Regional Roundup

cof

#မန္တလေး

မန္တလေးတက္ကသိုလ် လုံခြုံရဲ့လား

လုံခြုံရေးအားနည်းနေသည့် မန္တလေးတက္ကသိုလ်ဝင်းအတွင်း ဆိုင်ကယ်ပျောက်ဆုံးမှု၊ လုယက်မှုများ မကြာခဏ ဖြစ်ပွားနေသည့်အတွက် တာဝန်ရှိသူများက ဖြေရှင်းပေးရန် မန္တလေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂက ဇူလိုင်လ၉ရက်နေ့တွင် ဆန္ဒထုတ်ဖော်ခဲ့သည်။

ကျောင်းသူကျောင်းသားများ ငြိမ်းချမ်းစွာပညာသင်ကြားနိုင်ရေး၊ အာမခံချက်အပြည့်အဝပေးနိုင်မည့် လုံခြုံရေးစီမံချက်ပေါ်ထွန်းလာရေး၊ ဆိုင်ကယ်ပျောက်ဆုံးနစ်နာခဲ့သည့် ကျောင်းသား၊ ကျောင်းသူများအတွက် တက္ကသိုလ်တာဝန်ရှိသူများက တာဝန်ယူဖြေရှင်းရေးစသည့်အချက်များကို တောင်းဆိုခဲ့ခြင်းဖြစ်သည်။

#ရခိုင်

ရခိုင်ရွာ အစိုးရဖျက်

မောင်တောဒေသမှာ အသစ်တည်သည့် ရခိုင်တိုင်းရင်းသားရွာကို အာဏာပိုင်များက ဖြိုဖျက်လိုက်သည်။

အကြမ်းဖက်မှုဖြစ်စဉ်တွင် မီးလောင်ပျက်စီးခဲ့သည့် ဘင်္ဂါလီကျေးရွာတွင် ဝင်ရောက်နေထိုင်မှုကြောင့် နိုင်ငံတကာ ဖိအားပေးခံရမည်ဟုဆိုကာ တစ်ပတ်အတွင်း ဖယ်ရှားခိုင်းခြင်းဖြစ်သည်။ သို့သော်လည်း မဖယ်ရှားသဖြင့် အာဏာပိုင်များက ဇူလိုင်လ ၉ရက်နေ့တွင် ဖြိုဖျက်ခဲ့သည်။

ကျေးရွာခေါင်းဆောင်အမျိုးသားနှစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့ကို နိုင်ငံတော်အကြည်ညိုပျက်စေမှုဖြင့် တရားစွဲထားသည့်အနက် ဇနီးမောင်နှံနှစ်ဦးကို ဖမ်းဆီးထားသည်။ ယင်းကျေးရွာတွင် နေထိုင်သူနှစ်ရာကျော်မှာ လည်း အနီးအနားက ဘုန်းတော်ကြီးကျောင်းတွင် ခိုလှုံနေကြသည်။

#ချင်း

ချင်းပြည်နယ်အတွက် ကြံ့ခိုင်ရေးမပြိုင်ပါ

လာမည့်ကြားဖြတ်ရွေးကောက်ပွဲတွင် ချင်းပြည်နယ်လွှတ်တော် ပြည်နယ်မဲဆန္ဒနယ်အတွက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဝင်ရောက်ယှဉ်ပြိုင်မည်မဟုတ်ပေ။

ချင်းပြည်နယ်တွင် မတူပီမြို့နယ် ပြည်နယ်လွှတ်တော်မဲဆန္ဒနယ်နှင့် ကန်ပက်လက်မြို့နယ်ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်တို့ လစ်လပ်လျက်ရှိပြီး ကြံ့ခိုင်ရေးအနေနှင့် ပြည်သူ့လွှတ်တော်နေရာအတွက်သာ ယှဉ်ပြိုင်မည်ဖြစ်သည်။ ဒေသခံ တိုင်းရင်းသားပါတီများကို ဦးစားပေးသည့်အတွက် ပြည်နယ်လွှတ်တော်အတွက် ယှဉ်ပြိုင်မှုမပြုခြင်း ဖြစ်ကြောင်း ပြည်နယ်ပါတီဥက္ကဋ္ဌ ဒေါက်တာမှုထန်က ဆိုသည်။

#မကွေး

မြေပဲစိုက်ဖို့ တရုတ်ကူ

မကွေး၊ မန္တလေးနှင့် စစ်ကိုင်းတိုင်းတို့တွင် တရုတ်နိုင်ငံ၏နည်းပညာအကူအညီဖြင့် ဆီထွက်သီးနှံမြေပဲဧက ငါးဆယ်ကျော်ကို စတင်စိုက်ပျိုးမည်ဖြစ်သည်။

တရုတ်နိုင်ငံမှ မျိုးစေ့နှင့်စက်ကိရိယာ အကူအညီများဖြင့် စိုက်ပျိုးမည်ဖြစ်ပြီး ပုံမှန်ဆိုလျှင် မြေပဲမှာ တင်း ၄၀ ခန့်သာ ထွက်လေ့ရှိသော်လည်း တရုတ်မြေပဲမျိုးမှာ တင်း ၉၀နှင့် ၁၀၀ကြား ထွက်ရှိသဖြင့် ယခုကဲ့သို့စမ်းသပ် စိုက်ပျိုးခြင်းလည်း ဖြစ်သည်။

#စစ်ကိုင်း

မှုခင်းသတင်းထောက်တွေ ငွေတောင်းပြန်ပြီ

စစ်ကိုင်းတိုင်း ဖောင်းပြင်မြို့နယ်တွင် မှုခင်းသတင်းထောက်လေးဦး ခြိမ်းခြောက်ငွေတောင်းခံမှု ဇူလိုင်လ ၈ရက်နေ့တွင် ဖြစ်ပွားခဲ့သည်။

ဖောင်းပြင်မြို့နယ် သရက်ကုန်းကျေးရွာရှိ နေအိမ်ခြံဝင်းတစ်ခုအတွင်း ဝန်ထမ်းအိမ်ရာနှင့် ဓမ္မာရုံဆောက် လုပ်ရန် စုပုံထားသည့် သစ်ခွဲသားများနှင့်ပတ်သက်ကာ သစ်စက်လုပ်ငန်းရှင်များထံမှ ငွေကျပ် ၁၅ သိန်းပေးရန် တောင်းဆိုသဖြင့် အုပ်ချုပ်ရေးမှူးက စာသင်ကျောင်း အုတ်တံတိုင်းခတ်ရန် ငွေထဲမှ ကျပ် ၁၀သိန်းပေးခဲ့ကြောင်း၊ ယင်းအပြင် မြစ်ကမ်းဘေးဘီယာရောင်းချနေသူ အမျိုးသမီးထံမှ ဖမ်းဆီးမည်ဟုခြိမ်းခြောက်၍ ကျပ်ငါးသောင်းတောင်းရာကျပ်နှစ်သောင်းပေးခဲ့ကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်သည်။

အဆိုပါသတင်းထောက်လေးဦးသည် နေပြည်တော်တိုင်းမ်မီဒီယာအဖွဲ့၊ မှုခင်းနှင့် သတင်းစုံသတင်းအဖွဲ့ချုပ်အသင်းဝင်များဖြစ်ပြီး ၎င်းတို့ကို အသင်းက ထုတ်ပယ်ခဲ့သည်။

#မွန်

ဆေးရုံ ရေဝင်လို့ လူနာတွေပြောင်း

မုတ္တမတိုက်နယ်ဆေးရုံတွင် ရေဝင်ရောက်သဖြင့် လူနာများကို မော်လမြိုင်ဆေးရုံသို့ ပြောင်းရွှေ့ခဲ့ရသည်။ ပေါင်မြို့နယ် မုတ္တမတိုက်နယ်ဆေးရုံတွင် တက်ရောက်ကုသနေသည့် လူနာ ၃၀ ကျော်ကို ဇူလိုင်လ ၇ ရက်နေ့က ရွှေ့ပြောင်းလိုက်ရခြင်းဖြစ်သည်။ တစ်ရက်အကြာတွင် ရေပြန်ကျသော်လည်း ရေမဝင်နိုင်အောင် လုပ်ဆောင်ပြီးမှသာ လူနာများကို လက်ခံမည်ဟု ဆေးရုံတာဝန်ခံက ပြောဆိုထားသည်။

ဆေးရုံဝင်းတွင် ရေနှစ်ပေခန့်တက်ခဲ့ပြီး ဆေးရုံအဆောက်အအုံအတွင်း တစ်ပေခန့်တက်ခဲ့သည်။

#ကရင်

မြ၀တီကားလမ်း ဘာလို့ပိတ်

မိုးသည်းထန်စွာရွာသွန်းပြီး တောင်ပြိုကျမှုကြောင့် မြ၀တီ – ကောကရိတ်လမ်း နာရီနှင့်ချီ ပိတ်ဆို့ခဲ့သည်။ မြ၀တီမှ ရန်ကုန်သို့ ကုန်စည်စီးဆင်းရာ အဓိကလမ်းဖြစ်သည့် ယင်းလမ်းနတ်စင်ကွေ့တွင် ဇူလိုင်လ ၉ရက် နေ့က ဒေါနတောင်ပြိုမှုကြောင့် လမ်းပိတ်ဆို့ခြင်းဖြစ်သည်။

ထို့ကြောင့် ယာဉ်အစီးရေ ၁၅၀ကျော် ပိတ်မိခဲ့သည်။ ယင်းနောက်တစ်ရက်အကြာတွင် မြေပြိုမှုများသုံးကြိမ်ဖြစ်ပွားခဲ့ပြီး ဆက်လက်လည်းဖြစ်ပွားနိုင်ခြေရှိသေးကြောင်း ပြည်နယ် အစိုးရအဖွဲ့ထံမှ သိရသည်။

#ပဲခူး

ဆရာဝန်မလုံလောက်တဲ့ ရွှေကျင်

ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်ရှိ ခုတင် ၁၀၀ ပြည်သူ့ဆေးရုံကြီးတွင် ဆရာဝန် မလုံလောက်သောကြောင့် အခက်တွေ့နေရသည်။

ဆရာဝန်မလုံလောက်သဖြင့် အရေးကြီးလူနာများကိုပင် ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်ကုသနေရသည်။

လက်ရှိတွင် အဆိုပါဆေးရုံ၌ ဆေးရုံအုပ်ကြီးအပါအဝင် ဆရာဝန် ၁၁ဦးသာရှိပြီး အမှန်တွင် ဆရာဝန် ၁၈ ဦး ခန့်ရှိမှသာ ပြည်သူ့ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းကို ကောင်းစွာလည်ပတ်နိုင်မည်ဟု ဆိုထားသည်။

#တနင်္သာရီ

အမှိုက်ပစ်သူ ဒဏ်ငွေနှစ်သိန်း

တနင်္သာရီတိုင်းမြိတ်မြို့တွင် ကမ်းနားရေပြင်သို့ ညအချိန်ဘေးတွဲဆိုင်ကယ်ဖြင့် အမှိုက်ပစ်သူကို တိုင်းဒေသကြီး စည်ပင်ဥပဒေဖြင့် ငွေကျပ်နှစ်သိန်း ဒဏ်ရိုက်လိုက်ပြီ ဖြစ်သည်။

စည်းကမ်းမဲ့ အမှိုက်ပစ်သူများကို ဒဏ်ငွေကျပ်နှစ်သိန်းအရေးယူမည်ဖြစ်ပြီး သတင်းပေးသူကို ဆုငွေကျပ်တစ်သိန်းချီးမြှင့်မည်ဟု မြိတ်မြို့ လမ်းဆုံ၊ လမ်းခွများတွင် ကြေညာထားသည်။

ကမ်းနားရေပြင်သို့ ဇူလိုင်လ ၉ရက်က အမှိုက်လာစွန့်သူကို ဖမ်းဆီးပေးခဲ့သည့် အုပ်ချုပ်ရေးနှင့် ရပ်မိရပ်ဖများကို ဆုငွေကျပ်တစ်သိန်း ချီးမြှင့်ခဲ့သည်။

#ဧရာဝတီ

အမှုတစ်သောင်း

ဧရာဝတီတိုင်းအတွင်း တရားရုံးများက စစ်ဆေးရန် ကျန်ရှိသည့် ၂၀၁၈ ခုနှစ် ဧပြီလကုန်အထိ အမှုတစ်သောင်းအနက် ရှစ်မှုသာ စစ်ဆေးပြီးစီးသေးသည်။

မေလနှင့်ဇွန်လတွင် အမှုပေါင်း ၁၄,၀၀၀ကျော် ထပ်မံတိုးပွားလာကာ ယင်းတို့ကို စစ်ဆေးနိုင်ခဲ့သော်လည်း လက်ကျန်အမှုစုစုပေါင်းမှာ တစ်သောင်းကျော်ကျန်ရှိနေမြဲ ဖြစ်သည်။

အမှုလက်ကျန်များကို အမြန်ဆုံးစစ်ဆေးနိုင်ရေးဆောင်ရွက်လျက်ရှိပြီး ပြစ်မှုများကိုမူ ခြောက်လအတွင်းအပြီးသတ်ဖြေရှင်းရန်လုပ်ဆောင်လျက်ရှိသည်။

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *