ဝိပဿနာဖြင့် ကမ္ဘာပတ်သူ

 မော်တော်ဆိုင်ကယ်တစ်စီးဖြင့် ကမ္ဘာပတ်သူဟု နာမည်ကြီးသည့် အဘွားဒေါ်တင်တင်စိန်၏ နောက်ထပ်ဂုဏ်ယူဖွယ်တစ်ခုမှာ ဝိပဿနာဖြင့် ကမ္ဘာပတ်ခဲ့ခြင်း ဖြစ်သည်။

ငယ်ရွယ်စဉ်ကမူ အထူးအဆန်းကို စူးစမ်းလိုစိတ်၊ စွန့်စားလိုစိတ်ဖြင့် မော်တော်ဆိုင်ကယ်အစုတ်တစ်စီးဖြင့် ခင်ပွန်းဖြစ်သူနှင့်အတူ ကမ္ဘာတစ်ပတ် ပတ်ခဲ့ဖူးသည်။ ၁၉၅၅ မှ ၁၉၅၆ အထိ တစ်နှစ်တိတိ ကြာမြင့်သည့် ယင်းခရီးတွင် နိုင်ငံပေါင်း ၃၈ နိုင်ငံ၊ ခရီးမိုင်ပေါင်း ငါးသောင်းကျော် ခြေဆန့်ခဲ့ကြသည်။

ထိုခရီးအတွင်း ဘုရင်၊ ဝန်ကြီးချုပ် စသည့် နိုင်ငံတော်အကြီးအကဲများနှင့်လည်း တွေ့ခဲ့ရသလို အခက်အခဲများစွာကိုလည်း ကျော်ဖြတ်ခဲ့ကြရသည်။

နှစ်ဦးပေါင်း ရူပီး ၂၀၀ နှင့် ပေါင် ၁၆၀ သာပါသည့် ခရီးစဉ်အတွက် ငွေကြေးအခက်အခဲကိုလည်း ဖြေရှင်းနည်းက စိတ်ဝင်စားဖွယ် ကောင်းသည်။

လမ်းခရီးတစ်လျှောက် မြန်မာနိုင်ငံ၏ထူးခြားမှုများ၊ သာယာလှပမှုများကို အင်္ဂလိပ်ဘာသာဖြင့် ရေးသားသည့် ဆောင်းပါးများ၊ ရေဒီယိုပါကစ္စတန်၊ အောလ်အင်းဒီးယားရေဒီယို၊ ရေဒီယို ဘဂ္ဂဒက်၊ ဆီးရီးယားရေဒီယို၊ ရေဒီယို အီရတ် စသည်တို့တွင် Radio Talk များ ပြုလုပ်ကာ ပိုက်ဆံရှာဖွေခဲ့ရသည်ဟု ဒေါ်တင်တင်စိန်က ပြန်ပြောင်းပြောပြသည်။

၁၉၅၆ ခုနှစ် ဗြိတိန်နိုင်ငံ လန်ဒန်မြို့သို့ ရောက်ရှိစဉ် BBC သတင်းဌာန၏ In Town Tonight အစီအစဉ်တွင် ပါဝင်ခွင့် ရရှိခဲ့သည်။ မှတ်မှတ်ရရ ရုပ်သံပေါ်ကာစ အဖြူအမည်းဖြင့် ထုတ်လွှင့်နေစဉ် အချိန်ဖြစ်သည်။ ထိုအစီအစဉ်အပြီးတွင် စာရေးဆရာ မောရစ်ကောလစ်အပါအဝင် မြန်မာပြည်တွင် နေထိုင်ဖူးသည့် အရာရှိများ၊ ဘုရင်ခံချုပ်များက တယ်လီဖုန်းဆက်ပြီး ချီးကျူးစကားပြောခဲ့သည်။ ထမင်းစားပွဲများ ပြုလုပ်ပေးခဲ့သည်။

“နိုင်ငံတွေ အများကြီးသွားပြီးတော့ သူများနိုင်ငံတွေရဲ့ တိုးတက်တာတွေ၊ ကောင်းစားနေတာတွေ၊ အဆင်ပြေနေတာတွေ မြင်ရတော့ ကိုယ့်တိုင်းပြည်အတွက် ရင်နင့်တယ်” ဟု ထိုစဉ်က ခံစားမှုကို အဘွား ဒေါ်တင်တင်စိန်က ပြန်ပြောင်းပြောပြသည်။

ဒေါ်တင်တင်စိန် (ခေါ်) ပင်မလာကို ၁၉၃၇ ခုနှစ်တွင် ထောင်ပိုင်ကြီး ဦးစကင်းနားနှင့်-ဒေါ်ကာရိုလိုင်းနား (ဒေါ်လှမေ) တို့က စစ်တွေမြို့တွင် မွေးဖွားခဲ့သည့် အင်္ဂလိပ်- မွန် ကပြားလူမျိုးဖြစ်သည်။ တစ်ဦးတည်းသော သမီးလည်းဖြစ်ပြီး မိဘများ၏အချစ်ပိုခံခဲ့ရသူလည်းဖြစ်သည်။

ငယ်စဉ်ကတည်းက ကျောင်းစာရော အားကစားဘက်တွင်ပါ ထူးချွန်ထက်မြက်သူဖြစ်ပြီး သရက်မြို့တွင် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲကို ဘာသာစုံဂုဏ်ထူးဖြင့် အောင်မြင်ခဲ့သူ ဖြစ်သည်။

သစ်တောအရေးပိုင်မင်း ဦးဘတုတ်နှင့် အိမ်ထောင်ကျကာ အသက် ၁၈ နှစ်အရွယ်တွင် သမီးဦးကို မွေးဖွားပြီး ခြောက်လခန့်အကြာတွင် စတင်ခဲ့သည့် ကမ္ဘာပတ်ခရီးစဉ်ပြီးဆုံးပြီး မြန်မာပြည်ပြန်ရောက်သောအခါ ကျောင်းဆရာမအဖြစ် လုပ်ကိုင်သည်။

ထိုမျှမကသေး။ ရခိုင်ပြည်နယ် ကင်းထောက်နာယက၊ ကြက်ခြေနီ၊ မိခင်နှင့် ကလေးစောင့်ရှောက်ရေး၊ လူမှုကယ်ဆယ်ရေး စသည်တို့တွင် စိတ်ရောကိုယ်ပါ ဝင်ရောက်လုပ်ကိုင်ခဲ့သည်။

ထိုအချိန်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ အင်းဝကျွန်းပေါ်ရှိ မြန်မာများကို ဘင်္ဂလားဒေ့ရှ်အစိုးရက နှင်ထုတ်နေသဖြင့် စစ်တွေသို့ ရောဂါများဖြင့် ရောက်လာသည့်မြန်မာများကို နေရာချထားပေးခြင်း၊ ဆေးရုံတင်ပေးခြင်းများကို ဦးဆောင်လုပ်ကိုင်ခဲ့သည်။

အဘွားဒေါ်တင်တင်စိန်သည် ငယ်စဉ်က ခရစ်ယာန်ဘာသာဝင်ဖြစ်သော်လည်း ဗုဒ္ဓဘာသာသို့ ကူးပြောင်းခဲ့ကာ ၁၉၅၈ ခုနှစ်တွင် ဝိပဿနာကို စတင်လုပ်ဆောင်နိုင်ခဲ့သည်။ လူမှုကူညီရေးများ လုပ်ကိုင်ရင်း၊ ဝိပဿနာရှုရင်းဖြင့် ကိုယ်တိုင်လည်း အားထုတ်သလို သံရုံး၊ UN စသည်တို့မှ စိတ်ဝင်စားသူတို့ကိုပါ တရားပြသခြင်းကို လုပ်ကိုင်လာရသည်။

ထိုအခါ ကမ္ဘာပတ်စဉ်က ကြုံတွေ့ခဲ့ရသည့် အတွေ့အကြုံတို့က သူ့အတွက် များစွာအထောက်အကူပြုခဲ့သည်။ ခင်ပွန်းဖြစ်သူနှင့် သွားခဲ့သည့် ကမ္ဘာပတ်ခရီးစဉ်တွင် ဗုဒ္ဓဘာသာ၊ ဟိန္ဒူ၊ မွတ်ဆလင်၊ ခရစ်ယာန် စသည့်ဘာသာတရားတို့ စတင်သည့်နေရာတို့ကိုပါ ရောက်ရှိခဲ့ရသည်။

“တစ်ခုနဲ့တစ်ခု တူအောင်လို့ ညှိလို့တော့ မရဘူးပေါ့။ အနှစ်သာရကတော့ ဗုဒ္ဓဘာသာက အကောင်းဆုံးပဲ။ အတ္တာဟိ အတ္တနော နာထောဆိုတဲ့ ကိုယ့်ကိုယ်ကိုအားကိုးရမယ်ဆိုတဲ့စကားလောက် ကောင်းတာ မရှိဘူး” ဟု အဘွား ဒေါ်တင်တင်စိန်က သူတွေ့ရှိထားသည့် ဘာသာတရား၏ ကောင်းမွန်မှုကို ဝေမျှသည်။

စွန်းလွန်းဝိပဿနာကမ္မဋ္ဌာန်းကျောင်းတိုက်တွင် ၁၉၆၀ မှ ၁၉၆၅ ခုနှစ် အထိ တရားအားထုတ်ကာ ဆရာတော်များ ဟောကြားမှု၊ ဗုဒ္ဓစာပေများကို လေ့လာမှတ်သားရင်း မြန်မာပြည်အနှံ့ ဝိပဿနာတရားပြ၊ တရားဟောမှုကို လုပ်ဆောင်ခဲ့ သည်။ ရဟန်းခံ၊ ရှင်ပြုအလှူများကိုလည်း လုပ်ဆောင်ရင်း နိုင်ငံခြားသားများကိုပါ ရဟန်းခံပေးပြီး တရားပြသပေးခဲ့မှုက နောက်ထပ်တစ်ကြိမ် ကမ္ဘာပတ်ရန်အတွက် အခွင့်ကြုံလာရသည်။

၁၉၉၅ ခုနှစ်မှစတင်၍ ပြည်ပ သာသနာပြုခရီးအဖြစ် ကမ္ဘာပတ်ကာ တရားပြခြင်းတို့ကို လုပ်ဆောင်ခဲ့ပြီး နိုင်ငံ တကာမှ လူပေါင်းငါးသောင်းကျော်ကို ဗုဒ္ဓဘာသာဝင် ဖြစ်လာရန် ဟောပြောနိုင်ခဲ့သည်။ ထိုသို့ လုပ်ဆောင်နိုင်ရန်အတွက် အင်္ဂလိပ်စကားကျွမ်းကျင်ခြင်းက ကောင်းစွာ အထောက်အကူပြုခဲ့သည်။

လက်ရှိတွင် ပုဂံမြို့သစ်ရှိ သူပိုင်ဆိုင်သည့် မြတ်ပုဂံဟိုတယ်တွင် နေထိုင်ရင်း ဝိပဿနာတရားပြသခြင်းများကို လုပ်ဆောင်နေသည်။
နိုင်ငံခြားသားများ ဝိပဿနာအလုပ်ဖြင့် လာရောက်လျှင် နေ၊ စား၊ ငြိမ်း အပြင် တရားပြသသည့် အခကြေးငွေပါ မယူ။ အားလုံး အခမဲ့ ကုသိုလ်ပြုနေသည်ဟု ၎င်းကရှင်းပြသည်။

“တစ်လကို ငါးယောက်လောက်ထိ လာတတ်တယ်။ တစ်ခေါက်လာရင် တစ်ပတ်လောက်ကြာတယ်။ တရားရသွားတဲ့သူတွေလည်း ရှိကြပါတယ်” ဟု အဘွား ဒေါ်တင်တင်စိန်က ပြုံးလျက်ဆိုသည်။

တရားပြသလျှင် တစ်နာရီအနည်းဆုံး ဒေါ်လာတစ်ရာရရှိသော်လည်း မိမိအနေဖြင့်မူ မြတ်စွာဘုရား၏ တရားတော်ကို အခွင့်အရေးမယူနိုင်၊ ပြစားခြင်းမပြု နိုင်ဟု ခံယူထားသည်။

ကမ္ဘာလှည့်ကာ တရားပြသခြင်းကြောင့် ဗုဒ္ဓဘာသာအတွက် ကျေးဇူးကြီးသည့် ဒေါ်တင်တင်စိန်သည် မြန်မာအမျိုးသမီးများထဲမှ ပထမဆုံး မဟာသဒ္ဓမဇောတိကဓဇဘွဲ့ကို ၂၀၀၆ ခုနှစ်ကတည်းက ရရှိခဲ့သူလည်း ဖြစ်သည်။

အဘွား ဒေါ်တင်တင်စိန်သည် အသက် ၈၃ နှစ်အရွယ် ရောက်ပြီဖြစ်သော်လည်း မျက်မှန် မလိုသေး၊ နားအကြား ကောင်းမွန်သေးသည်။ ဆံပင်လည်း သိပ်မဖြူသေးသည့်အပြင် သွေးတိုး၊ သွေးချို၊ ဆီးချို ဘာရောဂါမျှမရှိ။ တစ်ခါတစ်ရံတွင်သာ ဒူးနာသည့်ဝေဒနာ ခံစားရသည်ဟု ဆိုသည်။

“ကျန်းမာရေးက ကောင်းတယ်။ သက်သတ်လွတ်စားတာ အနှစ် ၅၀ ရှိပြီ။ ခုထိ ကျန်းမာတာ ဝိပဿနာတန်ခိုးပေါ့” ဟု အဘွား ဒေါ်တင်တင်စိန်က ကြည်လင်သည့်အသံဖြင့် ပြောပြသည်။

ကမ္ဘာလှည့် တင်တင်စိန်ဟု လူသိများသည့် အဘွားဒေါ်တင်တင်စိန်သည် စာရေးဆရာမတစ်ဦးလည်း ဖြစ်သည်။ လက်ရှိအချိန်ထိ စာအုပ်ပေါင်း ၁၇ အုပ် ထုတ်ဝေထားပြီး အများစုမှာ သူရောက်ရှိခဲ့သည့် နိုင်ငံများအကြောင်းကို စိတ်ဝင်စားဖွယ် ရေးသားပြသည့် ခရီးသွားစာပေအမျိုး အစားများ ဖြစ်သည်။

မရမ်းကုန်းမြို့နယ် စာရေးဆရာအသင်းနှင့် ညောင်ဦးမြို့နယ် စာရေးဆရာအသင်း၏ ကန်တော့ခံ စာပေပညာရှင်လည်း ဖြစ်သည်။

အဘွားဒေါ်တင်တင်စိန်၏ သားသမီး မြေးမြစ်များမှာ ရန်ကုန်မြို့တွင် နေထိုင်ကြပြီး အဘွားမှာ ပုဂံတွင် သံသရာဆွေမျိုး ကလေးငယ်နှစ်ဦးဖြင့် အတူတူနေထိုင်လျက်ရှိသည်။

နေ့စဉ် နံနက် ၄ နာရီတွင် အိပ်ရာထပြီး ပုတီးစိပ်၊ တရားထိုင်၊ ဘုရားစာ ရွတ်ဖတ်သည်။ နောက် ဟိုတယ်ကိစ္စ၊ အခြားလူမှုရေးများ၊ ဝိပဿနာကိစ္စများ ဆောင်ရွက်ရင်း တစ်နေကုန်သည်။ ဒီကြားထဲတွင် စာရေးသည့်အလုပ်ကိုလည်း လုပ်နေသေးသည်။

“အခု ဓမ္မသံတော်ဆင့်မှာတော့ ကြိုးစားပြီး ရေးနေတယ်” ဟု ၎င်းက ဆိုသည်။

ကမ္ဘာလှည့်သူ၊ ဝိပဿနာပြသသူ၊ စာရေးသူ စသည့်နယ်ပယ်အသီးသီးတွင် ဂုဏ်သတင်းကြီးသည့် အဘွားဒေါ်တင်တင်စိန်အတွက် ပြုသူအသစ်၊ ဖြစ်သူအဟောင်း ကံဝဋ်ကြွေးတစ်ခုက ယနေ့တိုင် မပြီးသေး။

ဝိပဿနာအလုပ်ဖြင့် ရန်ကုန်မြို့အပါအဝင် ကမ္ဘာ့နိုင်ငံများသို့ ခရီးလှည့်လည်သွားလာနေသည့်အချိန်များတွင် လက်ရှိနေထိုင်သည့် မြတ်ပုဂံဟိုတယ်ကို လူယုံသဘောမျိုးဖြင့် ခန့်အပ်ထားသည့် မန်နေဂျာဖြစ်သူက မရိုးမသားပြုလုပ်ကာ စာချုပ်စာတမ်းအတုများဖြင့် သူ့အမည်ပေါက်ပြောင်းပြီး ရောင်းချရန် ကြံစည်ခဲ့သည်။

ယင်းအတွက် တစ်ဖက်နှင့်တစ်ဖက် တရားစွဲဆိုထားကြကာ အမှုရင်ဆိုင်နေရသည်မှာ လေးနှစ်ရှိပြီဖြစ်ပြီး ယနေ့တိုင် မပြီးသေး။ မန္တလေးတိုင်းဒေသကြီး တရားလွှတ်တော်တွင် ရင်ဆိုင်နေရဆဲဖြစ်သည်။

မြတ်ပုဂံဟိုတယ်ကိုလည်း ဝန်ကြီးဌာနက ဖွင့်လှစ်ခွင့် ပိတ်ပင်ထားခံရဆဲ ဖြစ်သည်။ သို့သော် ဝိပဿနာအလုပ်ဖြင့် လာရောက်သည့် နိုင်ငံခြားသားများ၊ စာရေးဆရာများ လာရောက်လျှင် အခမဲ့တည်းခိုခွင့်ပေးထားသည်ဟု အဘွားက ရှင်းပြသည်။

ထိုကိစ္စမှလွဲ၍ အဘွားဒေါ်တင်တင်စိန်တွင် ပူပင်သောကရောက်စရာ ကိစ္စများ မရှိ။ သူသိထားသည့် ဝိပဿနာတရား လိုချင်သူများကို မျှဝေသည်။ သူသိထားသည့် နိုင်ငံတကာအကြောင်းများကို စာရေးသားသည်။ ပုဂံမြို့သစ်တွင် အေးအေးချမ်းချမ်း နေထိုင်လျက်ရှိနေ သည်။

ဖခင်ဖြစ်သူက ဒေါ်တင်တင်စိန်ကို ‘လူသေပါစေ၊ နာမည်မသေပါစေနဲ့ သမီး’ ဟု အမြဲမှာခဲ့ဖူးသည်။ ထိုစကားကို သူမမေ့။

“ကြိုးစားပြီးတော့ ဖြောင့်အောင်နေတယ်” ဟု သူ့ဘ၀နေနည်းကို အတိုချုံ့၍ ပြောပြလေသည်။ 

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *