သရဲနီတို့ပျော်တဲ့ ကျောင်း

မန္တလေးမြို့တော်၏ အစွန်အဖျားအကျဆုံးဟုဆိုရမည့် ဆင်းရဲသားအိမ်ထောင်စုအများဆုံးနေထိုင်ရာ ရပ်ကွက်လေးတစ်ခုထဲတွင် ကမ္ဘာကျော် ဘောလုံးအသင်းဖြစ်သည့် မန်ချက်စတာအသင်း၏ အားကစားဝတ်စုံ (အနီရောင်) ကို တူညီစွာဝတ်ဆင်ပြီး စာသင်၊ စာကျက်နေကြသည့် ကျောင်းသား၊ ကျောင်းသူ ၁၅၀ နီးပါးတို့ကို နေ့စဉ်မြင်တွေ့ရမည်ဖြစ်သည်။

“သင်ကြားရေးနဲ့ပတ်သက်လို့ ဘာမှပြည့်စုံမှု မရှိဘူး။ ကလေးတွေကို သနားလို့ရှိတဲ့ ဆရာနှစ်ဦးထဲနဲ့ပဲ စာသင်ပေးနေတာ”ဟု ကျောင်းဆရာဖြစ်သူ ကိုစိုင်းလောဝ်ခမ်းက ရှမ်းသံဝဲဝဲဖြင့် ရင်ဖွင့်ပြောဆိုသည်။

၂၀၀၁ခုနှစ် ဇန်နဝါရီလက စတင်တည်ထောင်ခဲ့သည့် ပလက်ဖောင်းစာသင်ဝိုင်းမှသည် လက်ရှိမန်ယူစာသင်ကျောင်း ဖြစ်လာချိန်တွင် ယဉ်ကျေးလိမ္မာသော လူငယ်များစွာကို ဖော်ထုတ်ပေးနိုင်ခဲ့သလို တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးသူ လူငယ်ရှစ်ဦးကိုလည်း မွေးထုတ်နိုင်ခဲ့သည်အထိ စွမ်းဆောင်နိုင်ခဲ့ပြီ ဖြစ်သည်။

ကျောင်းဆရာဖြစ်သူ ကိုစိုင်းလောဝ်ခမ်းသည် ကျီကုန်းရပ်ကွက်အတွင်းရှိ ကလေးသူငယ်များကို လမ်းဘေးတစ်နေရာတွင် စာသင်ပေးရင်း ယဉ်ကျေးစွာပြောဆိုပြုမူနေထိုင်တတ်အောင်လည်း သင်ကြားပေးသူဖြစ်သည်။ မိမိကိုယ်တိုင်က ခရစ်ယာန် ဘာသာဝင်ဖြစ်သော်လည်း ဘာသာရေးအကြောင်း မပြော၊ ယဉ်ကျေးမှုရှိဖို့အကြောင်းသာ ပြောဆိုသူဖြစ်သည်။

“ကျွန်တော်ကလေးတွေကို စာသင်ပေးရင်း သူတို့အပေါ် သံယောဇဉ်တွေကြီးခဲ့တယ်။ ကလေးတွေကို မခွဲခွာချင်တော့လို့ ချစ်သူနဲ့လက်ထပ်မယ့် အစီအစဉ်ကိုလည်း ဖျက်သိမ်းခဲ့သလို ဩစတြေးလျသွားပြီး Ph.D ဘွဲ့ယူမယ့်ကိစ္စကိုလည်း ဆက်ပြီးမစဉ်းစားတော့ဘူး”ဟု ကလေးများအပေါ် သံယောဇဉ်ဖြစ်နေသည့် အသက်၃၈အရွယ် ကျောင်းဆရာလူပျိုကြီးက သူစွန့်လွှတ်ခဲ့သော အရာနှစ်မျိုးနှင့် ယှဉ်ပြပြောဆိုသည်။

လွန်ခဲ့သည့် ခြောက်နှစ်ခန့်က ရပ်ကွက်ဓမ္မာရုံဘုရားပွဲတစ်ခုအပြီးတွင် ရှုပ်ပွနေသော အမှိုက်များကို ကလေးများနှင့်အတူ စုပေါင်းအမှိုက်ကောက်ရင်း မန်ချက်စတာယူနိုက်တက်အသင်းကို အားပေးသော အဖွဲ့နှင့် တွေ့ဆုံကြသည်။ လမ်းဘေးတွင် စာသင်နေကြသည့်ကလေးငယ်များဖြစ်ကြောင်း စကားစပ်မိရာမှ မန်ယူအားပေးသူများပရဟိတအဖွဲ့က စတင်ကျောင်းဆောက် လှူဒါန်းသည်။ ထိုအချိန်မှစတင်၍ သရဲနီလိုဂိုတံဆိပ်ပါ အားကစားဝတ်စုံများဆင်မြန်းခွင့်ရရှိပြီး မန်ယူစာသင်ကျောင်းဟု အမည်တွင်လာခြင်းဖြစ်သည်။

မန်ယူစာသင်ကျောင်းမတိုင်မီ ပလက်ဖောင်းစာသင်ဝိုင်းကာလက ကျီကုန်းရပ်ကွက်နေကလေးငယ်အများစုမှာ ငါးဖမ်း၊ ငှက်ပစ်၊ ကန်စွန်းရွက်ခူး၊ ပုလင်းခွံဆေးဘ၀ဖြင့် ကျောင်းနေချိန်မရှိကြဟု ရပ်ကွက်နေမိဘများက ဆိုသည်။ စတုတ္ထတန်းကျောင်းသားဟုဆိုသော်လည်း ကကြီးခခွေးအက္ခရာကိုပင် ဖြောင့်မတ်အောင် မရေးတတ်၊ အလီ မရသော ထိုကလေးများကို စုစည်းကာ ဆရာကိုစိုင်းလောဝ်ခမ်းက ပလက်ဖောင်းစာသင်ဝိုင်းဖန်တီးပြီး သင်ကြားပေးရင်းက သဘောကျလာခြင်းဖြစ်ကြောင်း ဒေသခံကျောင်းသားမိဘတို့က အတိတ်၏ပုံရိပ်များကို ပြောဆိုသည်။

“အိမ်ငှားဘ၀နဲ့ လမ်းဘေးမှာစာသင်ပေးနေတာကို ကျွဲဆည်ကန်ဝေသာလီကျောင်းတိုက်ဆရာတော်က သဘောကျတယ်။ ကလေကချေ၊ အလေအလွင့်ကလေးတွေ ပပျောက်သွားရင်ပြီးတာပဲ၊ ကလေးတွေကို စာသင်ပေး၊ စာရေးကိရိယာတွေ ကူညီမယ်။ လစာတော့ မပေးနိုင်ဘူးတဲ့။ ဆရာတော်တိုက်တွန်းရင်းကနေ ဆက်သင်ပေးတာ ကျောင်းသား၄၀လောက် ကနေ ၇၀လောက်အထိ များလာတယ်။ မြို့နဲ့အလှမ်းဝေးတော့ လူသိနည်းပြီး အလှူရှင်တွေ ရောက်မလာကြဘူး။ လုပ်ပေးချင်တာတွေက အများကြီး။ စာကြည့်တိုက်လည်း မရှိဘူး။ စေတနာဆရာနှစ်ဦးလောက်ရရင် သိပ်ကောင်းမှာ”ဟု ပြောဆိုရင်း ကျောင်းဆရာ ကိုစိုင်းလောဝ်ခမ်းက မျက်ရည်များကို လက်ဖမိုးဖြင့် သုတ်ချသည်။

လက်ရှိမန်ယူစာသင်ကျောင်းတွင် စာသင်နေသည့် ကလေးများမှာ KG တန်းမ န၀မတန်းအထိ ၁၄၇ဦး ရှိပြီး ထိုကလေးများကို ကျောင်းဆရာနှစ်ဦးတည်းဖြင့် သင်ကြားပေးနေခြင်းဖြစ်သည်။ ယခုစာသင်ပေးနေသည့် မြေနေရာကို ကျီကုန်းဆရာတော်က ခွင့်ပြုပေးထားခြင်းဖြစ်ပြီး ကလေးများစာသင်နိုင်ရန်၂၄ ပေ _ ၆၀ပေရှိ တစ်ထပ်ဆောင်ကို ၂၀၁၆ခုနှစ်တွင် မန္တလေးတိုင်းဒေသကြီး ဝူရှူးအဖွဲ့ချုပ်က ဆောက်လုပ်လှူဒါန်းပေးထားသည်။

“သမီးက စက်ချုပ်ဆရာမဖြစ်ချင်တာ။ အဆင်ပြေ၊ မပြေကြည့်ပြီး ၁၀တန်းအထိ ကျောင်းထား ပေးမယ်။ အဆင်မပြေရင်တော့ ရှစ်တန်းရောက်ရင် ကျောင်းထုတ်မယ်လို့ မိဘတွေက ပြောလို့ စိတ်မကောင်းဘူး။ သမီး ကျောင်းဆက်တက်ချင်တယ်”ဟု သတ္တမတန်း ပညာသင်ကြားနေသည့် အသက်၁၄နှစ်အရွယ် သရဲနီမန်ယူကျောင်းသူ မအိအိမွန် (အမည်လွှဲ)က ဝမ်းနည်းစကားဆိုသည်။

မိသားစုစား၊ ဝတ်၊ နေရေးမပြေလည်သဖြင့် မအိအိမွန်က စနေ၊ တနင်္ဂနွေနေ့ကျောင်းပိတ်ရက်များ တွင် ကန်စွန်းရွက်ခူးရသည်။ တစ်ရက်လျှင် ၂၀၀၀ကျပ်ရသည်ဟု သူကဆိုသည်။ မအိအိမွန်ကဲ့သို့ပင် စာသင်ရင်း မိဘကို ကူညီပေးနေရသည့် ကျောင်းသားတွေလည်း ရှိသေးသည်ဟု ကျောင်းဆရာကိုစိုင်းလောဝ်ခမ်းက စိတ်မကောင်းစွာပြောဆိုသည်။

“သားက မိဘတွေကိုကူပြီး ပုလင်းဟောင်းတွေ ဆေးရတယ်။ သားကကြီးလာရင် ဆရာဝန်ကြီးလုပ်ဖို့ စိတ်ကူးထားတာ။ မန်ယူစာသင်ကျောင်းမှာ နေရတာလည်းပျော်တယ်”ဟု စတုတ္ထတန်းကျောင်းသားဖြစ်သူ မောင်ထင်လင်းကျော်က သူ၏အနာဂတ်ရည်မှန်းချက်ကို ရဲရဲဝံဝံ့ပြောဆိုသည်။

ကျောင်းသား၊ ကျောင်းသားသူအင်အားများပြားသော်လည်း စာသင်ပေးမည့် စေတနာဆရာ၊ ဆရာမလိုအပ်နေသော မန်ယူစာသင်ကျောင်းအတွက် ပြီးခဲ့သည့်၂၀၁၆ခုနှစ်က ဆရာတစ်ဦးတိုးလာသည်။ ထိုဆရာမှာB.Com ဘွဲ့ရ စစ်ကိုင်းမြို့နယ် သစ်ချိုကုန်းဇာတိ ကိုကျော်ဇင်ထက် ဖြစ်သည်။ ကုမ္ပဏီအလုပ်က ထွက်ပြီး လက်ရှိတွင် အဋ္ဌမတန်းနှင့် န၀မတန်းကျောင်းသား၊ ကျောင်းသူများကို စာသင်ပေးနေခြင်း ဖြစ်သည်။ ကိုကျော်ဇင်ထက်လို လုပ်အားပေးစေတနာ ဆရာများစွာ လိုအပ်နေဆဲပင်။

“ကလေးတွေကို စာသင်ပေးချင်တဲ့စိတ်၊ ဆရာ ကိုစိုင်းလောဝ်ခမ်းကို ကူညီချင်တဲ့စိတ်နဲ့ ဝိုင်းကူပေးနေတာဖြစ်ပါတယ်။ ကျွန်တော်ဒီမှာပဲ နေတယ်၊ လစာဆိုတာ မရှိဘူး။ ကျောင်းသား၊ ကျောင်းသူတွေ ပြန်ကျွေးတဲ့ ထမင်းချိုင့်နဲ့ သူတို့ကို စာပြန်သင်ပေးနေတယ်”ဟု အသက်၂၅နှစ်အရွယ် ကျောင်းဆရာလေး ကိုကျော်ဇင်ထက်က ရိုးရိုး ရှင်းရှင်းပင်ပြောဆိုသည်။

မန်ယူစာသင်ကျောင်းဦးဆောင်သူ ကိုစိုင်းလောဝ်ခမ်းသည် ကလေးသူငယ်များကို စာသင်ကြားပေးသည့်အပြင် လိမ္မာရေးခြားရှိအောင် ပြုစုပျိုးထောင်ပေးသည်။နွေရာသီကျောင်းပိတ်ရက်များတွင် ဓမ္မစကူးလ်သင်ကြားပေးသည်။ လပြည့်နေ့တိုင်း ဓမ္မစကြာရွတ်ရသည်။ မဟာမုနိဘုရားကြီးရှိ အများသုံးအိမ်သာများကို သန့်ရှင်းဆေးကြောသည်။

“ဘာသာရေးနဲ့ပတ်သက်လို့ ဗုဒ္ဓဝါဒနဲ့အညီလျှောက်လှမ်းနေထိုင်ကြဖို့ ကလေးတွေကို ကျွန်တော်အမြဲညွှန်ပြတယ်။ ကျောင်းဆင်းရင်လည်း ဘုရားဝတ် ပြုပြီးမှ အိမ်ပြန်တဲ့ ကျင့်ဝတ်တစ်ခု လုပ်ပေးထားတယ်။ ကလေးတွေကို တစ်ရက် ၅၀ကျပ်စီ ငါးလစုခိုင်းထားပြီး သီတင်းကျွတ်ကျရင် အရပ်ထဲက သက်ကြီးတွေကို ပူဇော်ကန်တော့ပွဲလုပ်ပေးတယ်”ဟု ဘာသာအယူညီတူထားတတ်သူ ကိုစိုင်းလောဝ်ခမ်းက မေတ္တာစကားဆိုသည်။

မန်ယူဝတ်စုံတူညီစွာ ဝတ်ဆင်ထားသည့် ကျောင်းသား၊ ကျောင်းသူများသည် လပြည့်နေ့တိုင်းမဟာမုနိဘုရားကြီးသို့ ခြေလျင်လျှောက်သွားကြသည်။ ဘုရားပရဝုဏ်အတွင်း အမှိုက်ကောက်ခြင်း၊ သန့်ရှင်းရေးလုပ်ခြင်း၊ အများသုံးအိမ်သာများ ဆေးကြောခြင်းတို့ကို ပြုလုပ်ပေးခြင်းဖြင့် ကိုစိုင်းလောဝ်ခမ်းက ‘အတတ်လည်းသင်ပဲ့ပြင်ဆုံးမ’သဘောမျိုး ဆရာကျင့်ဝတ်နှင့် ညီစေခဲ့သည်။

ယခု၂၀၁၈- ၂၀၁၉ ပညာသင်နှစ် မန်ယူစာသင်ကျောင်းတွင် KG တန်း ၁၆ဦး၊ ပထမတန်း ၁၅ဦး၊ ဒုတိယတန်း ရှစ်ဦး၊ တတိယတန်း ၁၅ဦး၊ စတုတ္ထတန်း ၁၇ဦး၊ ပဉ္စမတန်း ၁၄ဦး၊ ဆဋ္ဌမတန်း ၁၀ဦး၊ အဋ္ဌမတန်း ၂၄ဦး၊ န၀မတန်း ၁၆ဦးနှင့် တက္ကသိုလ်ဝင်တန်းလေးဦး ရှိသည်။ အစိုးရစာမေးပွဲဝင်နိုင်ရန် အထက (၂၆) (ချမ်းမြသာစည်)၊ အလက (ခွဲ) (၈) (ပြည်ကြီး တံခွန်)၊ အထက (၃၂) (တံခွန်တိုင်) နှင့် အထက (ပလစ-၂၊ အမရပူရ) တို့တွင် အသီးသီးအပ်နှံထားသည်။

“မန်ယူစာသင်ကျောင်းက မြို့ထဲနဲ့ အလှမ်းဝေးတော့ လူသိထင်ရှား သိပ်မရှိဘူး။ ကျောင်းပျော်တဲ့ ကလေးတွေ များပေမယ့် အလှူရှင်တွေ အရောက်အပေါက်နည်းတယ်။ အလှူရှင်တွေနဲ့ ချိတ်ဆက်ပြီး ကူညီပေးနေရတယ်”ဟု မန္တလေးပရဟိတလူငယ်ကွန်ရက်အဖွဲ့ဝင် ကိုသက်နိုင်ထွန်းက မန်ယူစာသင်ကျောင်း၏ အခက်အခဲများကို ပြောဆိုသည်။

ကျောင်းပျော်ကလေးများပြားလာသည့်အတွက် လက်ရှိအဆောင်နှင့်ပူးတွဲပြီး ၁၂ ပေ _၂ပေခွဲ တိုးချဲ့ရန် သွပ်ပြား၁၆ချပ်ခန့် ကုန်ကျမည့် စရိတ်လိုအပ်နေသည့်အပြင် စာရေးကိရိယာလည်း လိုအပ်နေဆဲဖြစ်ရာ ပါဝင်လှူဒါန်းလိုပါက ဖုန်း၀၉- ၇၉၇၃၅၃၂၇၉၊ ၇၉၈၅၉၆၅၇၃ ကျီကုန်းရပ်၊ ပြည်ကြီးတံခွန်မြို့နယ်သို့ ဆက်သွယ်နိုင်သည်။

“နောက်ထပ် စေတနာဆရာ၊ ဆရာမနှစ်ဦးလောက်ရပင် လိုချင်တယ်ဗျာ။ ကျွန်တော်ကတော့ စာသင်ပေးရင်း ဒီနေရာလေးမှာပဲ အပြီး ခေါင်းချသွားချင်တယ်”ဟု ကျောင်းဆရာ ကိုစိုင်းလောဝ်ခမ်းက ကြေကွဲသံဖြင့် ရေရွတ်ပြောဆိုသည်။

သန်းဖေသား

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *