အဝေးကြည့် အနီးကြည့် ပင်လုံညီလာခံ

၂၁ရာစု ပင်လုံညီလာခံကို ခြောက်လတစ်ကြိမ်ကျင်းပရန် ရည်ရွယ်ထားသော်လည်း ၁၄ လကြာမှ ပြန်လည်ကျင်းပနိုင်ခြင်းကိုက ငြိမ်းချမ်းရေးသည် မလွယ်ကြောင်းပြသနေသည်။ စင်စစ် ညီလာခံတွင် မည်သည့်ရလဒ်များ ထွက်သည်ဖြစ်စေ ယခုကဲ့သို့ ပြန်လည်ကျင်းပနိုင်ခြင်းကိုက အောင်မြင်မှုဟု ဆိုရမည်ဖြစ်သည်။ ငြိမ်းချမ်းရေးညီလာခံသည် ဆောင်းအကုန် ဖေဖော်ဝါရီလလောက်ကတည်းက ကျင်းပဖြစ်မည်ဖြစ်လိုက် ရွှေ့သွားလိုက် အဆင့်ဆင့်ညှိနှိုင်းလိုက်နှင့် ယခုကဲ့သို့ မိုးတွင်းထိ ရောက်လာခြင်းဖြစ်သည်။

စင်စစ်ဆွေးနွေးခြင်းသည် မဆွေးနွေးခြင်းထက်ကောင်းသည်မှာ သေချာသည်။ ဆွေးနွေးလျက်ပင် သေနတ်သံထွက်နေသေးဟု ဆိုလျှင်ပင် မဆွေးနွေးလျှင် သေနတ်သံပိုထွက်မည်မှာ သေချာသည်။ သင်္ကြန်ပိတ်ရက်များတွင် ဆွေးနွေးပွဲမဖြစ်လျှင် တိုက်ပွဲများ ဖြစ်ပွားမည်ကို စိုးရိမ်နေသော ငြိမ်းချမ်းရေး Player ကြီးများ၏ အသံကို ဖေဖော်ဝါရီလ၊ မတ်လလောက်က ကြားခဲ့ရဖူးသည်။ သူတို့ အမှန်တကယ် စိုးရိမ်နေကြသည်။

ယခင်ငြိမ်းချမ်းရေးညီလာခံတွင် မြောက်ပိုင်းအဖွဲ့များသည် နောက်ဆုံးမိနစ်တွင်မှ တရုတ်နိုင်ငံ၏ တိုက်တွန်းမှုဖြင့် ရောက်လာကြသည်။ ထိုအဖွဲ့များသည် ယခုတစ်ခေါက်တွင်မူ ငြိမ်းချမ်းရေးညီလာခံမစမီ တစ်ပတ်ခန့်အလိုကတည်းက ညီလာခံတက်ရန် သဘောတူပြီးဖြစ်သည်မှာ တိုးတက်မှုဖြစ်သည်။ ထိုအဖွဲ့များကို မြန်မာနိုင်ငံ တရုတ်သံရုံးကတစ်ဆင့် ဖိတ်စာပို့ရသည်ဆိုခြင်းက ငြိမ်းချမ်းရေးဖြစ်စဉ်တွင် တရုတ်နိုင်ငံ၏ အခန်းကဏ္ဍကို မြင်နိုင်သည်။

ပင်လုံငြိမ်းချမ်းရေးညီလာခံမှ ထွက်ပေါ်လာသော ရလဒ်ကို ညီလာခံကျင်းပစဉ် ရလဒ်များနှင့်သာ မတိုင်းသင့်ဘဲ ညီလာခံမတိုင်မီ၊ ညီလာခံကျင်းပစဉ်၊ ညီလာခံအပြီးဟူသော သုံးမျိုးသောရလဒ်များနှင့် တိုင်းသင့်သည်။ ညီလာခံကျင်းပရန် ရည်မှန်းချက်ဖြင့် ညီလာခံမတိုင်မီ ဆောင်ရွက်ချက်များ၊ ကြိုးစားချက်များသည် ညီလာခံအပေါ် သက်ရောက်သည်။ ညီလာခံတွင်း ဆွေးနွေးမှုများသည် ညီလာခံအပြီးကာလကို သက်ရောက်သည်။

ပွဲပြီးမီးသေမဟုတ်ဘဲ ပင်လုံညီလာခံမှ ရလိုက်သော အရှိန်အဟုန်အတိုင်း နောက်ဆက်တွဲဆွေးနွေးပွဲများ အရှိန်မြှင့်သင့်သည်။ ခက်ခက်ခဲခဲသဘောတူပြီးမှ ညီလာခံကို ကျင်းပရသည်ဖြစ်ရာ ညီလာခံအပြီး ရလဒ်များ ကောင်းအောင် ကြိုးစားရမည်ဖြစ်သည်။

ယခုညီလာခံတွင် ယခင်က ဆွေးနွေးခွင့်မရခဲ့သော အဖွဲ့များ ဆွေးနွေးနိုင်မည်ဟု သတင်းကြားရရာ မင်္ဂလာသတင်းဖြစ်သည်။ တစ်ဖက်နှင့် တစ်ဖက်ဝေးကွာခဲ့ရာမှ ယုံကြည်မှု ပြန်လည်တည်ဆောက်နိုင်မည့်၊ တစ်ဖက်လိုလားချက် တစ်ဖက်သိရမည့် အခွင့်အလမ်းဖြစ်သည်။

အချို့ကိုယ်စားလှယ်အဖွဲ့များတွင် တောက်လျှောက်ဆွေးနွေးလာခဲ့သော ခေါင်းဆောင်များနေရာတွင် လူသစ်များ အစားထိုးလိုက်သည့်အတွက် တည်ဆောက်ပြီးသားယုံကြည်မှုနှင့် သဘောတူပြီးသားအချက်အလက်များ ပျောက်ကုန်ပြီး အစမှ ပြန်စနေရသည်ဟု ပြောဆိုမှုများလည်း ကြားရသည်။ လူဟောင်းနှင့် လူသစ်လဲလှယ်ရာတွင် အတွေ့အကြုံများ ဖလှယ်ပေးနိုင်လျှင် အရှိန်မပျက် ရှေ့ဆက်သွားနိုင်မည်။

ငြိမ်းချမ်းရေးနှေးသည်ဟု ထင်နေကြသော်လည်း ကျွန်တော့်အမြင်မှာမူ ယခုထက် တိုက်ပွဲများပိုမဖြစ်အောင် ထိန်းထားနိုင်လျှင်ပင် မဆိုးဟု မြင်သည်။ ကျန်သည့်အပိုင်းမှာမူ စိတ်ရှည်ရှည်ဖြင့် ဆွေးနွေးရင်း အကောင်အထည်ဖော်ရင်း သွားကြရမည်။

ယခုလက်ရှိ NCA ခေါ် National Ceasefire Agreement ကို စိတ်ပျက်ကြသည်များ အဖွဲ့အသီးသီးတွင် ရှိလာသည်ဟု ကြားရသည်။ သို့သော် NCA သည် ပင်လုံစာချုပ်ပြီးနောက် မြန်မာနိုင်ငံတွင် ခက်ခက်ခဲခဲရထားသည့် သဘောတူညီချက်တစ်ရပ် ဖြစ်သည်။ ယင်းစာချုပ်ပျက်သွားလျှင် နောက်ထပ် အလားတူထပ်ရဖို့ မလွယ်ပါ။

ငြိမ်းချမ်းရေးဖြစ်စဉ် အရှိန်ရလာသည်နှင့်အမျှ အရပ်သားများဖြစ်သည့် နိုင်ငံရေးပါတီနှင့် အရပ်ဘက်လူ့အဖွဲ့အစည်းများသည် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့၏ ဦးဆောင်မှုနောက်သို့ ရောက်သွားသည်ဟု အကဲခတ်အချို့က ပြောကြသည်။ ယင်းသည် မြန်မာနိုင်ငံ အရပ်တပ်ဆက်ဆံရေး (Civil-Military Relations) ၏ အနာဂတ်အစိတ်အပိုင်းအချို့ကို ပုံဖော်လိမ့်မည်။ တစ်ဖက်က ကြည့်ပြန်လျှင် ငြိမ်းချမ်းရေးသည် လက်နက်ကိုင်ထားသူအချင်းချင်းပြေလည်အောင် လုပ်ဆောင်ရသည့် ဖြစ်စဉ်ဖြစ်ရာ လက်နက်ကိုင်တပ်ဖွဲ့များရှေ့ရောက်လာခြင်းသည် မဆန်းဟုလည်း ဆိုနိုင်သည်။

ငြိမ်းချမ်းရေးတွင် အခြားသောကိစ္စရပ်များနည်းတူ Snowball Effect ရှိသည်။ နှင်းကျချိန်တွင် တောင်ပေါ်က ကျလာသော နှင်းလုံးသည် အောက်ရောက်လေလေ နှင်းများကပ်ပြီး အရွယ်အစားကြီးလာသလို အရှိန်မြန်လာစမြဲဖြစ်သည်။ ငြိမ်းချမ်းရေးသည်လည်း အဖွဲ့များ ပိုများလာသည်နှင့်အမျှ၊ တွေ့ဆုံဆွေးနွေးပွဲများမှ နားလည်မှု၊ ယုံကြည်မှုပိုရလာသည်နှင့်အမျှ ပိုအရှိန်ရလာပြီး အခြားအဖွဲ့များလည်း ငြိမ်းချမ်းရေး ဖြစ်စဉ်ကို ပိုမိုယုံကြည်လာမည်ဖြစ်သည်။

၂၁ ရာစုပင်လုံညီလာခံတွင် ယခင်ညီလာခံများကကဲ့သို့ ကဏ္ဍငါးရပ် ဆွေးနွေးမည်ဖြစ်သည်။ နိုင်ငံရေး၊ စီးပွားရေး၊ မြေယာနှင့် သဘာဝပတ်ဝန်းကျင်၊ လူမှုရေးနှင့် လုံခြုံရေးတို့ဖြစ်သည်။ နိုင်ငံရေးနှင့် လုံခြုံရေးတို့သည် ပွဲအဆူဆုံးကဏ္ဍများဖြစ်မှန်း နာမည်ကြည့်ရုံနှင့်ပင် သိနိုင်သည်။ ကဏ္ဍများကို ဆွေးနွေးရလွယ်ကူစေရန် ငါးခုခွဲလိုက်သော်လည်း အပြန်အလှန် ဆက်စပ်နေကြသည်။ လုံခြုံရေးပိုင်းတွင် သဘောတူညီမှုမရလျှင် နိုင်ငံရေးတွင် သံသယများသဖြင့် သဘောတူညီချက်ရရန် ခက်သည်။ မြေယာနှင့် သဘာဝပတ်ဝန်းကျင်တို့သည် စီးပွားရေးခေါင်းစဉ်နှင့် မဆက်စပ်ချင်၍ပင် မရအောင် တိုက်ရိုက်သက်ဆိုင်သည်။ နိုင်ငံရေးတွင် အာဏာခွဲဝေမှုမပြတ်လျှင် စီးပွားရေးခေါင်းစဉ်တွင် အခွန်အကောက်ခွဲဝေရယူရေး ပြီးပြတ်ရန် ခဲယဉ်းသည်။

တစ်ဖက်ကကြည့်ပြန်လျှင် အချို့ကဏ္ဍများတွင် ရှေ့မတိုးနိုင်နောက်မဆုတ်နိုင်ဖြစ်နေပါက ဆွေးနွေးနိုင်သည့်ကဏ္ဍများတွင် များများဆွေးနွေးထားခြင်းသည် ယုံကြည်မှုတက်စေသည်။ ရှေ့ရောက်နေသည့် ကဏ္ဍများတွင် သဘောတူထားသော အချက်များသည် တိုးလို့တန်းလန်း ဖြစ်နေသော ကဏ္ဍများနှင့် ဆက်စပ်လျှင် ရှေ့ရောက်ကဏ္ဍများက နောက်ကျန်ကဏ္ဍများကို ဆွဲခေါ်နိုင်သည်။

ယခုဆောင်းပါးကို ညီလာခံဖွင့်ပွဲနေ့တွင် ရေးသည်ဖြစ်ရာ ဆွေးနွေးပွဲများရလဒ်ကို မသိရသေးပါ။ ညီလာခံရလဒ်များကို အလျဉ်း သင့်သလို နောက်တွင် ရေးသားသွားမည်ဖြစ်သည်။

တတိယအကြိမ် ၂၁ ရာစု ပင်လုံညီလာခံသည် အခက်အခဲများကြားမှ ဖြစ်အောင်လုပ်နိုင်ခဲ့သော ညီလာခံဖြစ်သဖြင့် ကျင်းပနိုင်ခြင်းကိုက အောင်မြင်မှုဖြစ်သည်။ သို့သော် ညီလာခံမှရလာသော အရှိန်အဟုန်ကို အသုံးချပြီး နောက်ဆက်တွဲ ဆွေးနွေးပွဲများ ဆက်တိုက်ကျင်းပနိုင်ပါမှ ညီလာခံကျင်းပရကျိုးနပ်မည်ဖြစ်သည်။

ဇေယျသူ

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *