ဘော်ရှီဗစ်၊ မင်ရှီဗစ်လူများစု၊ လူနည်းစု ၂၁ ရာစုပင်လုံမှ ပဲ့တင်သံ

စကားဦး

မူလက ခြောက်လတစ်ကြိမ်ကျင်းပရန် ရည်ရွယ်ထားသော ၂၁ ရာစုပင်လုံညီလာခံ (တတိယအကြိမ်) ကို တစ်နှစ်ကျော်ကျော်အကြာ ၂၀၁၈ ခုနှစ် ဇူလိုင် ၁၁ ရက်တွင် စတင်ကျင်းပတော့မည်ဖြစ်ပါသည်။ ဤမျှ နှောင့်နှေးကြန့်ကြာရသည့် အကြောင်းတစ်ခုမှာ ဒုတိယအကြိမ်ညီလာခံမှ ချန်ထားခဲ့သည်များကို ညှိနှိုင်းမရသောကြောင့်ဟု သိရသည်။ အဓိကသဘောကွဲလွဲနေကြသည်မှာ ‘ခွဲထွက်ခွင့်’ နှင့် ‘ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်’ တို့ကို ချိန်ဆက်ထားသော Package Deal ဟုဆိုသည်။

ဤတွင် အဆိုပါကိစ္စကို စတုတ္ထအကြိမ်ညီလာခံတွင် ဆွေးနွေးဖို့ချန်ထားခဲ့ရပြီး ယခုကျင်းပမည့် တတိယညီလာခံအတွက် ခေါင်းစဉ်နှစ်ခု ပေါ်ထွက်လာပါသည်။ ‘တိုင်းရင်းသားလူနည်းစုများ၏ အခွင့်အရေးများကိုကာကွယ်ခြင်း’ နှင့် ‘ဒီမိုကရေစီအခွင့်အရေး အခြေခံလူ့အခွင့်အရေးနှင့် ကျား/မဆိုင်ရာ တန်းတူညီမျှမှု’ တို့ဖြစ်သည်။ သို့နှင့်တိုင် ဆိုခဲ့ပါခေါင်းစဉ်နှစ်ခုကိုပင် UPDJC အတွင်းရေးမှူးများ အစည်းအဝေးတွင် အကြိမ်ကြိမ်ညှိနှိုင်းခဲ့သော်လည်း အဖြေမရ၍ နောက်ဆုံး ‘ကျား/မဆိုင်ရာ တန်းတူညီမျှမှုတစ်ခုသာ ဆွေးနွေးဖို့ ကျန်ပါတော့သည်။

သို့ဖြင့် ယခုကျင်းပမည့်ညီလာခံ၏ ‘နိုင်ငံရေးကဏ္ဍ’ မှာ မျှော်လင့်သလောက် အားတက်ဖွယ်ရာ ဖြစ်ကောင်းမှ ဖြစ်နိုင်သော်လည်း ကျန်ကဏ္ဍများ (စီးပွားရေး၊ လူမှုရေးနှင့် မြေယာ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်) တွင်မူ ကြိုတင်ဆွေးနွေးမှုများ အဆင်ပြေ၍ ရလဒ်ကောင်းထွက်လိမ့်မည်ဟု မျှော်လင့်ရပါသည်။ မည်သို့ပင်ဆိုစေ တစ်နှစ်ကျော်ကြာ တန့်ရပ်နေသော ၂၁ ရာစုပင်လုံညီလာခံ ပြန်လည်ကျင်းပနိုင်သည်ကိုက အောင်မြင်မှုဟု ဆိုနိုင်လိမ့်မည်ထင်ပါသည်။ ယခုစာစုမှာ ‘တိုင်းရင်းသား လူနည်းစုများ၏ အခွင့်အရေး’ ဆိုသော စကားရပ်နှင့် ဆက်စပ် စဉ်းစားမိသည်များကို တင်ပြသွားဖို့ဖြစ်ပါကြောင်း …။

ဘော်ရှီဗစ်၊ မင်ရှီဗစ်

တစ်ခေတ်တစ်ခါက နိုင်ငံရေးကို စိတ်ဝင်စားသူ လူငယ်တိုင်း မဖြစ်မနေ ဖတ်ကိုဖတ်ရမည့် စာအုပ်တစ်အုပ်ရှိဖူးသည်။ ဆိုဗီယက်ခေါင်းဆောင်ကြီး စတာလင်ကိုယ်တိုင် ပြုစုသည်ဆိုသော ‘ဆိုဗီယက်ယူနီယံ ကွန်မြူနစ်ပါတီ (ဘော်ရှီဗစ်) သမိုင်းအကျဉ်း’ ဖြစ်ပါသည်။ အင်္ဂလိပ်ဘာသာနှင့်ဆိုလျှင် ‘History of the Communist Party of the Soviet Union (Bolsheviks) Short Course’ ဖြစ်သည်။ အတိုကောက်အနေနှင့် ‘CPSU (B)’ ဟု လွယ်လွယ်ခေါ်ကြသည်က များသည်။

ဤစာအုပ်မှ မဖတ်ဖူးလျှင် ကွန်မြူနစ်မဖြစ်နိုင်၊ နိုင်ငံရေးလုပ်လို့မရ … စသဖြင့် ပြောကြဆိုကြသည်များပင်ရှိသည်။ ဤကိစ္စနှင့်ပတ်သက်ပြီး ဟာသပုံပြင်တစ်ပုဒ်ပင် ရှိခဲ့ဖူးသည်။ ဗမာပြည် ကွန်မြူနစ်ပါတီ တောမခိုခင် ရန်ကုန်မြို့ ဗားကရာတွင်ကျင်းပသော ဒုတိယကွန်ရက်တွင်ဖြစ်သည်။ ညီလာခံကိုယ်စားလှယ်အချင်းချင်း ကြွားဝါလို၍တစ်ကြောင်း၊ တစ်ယောက်၏နိုင်ငံရေးရေချိန်ကိုသိလို၍တစ်ကြောင်း ယခုလိုမေးခွန်းထုတ်ကြသည်ဟုဆိုသည်။ “ရဲဘော်ခင်ဗျား CPSU (B) ဖတ်ပြီးပြီလားဗျ” …။ ဤတွင် အမေးခံရသူက မဖတ်ဖူးကြောင်း ဝန်မခံလို၍ ယခုလိုဖြေလိုက်သည်ဆိုသတတ် …။ “အဲ … B တော့ မဖတ်ရသေးဘူး ရဲဘော်၊ A တော့ ဖတ်ပြီးပါပြီ …”

အမှန်စင်စစ် ရုရှားဆိုရှယ်ဒီမိုကရက်ပါတီ (နောင် – ကွန်မြူနစ်ပါတီ) တွင် ဂိုဏ်းနှစ်ဂိုဏ်းကွဲနေသည်။ လီနင်ဦးဆောင်သောအုပ်စုကို ‘ဘော်ရှီဗစ်’ ဟုခေါ်သည်။ အများစု ကွန်မြူနစ်များဟု အဓိပ္ပာယ်ရသည်။ လီနင်မှအပဖြစ်သော အခြားထင်ရှားသည့်ခေါင်းဆောင်များ ဦးဆောင်သည့်အုပ်စုကို ‘မင်ရှီဗစ်’ ဟုခေါ်သည်။ အနည်းစုကွန်မြူနစ်များဟု အဓိပ္ပာယ်ရသည်။ လုပ်ထုံးလုပ်နည်းအရ မဲခွဲဆုံးဖြတ်ရာတွင် အနည်းစုသာရသော လီနင်က ညစ်ပတ်ပြီး ‘ဘော်ရှီဗစ်’ အမည်ခံလိုက်သည်ဟု စွပ်စွဲကြသည်များလည်းရှိသည်။ စကားလုံးနောက်ကွယ်မှ အဓိပ္ပာယ်ကိုလိုချင်၍ ကြိုးပမ်းကြသည်များဖြစ်ပါလိမ့်မည်။ မြန်မာ့နိုင်ငံရေးတွင်လည်း ကွဲကြပြဲကြသည့်အခါတိုင်း မိမိဘက်မှ အများစုဖြစ်ကြောင်း သက်သေပြနိုင်ရန် (ရိုးရိုးသားသားရော၊ မရိုးမသားပါ) ကြိုးစားကြသည်များရှိသည်။ မြန်မာ့လက်ဝဲသမားတွေ ပြောလေ့ပြောထရှိသော ‘ငါတို့က ဘော်ရှီဗစ်’ ဆိုသည်မှာ ဤသဘောပင်ဖြစ်သည်။

လူများစု၊ လူနည်းစု

မျက်မှောက်ခေတ် ဒီမိုကရက်တိုင်ဇေးရှင်းဖြစ်စဉ်တွင် ထောင်ထဲရောက်နေသော အတိုက်အခံခေါင်းဆောင်နှင့် နိုင်ငံတော်အကြီးအကဲတို့၏ တွေ့ဆုံဆွေးနွေးမှုမှ အစပြုလမ်းပွင့်သွားသော တောင်အာဖရိကအပြောင်းအလဲမှာ အထူးထင်ရှားလှသည်။ အဆိုပါတွေ့ဆုံဆွေးနွေးမှုတွင် သမ္မတဒီကလပ်မှ အကျဉ်းစံမင်ဒဲလားသို့ စတင်ကမ်းလှမ်းလိုက်သော အဆိုပြုချက်သုံးရပ်ရှိသည်ဟု ကြားဖူးသည်။ ယခုလို … ၁။ လက်နက်ကိုင်တော်လှန်ရေးကို စွန့်လွှတ်ပါ ၊ ၂။ မိခင်အဖွဲ့အစည်းဖြစ်သော ‘အာဖရိကန် အမျိုးသားကွန်ဂရက်’ (ANC) နှင့် အဆက်ဖြတ်ပါ …၊ ၃။ မိမိတို့ လူဖြူလူနည်းစု၏ အုပ်ချုပ်ရေးအာဏာကို အသိအမှတ်ပြုပါ … ဟူ၍ ဖြစ်သည်။

ဤတွင် မင်ဒဲလားက ပထမနှစ်ချက်ကို ခြွင်းချက်မရှိလက်ခံသည်။ (မိမိတို့အနေနှင့် နိုင်ငံရေးအရ ဖြေရှင်းခွင့်မရ၍ လက်နက်ကိုင်ရခြင်းဖြစ်၊ ယခုလောလောဆယ် ထောင်ထဲရောက်နေ၍ ANC နှင့် အဆက်ဖြတ်ပြီးဖြစ်) တတိယအချက်ကိုမူ လက်မခံနိုင်ဟုဆိုကာ ယခုလိုရှင်းပြသည်။ ‘မိမိတို့မှာ ဒီမိုကရေစီစနစ်နှင့်သွားမည်ဖြစ်သည်။ ဒီမိုကရေစီ ဆိုသည်မှာ အများစုအုပ်ချုပ်ရေးဖြစ်သည်။ သို့သော် အများစုအုပ်ချုပ်ရေးအောက်တွင် အနည်းစု၏အခွင့်အရေးများကို အာမခံချက်ရှိစေရမည်…’ စသဖြင့် ရှင်းပြသည်။ သည်တော့မှ ဒီကလပ်က ‘ဒါဆိုရင် – ခင်ဗျားနဲ့ ကျွန်တော် ဆက်ဆွေးနွေးလို့ရပြီ’ ဟု အကြောင်းပြန်ကာ စေ့စပ်ဆွေးနွေးရေး လမ်းပွင့်သွားခဲ့ခြင်းဖြစ်ပါသည်။

မင်ဒဲလား၏ရှင်းပြချက်မှာ ‘လူများစုအုပ်ချုပ်ရေးနှင့် လူနည်းစုအခွင့်အရေးတို့ ချိန်ခွင်လျှာမျှစေရေး’ ဟု နားလည်ရပါသည်။ ‘စကားဦး’ တွင် ဖော်ပြခဲ့သည့်အတိုင်း ၂၁ ရာစု ပင်လုံအကြိုဆွေးနွေးပွဲတွင် လူမျိုးစုလက်နက်ကိုင်အဖွဲ့အစည်းများမှ ‘တိုင်းရင်းသားလူနည်းစုများ၏ အခွင့်အရေးများကို ကာကွယ်ခြင်း’ ဆိုသော ခေါင်းစဉ်တစ်ခုကို တင်ပြလာသည်။ မြန်မာနိုင်ငံတွင် မှီတင်းနေထိုင်ကြသော တိုင်းရင်းသားများအနက် ‘ဗမာ’ မှာ အများစုဖြစ်နေရာ ကျန်လူနည်းစုတိုင်းရင်းသားများ၏အခွင့်အရေးကို သိမှတ်ကာကွယ်လိုသည့်သဘောဟု သဘောပေါက်လိုက်ပါသည်။ မင်ဒဲလား၏ ဆိုခဲ့ပါရှင်းပြချက်နှင့် သဘောချင်းအတူတူဟု ယူဆရပါသည်။ သို့တိုင် …။

၂၁ ရာစုပင်လုံသို့ လွင့်ပျံလာသော ပဲ့တင်သံ

ပြဿနာကား ဤမျှမရှင်းလင်း မလွယ်ကူလှပါ။ ၂၁ ရာစုပင်လုံသို့ တက်ရောက်လာသော အင်အားစုတစ်ခုက ‘လူနည်းစု’ (Minority) ဆိုသော စကားလုံး၏ အဓိပ္ပာယ်အကျယ်ကိုဖွင့်ဆိုပြပြီး လိုသလိုဆွဲယူအသုံးပြုနိုင်သည့် ‘နှစ်ခွအဓိပ္ပာယ်’ များကို ထောက်ပြသည်။ ‘တိုင်းရင်းသားလူနည်းစုများ၏ အခွင့်အရေး’ ဆိုသည်မှ ‘ခွဲထွက်ပိုင်ခွင့်’ ဆိုသည်အထိ ဆွဲဆန့်လာနိုင်သည့် အလားအလာနှင့် ‘တိုင်းရင်းသားလူနည်းစုများ၏ အခွင့်အရေး’ ဆိုသည်မှ တိုင်းရင်းသားပြုတ်ပြီး ‘လူနည်းစုများ၏အခွင့်အရေး’ ဆိုကာ အချုပ်အခြာအာဏာ ထိပါးလာနိုင်သည့် အလားအလာကိုပါ ဖွင့်ဆိုပြလာသည်။ အထူးသဖြင့် ဒုတိယအလားအလာကို ယနေ့ရင်ဆိုင်နေရသော နိုင်ငံတကာဖိအားများနှင့် ဆက်စပ်ကြည့်ကြဖို့ အဆိုပြုလာသည်။

ပြောရလျှင် အတိတ်မှလာသော စိုးရိမ်မကင်းဖြစ်ရမှုများနှင့် ပစ္စုပ္ပန်မှလာသော ရတက်မအေးမှုများက ၂၁ ရာစု ပင်လုံငြိမ်းချမ်းရေးညီလာခံကို ရိုက်ခတ်ပျံ့နှံ့လာဟန်တူပါသည်။ ပြဿနာ၏အရင်းခံမှာ မိမိတို့အချင်းချင်းကြား ယခုထက်တိုင်ရှိနေဆဲ သံသယအစိုင်အခဲများမှာ အဆိုပါသံသယအမြင်များကို သည်းသန်ပြင်းထန်စေသော စကားလုံးတစ္ဆေများဖြစ်လိမ့်မည်ထင်သည်။ စကားလုံးများကိုကျော်လွှားပြီး သံသယများကိုဖယ်ရှားနိုင်ပါမှ ငြိမ်းချမ်းရေးကို မျက်မှောက်ပြုနိုင်ပါလိမ့်မည်။

မည်သို့ပင်ရှိစေ ၂၁ ရာစုပင်လုံညီလာခံ ကျင်းပရှင်သန်နေသရွေ့ အပစ်အခတ်ရပ်စဲရေး တည်မြဲနေပါလိမ့်မည်။ သေနတ်သံများလည်း ဝေးနေပါလိမ့်မည်။ စစ်ဖြစ်နေသော အခြေအနေနှင့်ယှဉ်လိုက်လျှင် ဤမျှနှင့်ပင် မင်္ဂလာရှိလှပြီဟု ဆိုချင်သည်။ 

 

ကျော်ဝင်း (၉ ဇူလိုင်၊ ၂၀၁၈)

ညီလာခံအကြောင်း ကြားဖြတ်တင်ပြလို၍ The Voice တွင် အခန်းဆက်ဖော်ပြနေသော ‘လမ်း’ ဆောင်းပါးတွဲကို ၂၁ ရာစုပင်လုံညီလာခံပြီးမှ ဆက်ရေးသွားပါမည်။

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *