ရွှေအ ကြက်ကင်ရောင်းသည်

ဓားမကို ကျွမ်းကျင်စွာကိုင်ကာ ခုတ်ထစ်နေရင်း ဈေးဝယ်သူများ တဖွဲဖွဲရောက်လာပြန်သည်။ ဝယ်သူများက “ဘယ်လောက်လဲ” ဟု မေးချိန်တွင်တော့ အခြားရောင်းသူများနှင့်မတူသော ပုံစံဖြင့် “အန်း အန်း” ဟု သူက ပြန်ဖြေလေသည်။

“အန်းအန်း”ဟု ဖြေရင်း သူရောင်းနေသော အစားအစာဘက် လက်ညှိုးထိုးကာ တစ်ချောင်း၂၀၀၊ သုံးချောင်း ၅၀၀ ဟု လက်အမူအရာဖြင့် ပြသည်။

ကွန်ကရစ်လမ်းမကြီး၏ လက်ယာဘက်လမ်းဘေးတွင် ဆိုင်ကယ်နောက်တွဲတွန်းလှည်းနှင့် ဈေးရောင်းနေသူတစ်ဦးကို ခပ်ခပ်ဝေးကလှမ်းမြင်နိုင်မည်။ တွန်းလှည်းပေါ်ရှိ ပစ္စည်းများကို နေရာချရင်း သူ အလုပ်ရှုပ်နေသည်။

တွဲလောင်းချိတ်တန်ချိတ်၊ စတီးဗန်းထဲထည့်သင့်တာထည့်ပြီး ဈေးဝယ်သူကို ဆွဲဆောင်စေရန်၊ မျက်စိပသာဒဖြစ်စေရန် မွမ်းမံပြင်ဆင်နေသည်။ တွန်းလှည်းပေါ်တွင် စတီးဗန်းခြောက်ခုကို ခင်းကျင်းနေသည်။ အရှေ့ဘက်ခြမ်းထဲရှိ စတီးဗန်းထဲတွင် ခြေထောက်များ ထည့်လိုက်၊ အသည်း တုတ်ထိုးထည့်လိုက်နှင့် အမျိုးမျိုးပြင်ဆင်နေသည်။

ထိုအချိန်တွင် ဈေးဝယ်သူရောက်လာပြီး ပစ္စည်းဈေးမေးမြန်းလိုက်ရာ ကိုယ်အမူအရာ လက်ညှိုးတစ်ချောင်းနှင့်အတူ ပါးစပ်ကလည်း “အန်းအန်း”ဟုဆိုကာ ဈေးရောင်းသူကို တုံ့ပြန်သည်။ ထိုအမူအရာကိုမူ ဝယ်သူက ရုတ်တရက်နားမလည်ပေ။

နားစွင့်ကြားဟန် မထင်၍ ဝယ်သူက နှစ်ဆင့်ကျော့မေးနေသည်။ တွန်းလှည်းဖြင့် ဈေးရောင်းနေသူကလည်း ယင်းကဲ့သို့ပင် ပြန်ဖြေသည်။ ထိုအမူအရာကိုကြည့်ကာ နောက်ဆုံးတွင် ဝယ်သူက သဘောပေါက်သွားပြီး နှစ်ဦးသားနားလည်မှုရှိစွာ အရောင်းအဝယ် ဖြစ်သွားသည်။

ထိုခေတ်မီတွန်းလှည်းနှင့် ဈေးရောင်းသူမှာ အသက် ၅၂နှစ်အရွယ်ရှိပြီဖြစ်သော ဦးဇော်လင်းဖြစ်သည်။ ပတ်ဝန်းကျင်က ရွှေအ ဟုလည်း ခေါ်ဝေါ်သည်။

အရပ်က ၅ ပေ ၆ လက်မခန့်၊ အသားအရည် ခပ်ညိုညိ၊ ခန္ဓာကိုယ် မပိန်မပါးရှိသော ဦးဇော်လင်းမှာ သူ့အလုပ်များကို ပြုံးရွှင်ကြည်မြစွာ လုပ်ကိုင်လှုပ်ရှားနေသူ ဖြစ်သည်။ ရုတ်တရက်ကြည့်လိုက်လျှင် သာမန်လူဟု ထင်ရသော်လည်း အမှန် တကယ်တွင်မူ ထိုသူမှာ အပြောနှင့်အကြား အာရုံချို့ယွင်းနေသော မသန်စွမ်းသူ (ဆွံ့အနားမကြား)တစ်ဦး ဖြစ်သည်။

သို့သော် ဦးဇော်လင်းမှာ တစ်ဝမ်းစာအတွက် တွန်းလှည်းဖြင့် ကြက်ကင်၊ ဘဲကင်ရောင်းသည်။ လက်ရှိတွင် ရန်ကုန်မြို့ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်ရှိ ဦးဝိစာရလမ်း၊ မဟာမြိုင်အိမ်ရာနားတွင် ဈေးရောင်းနေသည်။

တစ်ဝမ်းစာအတွက်ဟုဆိုရာမှာ တစ်ဦးတည်း လုပ်ကိုင်စားသောက်နေခြင်းကြောင့်ပင်။ ယခင်က ဦးဇော်လင်းတစ်ယောက် ဇနီး၊ သားသမီးများနှင့် သိုက်သိုက်ဝန်းဝန်း ပျော်ပျော်ရွှင်ရွှင် နေခဲ့ဖူးသည်။ သူ့တွင် သမီးတစ်ဦးနှင့် သားတစ်ဦးလည်း ရှိလေသည်။

သို့သော် နောက်ဆုံးတွင် သူ့မိသားစုဝင်များက သူ့ကို စွန့်ခွာထားခဲ့ကြလေသည်။ ဆွံ့အနားမကြားမသန်စွမ်းဖြစ်နေသည့် ဦးဇော်လင်းကမူ သူ့ကို ထားသွားသည့် သားသမီးနှင့်ဇနီးအကြောင်းပြောရာတွင်လည်း မျက်နှာတစ်ချက် မပျက်ခဲ့ပေ။

ဒဂုံမြို့သစ် (မြောက်ပိုင်း) (၃၅)ရပ်ကွက်တွင် ကိုယ်ပိုင်အိမ်ကို ငှားရမ်းထားသည်။ ထိုငှားရမ်းထားသည့် အိမ်ရှေ့ တွင် တည်ရှိသော လေတိုက်လျှင် ပြိုလဲတော့မည့်ယိုင်နဲ့နဲ့ သွပ်မိုး၊ဓနိကာအိမ်လေးတွင် သူနေထိုင်သည်။

ထိုယိုင်နဲ့နဲ့အိမ်လေး၏ အတွင်းနံရံတွင်မူ မိသားစုဓာတ်ပုံများဖြင့် အလှဆင်ထားလေသည်။ စစ်တပ်ယူနီဖောင်းအပြည့် အစုံဝတ်ထားသည့် ဦးဇော်လင်း၏ ဖခင်ပုံ၊ အဘိုးအဘွားမိသားစုပုံ၊သမီးကြီးမင်္ဂလာဆောင်ပုံ၊ သမီးနှင့် သားငယ်ဘ၀ပုံများကို ချိတ်ဆွဲထားသည်။ ထိုသက်မဲ့ဓာတ်ပုံများသည် သူ့ဘ၀အတွက် အရေးပါသော အစိတ်အပိုင်းလည်းဖြစ်သည်။

၂၀၁၆ခုနှစ်တွင် သမီးကြီးဖြစ်သူ အိမ်ထောင်ကျခဲ့ပြီး သူ့ထံ အဆက်အသွယ်မလုပ်တော့ပေ။ သားငယ်ဖြစ်သူမှာလည်း မည်သည့်နေရာတွင် နေထိုင်နေသည်ကို မသိရှိရ။ ဇနီးသည်မှာမူ အိမ်ထောင်သစ် ထူထောင်သွားခဲ့ကြောင်း ဦးဇော်လင်းနှင့် ရင်းနှီးသူတစ်ဦးက ဆိုသည်။

ထို့ကြောင့် ဦးဇော်လင်းအတွက် တစ်ဝမ်းစာသာ ရှာဖွေစားသောက်ရသည်။ တစ်ဝမ်းစာဟုဆိုသော်လည်း ဦးဇော်လင်းက တိရစ္ဆာန်လည်း ချစ်တတ်သည်။ အဖော်အဖြစ် သူ့အနားတွင် ခွေးတစ်ကောင်နှင့် ကြောင်တစ်ကောင် ရှိလေသည်။

အလုပ်ချိန်မှာ တစ်နေ့ ၁၈နာရီ ရှိသည်ဟု ဦးဇော်လင်းက ဆိုသည်။

ဦးဇော်လင်းသည် နိစ္စဒူဝအလုပ်များကို အချိန်သတ်မှတ် လုပ်ကိုင်လေသည်။ နံနက်၇ နာရီခွဲဆိုလျှင် ကြက်နှင့် ဘဲများ ဝယ်ရန် ဈေးသွားကြောင်း ၎င်းက စကားမပီတပီရော ကိုယ်အမူအရာနှင့်ပါ ဆိုသည်။

သူ့ဆိုင်လေးအတွက် တစ်နေ့လျှင် ကြက်လေးကောင်နှင့် ဘဲလေးကောင်သာ ဝယ်သည်။ အသင့်ရောင်းနိုင်ရန် သေချာ ဆေးကြောပြီးချိန်တွင်မူ မွန်းတည့် ၁၂နာရီ ထိုးကြောင်း သူ၏လက်ပတ်နာရီကို လက်ညှိုးထိုးကာ ဦးဇော်လင်းက ဆိုသည်။

ထို့နောက် ကြက်နှင့် ဘဲတို့ အရသာရှိစေရန်လိုအပ်သည့် အဆာပလာများကို ထည့်၊ နှယ်ဖတ်ကာ နှပ်ထားရပြန်သည်။ ထို့နောက်တွင်မူ ခဏအနားယူချိန်တွင် နှစ်လုံးထီထိုးခြင်းနှင့် အခြားလုပ်ရန်ရှိသည်များကို လုပ်ဆောင်လေသည်။

ဦးဇော်လင်းမှာ မွေးရာပါအပြောနှင့် အကြားအာရုံချို့ယွင်းသူ မဟုတ်ပေ။

၎င်း အသက်ခြောက်နှစ်အရွယ်တွင် မိခင်နှင့်အတူ ကျိုက်ထီးရိုးဘုရားဖူး အလည်သွားရာမှ အပြင်းဖျားခဲ့သည်။ ယင်းအဖျားရှိန်ကြောင့် စကားလည်း မပြောတတ်၊ နားလည်း မကြားတော့ခြင်း ဖြစ်သည်။

ထိုနေ့ကို ဦးဇော်လင်းတစ်ယောက် မမေ့သေးကြောင်း ဟန်ပန်အမူအယာဖြင့် သူလုပ်ပြလေသည်။ ဖခင်ဖြစ်သူက ၎င်းကို ချီကာ ဆေးခန်းပြေးသွားခဲ့သော်လည်း အရာရာ နောက်ကျသွားခဲ့သည်။ နာဖျားမှုက သူ့ သန်စွမ်းခဲ့မှုများကို ယူဆောင်သွားခဲ့ လေသည်။ အသက်ခြောက်နှစ်အရွယ်တွင် သူ မသန်စွမ်းဖြစ်ခဲ့သည်။

ထိုသို့ဖြစ်သွားသည့်နောက်ပိုင်းတွင် ကြည့်မြင်တိုင်ဆွံ့အနားမကြားကျောင်းတွင် ကျောင်းတက်ခဲ့ကြောင်း ဦးဇော်လင်းက ဆိုသည်။

“ကျောင်းတစ်တန်း၊ နှစ်တန်းတက်တယ်။ လေးတန်းထိ။ နောက်တော့ကျကျ (စာမေးပွဲကျ)လို့ ကျောင်းမတက် တော့ဘူး”ဟု ဦးဇော်လင်းက ဆိုသည်။

“ရေးတတ်၊ ဖတ်တတ်တယ်။ ရပြီ” ဟု ကိုယ်အမူအယာ၊ နှုတ်အမူအယာနှင့် ဆိုသည်။

ယင်းနောက်ပိုင်းတွင် ဆယ်ကျော်သက်အရွယ် ၁၆နှစ်တွင် ရန်ကုန်မြို့ ၁၆လမ်းရှိ တရုတ်အစားအစာရောင်းသည့် တရုတ်ဆိုင်တွင် အလုပ်လုပ်ခဲ့ကြောင်း ဦးဇော်လင်းက ဆိုသည်။

ယင်းဆိုင်တွင် အလုပ်လုပ်နေရင်း ၁၉၈၈ခုနှစ် (ရှစ်လေးလုံးအရေးအခင်း)ဖြစ်သည့်အချိန်တွင် ဦးဇ်ာလင်း၏ဆိုင်ပိုင်ရှင်မှာ ကွယ်လွန်ခဲ့ကြောင်း ၎င်းက ဆိုသည်။

ယင်းနောက်ပိုင်းတွင် ရန်ကုန်မြို့ရှိ ဟိုတယ်နှင့် စားသောက်ဆိုင်များတွင် စားဖိုမှူးအဖြစ် သူလုပ်ကိုင်ခဲ့လေသည်။

အဆိုပါ တရုတ်ဆိုင်မှ ရရှိတတ်မြောက်ခဲ့သော ဟင်းချက်ပညာကြက်ကင်၊ဘဲကင်ပညာဖြင့် အသက်မွေးဝမ်းကျောင်း ပြုနိုင်ခဲ့သည်။

ကြက်ကင်၊ ဘဲကင်ရောင်းသည့် သက်တမ်းမည်မျှရှိပြီနည်းဆိုသည့် အမေးကိုမူ အနှစ်၂၀ရှိပြီဟု စာရေးပြကာ ဦးဇော်လင်းက ဖြေလေသည်။

မြောက်ဥက္ကလာပအဝိုင်း (မြောက် ဥက္ကလာပမြို့နယ်)တွင် ငါးနှစ်ကြာ သူ ဈေးရောင်းခဲ့ဖူးသည်။ ယင်းနေရာနားတွင် သူရောင်းနေစဉ် နောက်ပိုင်း၌ ကြက်ကြော်ဆိုင်တစ်ဆိုင် လာရောက်ဖွင့်ခဲ့သဖြင့် ဈေးရောင်းရမှု နည်းပါးသွားခဲ့ရာမှ သူ နေရာသစ်သို့ ထပ်မံပြောင်းရွှေ့ရောင်းချ ဖြစ်ခဲ့သည်။

သူ၏ဘုံနန်းအသစ်အဖြစ် ပင်လုံမှတ်တိုင်တွင် ကြက်ကင်၊ ဘဲကင် ရောင်းပြန်သည်။ ဈေးရောင်းကောင်းသော်လည်း ယင်းနေရာတွင် ကြက်ကြော်ဆိုင်တစ်ဆိုင်လာဖွင့် ပြန်ရာ နေရာသစ်သို့ ထပ်ကာပြောင်းရပြန်သည်။

ဆိုင်ကြီးကနားကြီးဖြင့် ဖွင့်သော ကြက်ကြော်ဆိုင်ကြီးကို သူမယှဉ်သာ။ ထို့ကြောင့် နေရာပြောင်းဖွင့်ခဲ့ရသည်။

လောပိတလမ်းထိပ် (မြောက်ဒဂုံ)သို့ တတိယမြောက်ပြောင်းရွှေ့ကာ ကြက်ကင်၊ ဘဲကင်ရောင်းခဲ့သည်။ သို့ရာတွင် ယင်းနေရာတွင်လည်း ဦးဇော်လင်းအတွက် အဆင်မပြေခဲ့ချေ။

လက်ရှိရောင်းချနေသည့် မဟာမြိုင်အိမ်ရာအနီးကို နောက်ဆုံးတွင် ရောက်ရှိလာသည်။ ယင်းနေရာတွင် ၂ နှစ်ကြာရောင်းချနေပြီဖြစ်ရာ အနားပတ်ဝန်းကျင်ကလည်း သူ့ဆိုင်လေးကိုသိရှိနေပြီဖြစ်သည်။

ဦးဇော်လင်းမှာ ရန်ကုန်ဇာတိဖြစ်ကာ မြောက်ဥက္ကလာနှင့် ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်တို့အနီးတွင် လှည့်လည်ရောင်းနေသူဖြစ်၍ ယင်းပတ်ဝန်းကျင်မှ လူများကလည်း သိရှိကြသည်။ အားပေးကြသည်။

အလှည့်အပြောင်းအမျိုးမျိုးကို ကြုံတွေ့ ခဲ့ရသော လောကဓံကို ဦးဇော်လင်း တစ်ယောက် ရဲရဲဝံ့ဝံ့အံတုရင်ဆိုင်နေဆဲပင်။

သို့သော်လည်း စိတ်ကပါသော်လည်း ကိုယ်က မလိုက်နိုင်၊ နေမကောင်းဖြစ်သည့်အခါ ဆိုင်ကို မဖြစ်မနေပိတ်ကာ အနားယူရပြန်သည်။

ဦးဇော်လင်းတစ်ယောက် ဘ၀ကို စိတ်ပျက်ခြင်းအလျဉ်းမရှိ ပျော်ရွှင်စွာ လုပ်ကိုင်ရှာဖွေ စားသောက်နေသည်။ သူလုပ်တတ်သည့် ကြက်ကင်၊ ဘဲကင်ပညာဖြင့် အသက်မွေးဝမ်းကျောင်းပြုရင်း အချိန်များကို ကုန်ဆုံးစေလျက်ရှိသည်။

သူအိုမင်းချိန်အတွက် ရှင်သန်ရပ်တည်ရေး မေးခွန်းကိုမူ သူက ယခုလို ဖြေသည်။

လက်ငါးချောင်း တစ်ခါထောင်၊ လက်နှစ်ချောင်းတစ်ခါထောင်ပြပြီး “ကြီးပြီ၊ ကြီးပြီ (အသက်) မနေရတော့ဘူး”ဟု ဦးဇော်လင်းက ဆိုသည်။

မိုးရွာတစ်လှည့် နေပူတစ်လှည့် ဥတု အဖုံဖုံပြောင်းလဲနေသော်လည်း ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ် ဦးဝိစာရလမ်း မဟာမြိုင်အိမ်ရာနားတွင် ဦးဇော်လင်း ဈေးရောင်းနေဦးမည် ဖြစ်သည်။

ဆိုင်ကယ်နောက်တွဲတွန်းလှည်းလေးကို တွေ့မြင်နေရဦးမည်ဖြစ်သည်။

ဈေးဝယ်များက မေးမြန်းချိန်တွင်လည်း “အန်း အန်း”ဟုဆိုကာ သူ ဈေးရောင်းနေဦးမည်ပင်။

ဥမ္မာလွင်

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *