့ Mandate (လုပ်ပိုင်ခွင့်) တွေဖြစ်တဲ့ အပစ်အခတ်ရပ်စဲရေး၊ စောင့်ကြည့်ရေးကိစ္စတွေမှာ Complaint (တိုင်ကြားမှု) တွေတက်လာမယ်။ တိုင်ကြားရင် ဒါကို ကျွန်တော်တို့က စုံစမ်းစစ်ဆေးရမယ်။

ပဋိပက္ခဖြစ်ရင် ဝိုင်းဝန်းဖြေရှင်းပေးရမှာရှိတယ်။ ဒါတွေကို လုပ်ဖို့ ကျွမ်းကျင်မှုနည်းပညာဖြည့်ဆည်းရမှာတွေ ရှိတယ်။ အဲဒီအခြေခံအားလုံးကတော့ အပစ်အခတ်ရပ်စဲရေးခိုင်မာဖို့နဲ့ အရပ်သားတွေအပေါ်မှာ ချိုးဖောက်မှုတွေမရှိဖို့ ဆောင်ရွက်ရမှာ ဖြစ်တယ်။ နောက်တစ်ဆင့်နိုင်ငံရေးအရ ပြောရရင်တော့ အပစ်အခတ်ရပ်စဲရေးတွေ ခိုင်ခိုင်မာမာရှိရင် ငြိမ်းချမ်းရေးနိုင်ငံရေးဆွေးနွေးပွဲတွေကို အေးအေးဆေးဆေးဆွေးနွေးလို့ ရနိုင်မယ်။ ဒါကြောင့်မို့ JMC ဖွဲ့ရတယ်ဆိုတာကို NCA ထဲမှာ ရေးထားတာက နိုင်ငံရေးဆွေးနွေးပွဲတွေကို ကောင်းကောင်းမွန်မွန် ခိုင်ခိုင်မာမာ ဖြစ်ဖို့ ဆိုတာပါတယ်။ အဲဒါတွေက ကျွန်တော်တို့ရဲ့ အဓိကအချက်တွေ။

The Voice Journal – JMC ကို တိုင်ကြားစာတွေ ပို့လို့ရတယ်ဆိုတော့ ဘယ်လိုကိစ္စတွေ တိုင်လို့ရလဲ၊ ဘယ်သူတွေက တိုင်လို့ရလဲ။ တိုင်စာကိုရော ဘယ်ကိုပို့ရပါသလဲ။

DSP – တပ်မတော်ကလည်း တိုင်လို့ရတယ်။ တိုင်းရင်းသားလက်နက်ကိုင်တွေကလည်း တိုင်လို့ ရတယ်။ အရပ်သားတွေကလည်း တိုင်လို့ရတယ်။ ဘယ်သူမဆို တိုင်လို့ရတယ်။ တိုင်တဲ့ဟာတွေကို ကျွန်တော်တို့နဲ့ သက်ဆိုင်တာဆို ဖြေရှင်းမယ်။ ကျွန်တော်တို့နဲ့ မဆိုင်တဲ့ကိစ္စတွေဆိုရင် ဥပမာ – သစ်ခုတ်တဲ့ကိစ္စဆိုရင် သစ်တောဌာနကို လွှဲပေးလိုက်တယ်။ ဒါမျိုးပေါ့။ တချို့ကိစ္စတွေက ရိုးရိုး Criminal အမှုတွေ ရှိတယ်။ ရာဇဝတ်မှုတွေဆိုရင် ရဲပါတော့ ရဲကို ကျွန်တော်တို့ လွှဲပေးလိုက်တယ်။ JMC ရှိတဲ့ တိုင်းဒေသကြီး/ပြည်နယ်တွေက ရဲမှူးကြီးတွေလည်း JMC ထဲမှာ ပါတယ်။ တိုင်စာကိုတော့ ရပ်/ကျေး ရုံးတွေ၊ ထွေအုပ်ရုံးတွေ နောက်ပြီးတော့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ရဲ့ ဆက်ဆံရေးရုံးတွေနဲ့ JMC ရုံးတွေကို ပို့လို့ရပါတယ်။

The Voice Journal – JMC – L ရုံးတွေကို ၁၀ ရုံးလောက်ဖွင့်မယ်လို့ သိရတယ်။ လက်ရှိမှာ ဖာပွန်နဲ့၊ လင်းခေးမှာပဲ ဖွင့်နိုင်သေးတယ်ပေါ့။ ဆိုတော့ ကျန်တဲ့ ရုံးတွေဖွင့်ဖို့ ဘာလို့ ကြန့်ကြာနေတာလဲ။

UANO – အဲဒါက နှစ်ခုရှိတယ်။ တစ်ခုက ကျွန်တော်တို့ ဆွေးနွေးတဲ့ကိစ္စက မပြတ်ဘူးလို့ ပြောလို့ရတယ်ပေါ့။ Proposal တွေ တင်ကြတာပေါ့။ ဒီမှာ ဖွင့်မယ်။ ဟိုမှာ ဖွင့်မယ်စသည်ဖြင့်ပေါ့။ ဒါပေမဲ့ စဉ်းစားချက် တွေက ညှိနှိုင်းရတာ နည်းနည်းခက်နေတယ်။ ဥပမာဆိုလို့ရှိရင် တချို့ပြောကြတာက ဖွင့်တာတော့ ဟုတ်ပြီ။ ဒါပေမဲ့ ဖွင့်တဲ့ဒေသတွေမှာ ပဋိပက္ခမရှိဘူးဆိုရင် ဖွင့်ထားတာ အလုပ်ဖြစ်ပါ့မလားဆိုတဲ့ မေးခွန်းရှိတယ်။ ဒါကြောင့်မို့ စဉ်းစားချက်က ပဋိပက္ခဖြစ်တဲ့နေရာမှာပဲ ဖွင့်မယ်လို့ ဖြစ်တယ်။ လက်တွေ့ကျပြန်တော့လည်း ပဋိပက္ခဖြစ်နိုင်တယ်ဆိုတဲ့ ဖာပွန်လိုနေရာမှာ ဖွင့်ထားတာလည်း သိပ်အလုပ်မဖြစ်ဘူး ဖြစ်နေတယ်။ အဲဒီလိုဖြစ်နေတော့ နောက်ဆက်ဖွင့်ဖို့ အခက်အခဲတွေ နည်းနည်းဖြစ်နေတယ်။ ဒါပေမဲ့လည်းကျွန်တော်တို့ တဖြည်းဖြည်း ကြိုးစားနေတယ်။ ဖွင့်ဖို့ လုပ်နေတယ်။ တစ်ဖက်က စဉ်းစားချက်ကလည်း မှန်နေတယ် အပြစ်ပြောလို့မရဘူး။ ပဋိပက္ခမဖြစ်ဘဲနဲ့ ဘာလို့ဖွင့်မှာလဲ ပိုက်ဆံကုန်တယ်။ အလုပ်ရှုပ်တယ်ပေါ့။ ဖွင့်လိုက်မှ ပဋိပက္ခဖြစ်ပြီး ပိုဆိုးသွားရင်လည်း ပြဿနာပေါ့။

The Voice Journal – နောက်တစ်ချက် မြေမြှုပ်မိုင်းရှင်းလင်းရေး ကိစ္စတွေနဲ့ ပတ်သက်လို့ JMC က ကူညီပေးမှုတွေရှိလား။ နှစ်ဖက်ကို JMC က ဘယ်လိုညှိပေးလဲ။

UANO – မြေမြှုပ်မိုင်းကိစ္စက ကျွန်တော်တို့ရဲ့ Mandate ထဲမှာ ပါတယ်။ ဒါကိုလည်း မကြာခဏဆွေးနွေးနေတာလည်း ရှိတယ်။ ဒါပေမဲ့ လက်တွေ့မှာတော့ ကျွန်တော်တို့ မလုပ်နိုင်သေးဘူး။ ဘာကြောင့်လဲဆိုတော့ မိုင်းကိစ္စက တော်တော်ကို ထိလွယ်ရှလွယ်တဲ့ကိစ္စ ဖြစ်နေတယ်။ ဖြစ်နေတော့ တချို့အဖွဲ့တွေက အဆင်သင့်ဖြစ်နေပေမယ့် တချို့အဖွဲ့တွေက အဆင်သင့် မဖြစ်သေးဘူး။ ခုနကပြောတဲ့ Full Consensus ကို ပြန်ပြောရမှာပေါ့။ တစ်ဖွဲ့ဖွဲ့က အဆင့်သင့်မဖြစ်သေးတဲ့အတွက် ကျွန်တော်တို့မှာ အဲဒီကိစ္စရှေ့တိုးဖို့အတွက် အမှန်တကယ်ခက်နေပါတယ်။ ဒါက ကျွန်တော် တို့လည်း တော်တော်လေးကို ကြိုးစားနေပါတယ်။ ဘယ်လိုပုံစံမျိုးသွားရင် ကောင်းမလဲဆိုပြီးတော့ ကျွန်တော်တို့လည်းပြန်စဉ်းစားနေတာရှိတယ်။ တစ်ခုတော့ ရှိတာပေါ့။ နှစ်ဖက်တပ်တွေ သူ့ဟာသူ ပြေလည်တဲ့နေရာမှာတော့ သူ့နည်းသူ့ဟန်နဲ့လုပ်မယ်ဆိုရင် အချိန်မရွေးလုပ်နိုင်တယ်။ ဒါပေမဲ့ JMC ရဲ့ အဝန်းအဝိုင်းမှာဖြစ်တဲ့ JOINT ဆိုတဲ့ကိစ္စကတော့ နည်းနည်းခက်နေသေးတယ်။ ဒါပေမဲ့ Mandate မှာပါပြီးသားဆိုတော့ မရပ်ဘူး။ ကျွန်တော်တို့ ဆက်ကြိုးစားနေတယ်။

The Voice Journal – NCA ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေ နယ်မြေမှာ တချို့ ဆက်ကြေးကောက်မှုတွေရှိတယ်။ အဲဒီလို ဆက်ကြေးကောက်ရတဲ့ အကြောင်းကလည်း တိုင်းရင်းသား လက်နက်ကိုင်တပ်တွေရဲ့ ရပ်တည်ရေးဆိုတဲ့ စဉ်းစားချက် ရှိတယ်။ လူထုကကျတော့ အစိုးရကိုလည်း ပေးရတယ်။ တိုင်းရင်းသားလက်နက်ကိုင်တွေကိုလည်း ပေးရတယ်ဆိုပြီး ညည်းညူကြတာလည်း ရှိတယ်ပေါ့။ အဲဒီအပေါ်မှာရော JMC က ဘယ်လိုဖြေရှင်းဆောင်ရွက်ပေးလဲ။

UANO – ကျွန်တော်တို့ဆောင်ရွက်တာတော့ ရှိပါတယ်။ ပွင့်ပွင့်လင်းလင်းပြောရရင် ကျွန်တော်တို့ဆီ ရောက်တဲ့တိုင်ကြားစာတွေ အများစုထဲမှာက အဲဒီအခွန်ကောက်တဲ့ကိစ္စတွေ ဖြစ်တယ်ပေါ့။ ဒါကတော့ ပြည်သူတွေမှာ စိုးရိမ်မှုလေးတွေရှိနေတဲ့အတွက် သိပ်မတိုင်ရဲကြဘူးပေါ့။ အကုန်အပြည့်တိုင်ရင် အများဆုံးဖြစ်သွားမှာပေါ့။ အဲဒီတော့ NCA ရဲ့သဘောတူညီချက်အရသော် လည်းကောင်း၊ COC ထဲမှာသော်လည်းကောင်း အဲဒါက မလုပ်ရဘူးပေါ့။ တိုင်ကြားလာရင် ကျွန်တော်တို့က ဖြေရှင်းပေးရတယ်။ အားလုံးကိုတော့ JMC က တိုင်လာရင် ဖြေရှင်းပေးလိုက်တယ်။ ဥပမာ – ဒီအဖွဲ့က ကောက်တယ်ဆိုရင် ဒီအဖွဲ့ကို ရှင်းပြရမယ်။ ပြောပြရမယ်။ ဒီနည်းနဲ့ ချိတ်ဆက်ဖြေရှင်းတာပေါ့။ ဒါပေမဲ့ ဒီကိစ္စနဲ့ပတ်သက်ရင် ကျွန်တော်တို့ရဲ့ Mandate က နည်းနည်းကျဉ်း နေသေးတယ်။ ဆိုလိုတာက ပြဿနာကို ဖြေရှင်းတဲ့ဥစ္စာကို ဖြစ်တဲ့ကိစ္စအပေါ်မှာပဲ ဖြေရှင်းပြီးတော့ ဒါကို အကျယ်အပြန့်ဖြေရှင်းနိုင်ဖို့က ကျွန်တော်တို့ဆီမှာ Mandate မရှိသေးဘူး။ တခြားနိုင်ငံတွေမှာဆိုရင် အစိုးရက သော်လည်းကောင်း၊ UN က သော်လည်းကောင်း လက်နက်ကိုင်တပ်ဖွဲ့တွေကို အခွန်မကောက်အောင် ကျွေးတာ၊ မွေးတာ၊ လခပေးတာ ရှိတယ်။ ကျွန်တော်တို့ဆီမှာ အဲ့ဒီအဆင့် မရောက်သေးဘူး။ မရောက်သေးတော့ နှစ်ဖက်လုံးကလည်း သိတော့သိတယ်။ ပြဿနာကို တိုင်ကြားလာရင်တော့ ဖြေရှင်းပေးတဲ့အဆင့်ပဲ ရှိသေးတယ်ပေါ့။ တိုင်းရင်းသားတွေဘက်ကလည်း ဒီဟာမလုပ်ရင် ဘယ်လိုလုပ်ရပ်တည်မလဲဆိုတဲ့အခြေအနေရှိတော့ တကယ်တမ်း ပြောရမယ်ဆိုရင် ဒီကိစ္စက ပဋိပက္ခလွန်ကာလတွေရဲ့ ပြန်လည်တည် ဆောက်ရေးကိစ္စတွေနဲ့ အများကြီးသက်ဆိုင်တယ်။

The Voice Journal – ဘာများ ဖြည့်စွက်ပြောချင်သေးလဲ ခင်ဗျ။

UANO – အဓိကကတော့ အစပိုင်းမှာပြောခဲ့တဲ့ သုံးပွင့်ဆိုင်ကိစ္စပေါ့။ အရေးကြီးတယ်ဆိုတာ ပြောချင်တယ်။ NCA မဖြစ်ခင်က သုံးပွင့်ဆိုင် မရှိဘူး။ ဟိုဘက် ဒီဘက်ပဲရှိတယ်။ NCA ဖြစ်ပြီးတော့ နိုင်ငံရေးဆွေးနွေးပွဲမှာလည်း သုံးပွင့်ဆိုင်၊ JMC မှာလည်း သုံးပွင့်ဆိုင်ပေါ့။ ဒီသုံးပွင့်ဆိုင်တွေ အလုပ်ဖြစ်အောင်လုပ်ဖို့က အားလုံးမှာ တာဝန်ရှိတယ်။ JMC အဖွဲ့ဝင်မှ မဟုတ်ဘူး။ တခြားမှာလည်း တာဝန်ရှိတယ်။ အဲဒါ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့နိုင်ငံရဲ့ ပဋိပက္ခတွေ ပြေလည်စေချင်ရင် အစိုးရနဲ့ တိုင်းရင်းသားကိုယ်စားလှယ်တွေပါဝင်တဲ့ Joint Institution တွေကို ဖွဲ့စည်းပြီးတော့ ဖြေရှင်းမှရမယ်။ JMC က အဲဒီလို အဖွဲ့အစည်းမျိုး ဖြစ်တယ်။ ဒါကြောင့်မို့ JMC ကို အလုပ်ဖြစ်အောင် လုပ်ကိုလုပ်ရမယ်။ နိုင်ငံရေးဆွေးနွေးပွဲမှာလည်း သုံးပွင့်ဆိုင်ကို လုပ်ဖြစ်အောင် လုပ်ရမယ်။ တစ်နည်းပြောရရင် သုံးပွင့်ဆိုင် မလုပ်ခဲ့တုန်းကထက် သုံးပွင့်ဆိုင် လုပ်တတ်လာအောင် သုံးပွင့်ဆိုင်၊ Joint Institution တွေအပေါ်မှာ လူတွေဟာ ဒီလိုပဲ ဖြေရှင်းမှ ရမှာပါလားဆိုတဲ့ နားလည်မှုလေးတွေ တိုးပွားလာစေချင်တယ်။ ဒါကြောင့်မို့လို့ ကျွန်တော်တို့ အလုပ်လုပ်တဲ့ကိစ္စက Joint ဖြစ်အောင်လုပ်တာ။ အခက်အခဲလည်း ရှိပါတယ်။

ဒါက အခုပြဿနာတွေကို ဖြေရှင်းရုံမဟုတ်ဘဲ နောင်အနာဂတ် Institution တွေ ဘယ်လိုပုံစံသွား သင့်သလဲဆိုတာ ကျွန်တော်တို့က သဘောပေါက်သွားပြီ။ ဒါကြောင့်မို့လည်း Joint ဖြစ်ဖို့ ကျွန်တော်တို့က တွန်းနေရခြင်း ဖြစ်တယ်ပေါ့။ တစ်ခါတလေတော့လည်း Joint မဖြစ်တာ ရှိမှာပေါ့။ ဒါပေမဲ့လည်းကျွန်တော်တို့ ယုံယုံကြည်ကြည်ဆက်တွန်းဖို့ လိုတယ်။ နောက်ဆုံးပြောချင်တာက JMC ဟာ နောက်ဆုံး၂နှစ်ခွဲကာလအတွင်းမှာ အရင်ကထက် အများကြီး တိုးတက်သွားပြီ။ JMC အနေနဲ့ JMC ရဲ့ အပစ်အခတ်ရပ်စဲရေးကိစ္စတွေကို အများကြီးဆောင်ရွက်လာနိုင်ပြီးတော့ ပဋိပက္ခတွေကို အများကြီး တားနိုင်နေပြီပေါ့။ ရေရှည်မှာတော့ JMC အနေနဲ့ ပဋိပက္ခအနည်းဆုံးဖြစ်အောင်သူ့ရဲ့ Mandate ရှိနေစဉ်ကာလအတွင်းမှာ ကြိုးစားဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

ဇင်လင်းထက်

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *