မြန်မာအပေါ် အမေရိကန်ပိတ်ဆို့မှုနောက်ကွယ်

အနောက်နိုင်ငံများ၏ ဖိအားဒဏ် အလူးအလိမ့်ခံနေရသည့် မြန်မာအတွက် နောက်ထပ်ဖိအားအသစ် တိုးလာပြန်သည်။

အမေရိကန်သည်သာ ပထမဟု ကြွေးကြော်ထားသည့် ဒေါ်နယ်ထရမ့်၏ အမေရိကန်ပင်ဖြစ်သည်။

ပြည်ထောင်စုဝန်ကြီးနှစ်ဦးအပါအဝင် ၎င်းတို့၏ဝန်ကြီးဌာနရှိ ညွှန်ကြားရေးမှူးချုပ်အဆင့်နှင့် အထက်အရာရှိတို့ကို အမေရိကသို့ ပြည်ဝင်ခွင့်ပိတ်ပင်လိုက်ခြင်းဖြစ်သည်။ ဝန်ကြီးဌာနနှစ်ခုမှာ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနနှင့် ပြည်ထဲရေးဝန်ကြီးဌာနတို့ဖြစ်သည်။

အမေရိကန်ပြည်ထောင်စုရောက် ပြစ်ဒဏ်ချခံခဲ့ရသည့် မြန်မာနိုင်ငံသားများကို ဌာနေပြန်ပို့ရေးလုပ်ငန်းစဉ်တွင် မြန်မာဘက်က နှောင့်နှေးကြန့်ကြာနေခြင်းကြောင့် ယင်းသို့အရေးယူခြင်းဖြစ်သည်ဟု အမေရိကန်ဘက်ကကြေညာထားသည်။

ရခိုင်ပြည်နယ်အရေးတွင် လူ့အခွင့်အရေး ဆိုးဆိုးဝါးဝါးချိုးဖောက်ခဲ့သည်ဟုဆိုကာ အမေရိကန်အပါအဝင် အနောက်နိုင်ငံများက မြန်မာကိုပိတ်ဆို့အရေးယူဖိအားများ ဆက်တိုက်ပေးနေကြသည်။ ယင်းအချိန်က မြန်မာ့တပ်မတော်ကိုသာ အဓိကဦးတည်သည်။

ယခုအမေရိကန်အရေးယူမှာ NLD အရပ်သားအစိုးရကွပ်ကဲနေသည့် ဝန်ကြီးဌာနလည်းပါဝင်လာသည်။ နေပြည်တော်တွင် ပင်လုံညီလာခံကျင်းပနေချိန်နှင့် တိုက်တိုက်ဆိုင်ဆိုင် အမေရိကန်တို့၏ မြန်မာအပေါ်သဘောထားမှာ တွေးဆစရာများစွာရှိနေသည်။

မြန်မာ့အပြစ်လော

အမေရိကန်ပြည်ထောင်စုက ပြန်လည်လွှဲပြောင်းပေးသော မြန်မာနိုင်ငံသားများကို မြန်မာဘက်က ပြန်လည်လက်ခံရေးတွင် ငြင်းဆိုမှု၊ နှောင့်နှေးကြန့်ကြာမှုများရှိသည်ဟု အမေရိကန် အမိမြေလုံခြုံရေးဆိုင်ရာ ဝန်ကြီးဌာနက စွပ်စွဲခဲ့ခြင်းဖြစ်သည်။

ထို့ကြောင့် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာနတို့မှ ညွှန်ကြားရေးမှူးချုပ်အဆင့်နှင့် အထက်ရှိသူများကို ဇူလိုင်လ ၉ ရက်မှစ၍ ပြည်ဝင်ခွင့်ပိတ်ပင်လိုက်ခြင်းဖြစ်သည်။

ဝန်ကြီးဌာန၏ ထိပ်တန်းပုဂ္ဂိုလ်များအပြင် ၎င်းတို့၏အိမ်ထောင်ဖက်နှင့် အသက် ၂၁ နှစ်အောက် သား၊သမီးများမှာလည်း ယင်းပိတ်ဆို့မှုတွင် အကျုံးဝင်နေသည်။

အမေရိကန် အမိမြေလုံခြုံရေးဆိုင်ရာဝန်ကြီးဌာန၏ ဗီဇာပိတ်ပင်မှုဆုံးဖြတ်ချက်မှာ မြန်မာတစ်နိုင်ငံတည်းတော့မဟုတ်။ အိမ်နီးချင်း လာအိုလည်း မြန်မာကဲ့သို့ အရေးယူထားခြင်းဖြစ်သည်။

အမေရိကန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးအောင်လင်းကမူ အမေရိကန်ဘက်က ပြန်ပို့မည်ဟုပြောဆိုထားသည့် မြန်မာနိုင်ငံသားဟောင်းအားလုံးနီးပါးကို လက်ခံထားပြီးဖြစ်ကြောင်း VOA သတင်းဌာနသို့ ပြောဆိုထားသည်။

အမေရိကန်ဘက်က အချက်အလက် အစုံအလင် မပို့ပေးသေးသူအချို့ကိုသာ လက်မခံရသေးကြောင်း ၎င်းကဆိုသည်။

မြန်မာနိုင်ငံတွင် မွေးဖွားခဲ့ပြီး မြန်မာနိုင်ငံတွင် နေထိုင်ခဲ့သည့် မြန်မာနိုင်ငံသားဟောင်းများကို ပြန်လည်လက်ခံမည်ဖြစ်ကြောင်း ဦးအောင်လင်းကပြောဆိုသည်။

“သူတို့ကပေးထားတာ ၃၁ ယောက် ရှိပါတယ်။ အဲဒီ ၃၁ ယောက်မှာဆိုရင် အယောက် ၃၀ ပဲ ကျွန်တော်တို့ကနေပြီးတော့ ခရီးသွားလက်မှတ်ထုတ်ပေးပြီးသားဖြစ်ပါတယ်။ အဲဒီကျန်တဲ့တစ်ယောက်ဆိုတာကလည်း သူတို့က နာမည်ပေးထားတာပဲ ရှိပါသေးတယ်။ အချက်အလက်တွေနဲ့ ပတ်သက်ပြီးတော့ ပြည့်ပြည့်စုံစုံပေးတာ မရှိပါဘူး” ဟု ၎င်းက VOA သတင်းဌာနသို့ ပြောဆိုထားသည်။

အမေရိကန်အစိုးရ ဗီဇာပိတ်သည့်အပေါ် အလုပ်သမား၊ လူဝန်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနသို့ The Voice Journal က ဇူလိုင် ၁၂ ရက်နေ့က ဆက်သွယ်မေးမြန်းခဲ့သော်လည်း တာဝန်ယူဖြေကြားမည့်သူ ခွင့်ယူထားသည်ဟုသာ ပြန်လည်ဖြေကြားခဲ့သည်။

သူ့ချည်းမဟုတ်

အနောက်ကမ္ဘာက မြန်မာသို့အရေးယူမှုများသည် ယခုမှမဟုတ်။ NLD အစိုးရတက်လာပြီးနောက်ပိုင်း ၂၀၁၇ ခုနှစ် ဩဂုတ်လကအစပြုခဲ့သည့် မောင်တောဒေသ အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်များနောက်ပိုင်း မြန်မာအပေါ် အရေးယူပိတ်ဆို့မှုများက တရိပ်ရိပ်တက်လာခဲ့သည်။

အမေရိကန်၊ ဗြိတိန်ကဲ့သို့နိုင်ငံများ၊ ကုလသမဂ္ဂနှင့် ဥရောပသမဂ္ဂကဲ့သို့ အဖွဲ့အစည်းများက ရခိုင်အရေးကြောင့် မြန်မာသို့ ဖိအားများ ဆက်တိုက်ပေးလာသည်။

ဖိအားပေးရာတွင်လည်း ယခင်က တပ်မတော်နှင့် လုံခြုံရေးအဖွဲ့ဝင်များကိုသာ တစ်ဦးချင်း ပစ်မှတ်ထားခဲ့သော်လည်း ယခုအခါတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားကဲ့သို့ ဝန်ကြီးဌာန ပါဝင်လာသည့်အတွက် အရပ်သားအစိုးရအဖွဲ့ဝင်များပါ ပါဝင်လာပြီဖြစ်သည်။

ညွှန်ကြားရေးမှူးချုပ်နှင့်အထက် တာဝန်ရှိသူများဟု ဆိုသည့်အတွက် အမြဲတမ်းအတွင်းဝန်များ၊ ဝန်ကြီးများကဲ့သို့ ထိပ်ပိုင်းအရာရှိများကို ပစ်မှတ်ထားခြင်းဖြစ်သည်။

မြေဇာပင်က မြန်မာလား

တစ်ဖက်တွင်လည်း မြန်မာသို့ ဖိအားများ တိုးတိုးပေးလာသည့် အမေရိကန်၏လုပ်ဆောင်ချက်များနောက်ကွယ်တွင် အခြားအကြောင်းအချက်များ ရှိနိုင်မည်လားဆိုသည့် ယူဆချက်များလည်း ရှိလာသည်။

ကမ္ဘာ့နိုင်ငံရေးဇာတ်ခုံတွင် ကာလအတန်ကြာ အထီးကျန်နေခဲ့သည့် မြန်မာနိုင်ငံသည် ၂၀၁၀ နောက်ပိုင်း နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ခဲ့ပြီးနောက် အနောက်ကမ္ဘာ၏ဖြေလျှော့မှုများနှင့်အတူ လက်ကမ်းမှုများကိုပါ ရရှိခဲ့သည်။ ယင်းမတိုင်ခင်က မြန်မာသို့ အဓိကကျော ထောက်နောက်ခံပြုလွှမ်းမိုးသူမှာ တရုတ်၊ ရုရှားစသည့် အမေရိကန်ကို အတိုက်အခံပြုသည့် နိုင်ငံများသာရှိခဲ့သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ NLD အာဏာရပြီးနောက် မြန်မာနိုင်ငံ အနောက်ကမ္ဘာနှင့် ပိုမိုနီးကပ်လာမည်ဟု ထင်မှတ်ခဲ့သော်လည်း အထင်နှင့် အမြင်မှာ အလွဲကြီးလွဲခဲ့ရသည်။

၂၀၁၇ ခုနှစ် ဩဂုတ်လအတွင်းက မောင်တောဒေသတွင် ဘင်္ဂါလီများ အကြမ်းဖက်တိုက်ခိုက်ရာ လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ ကိုင်တွယ်ဖြေရှင်းမှုအပေါ် နိုင်ငံတကာ၏ မြန်မာနိုင်ငံအပေါ် အမြင်နှင့် အပြုအမူ ပြောဆိုမှုများ ဒီဂရီပြောင်းလာခဲ့သည်။

သို့သော် တရုတ်နှင့် ရုရှားကဲ့သို့ နိုင်ငံများ၏ မြန်မာအပေါ်ရပ်တည်ချက်မှာမူ ယခင်အတိုင်းပင်ဖြစ်ပြီး ကုလသမဂ္ဂကဲ့သို့ အဖွဲ့အစည်းများ၏ ဖိအားပေးမှုများကိုလည်း ကာကွယ်ပေးနေဆဲဖြစ်သည်။

ယင်းကြောင့် မြန်မာ-တရုတ်ဆက်ဆံရေးမှာ ယခုနောက်ပိုင်းတွင် ပိုမိုနီးစပ်လာခဲ့သည်။ နိုင်ငံရေး၊ စီးပွားရေးတို့သာမက မြန်မာ့ပြည်တွင်းငြိမ်းချမ်းရေး ဖြစ်စဉ်များတွင်ပါ တရုတ်၏ပါဝင်လွှမ်းမိုးမှုက ယခင်ထက် လက်တံရှည်လာခဲ့သည်။

ယခုအမေရိကန်၏ အရေးယူပိတ်ဆို့မှု ထုတ်ပြန်ချက်မှာ ဇူလိုင်လ ၁၁ ရက်နေ့တွင် ကျင်းပသည့် ၂၁ ရာစု ပင်လုံ တတိယအကြိမ် ညီလာခံမတိုင်ခင် ဇူလိုင်လ ၁၀ ရက်နေ့က ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ယင်းအချက်က လက်ရှိတွင် တရုတ်နှင့် ကုန်သွယ်ရေးစစ်ပွဲဆင်နွှဲနေသည့် အမေရိကန်အတွက် ရန်သူနှင့် နီးသထက် နီးသွားသည့် မြန်မာကို အချက်ပြအသိပေးသည့်အနေဖြင့် ချိန်သားကိုက် အရေးယူမှုပင်ဖြစ်မည်လား စဉ်းစားဖွယ်ဖြစ်လာသည်။

ပင်လုံညီလာခံဖြစ်မြောက်ရေးတွင် ပါဝင်မှု၊ တိုင်းရင်းသားလက်နက်ကိုင်အချို့ တက်ရောက်ရေး ဖိအားပေးနိုင်မှုများကဲ့သို့ မြန်မာပြည်တွင်း တရုတ်၏လွှမ်းမိုးမှုများအပေါ် အမေရိကန်ကမျက်စိစပါးမွှေးစူးစရာများ ဖြစ်လာနိုင်သည်ဟု ထင်မြင်ချက်များလည်းရှိသည်။

မြန်မာနိုင်ငံ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးအင်စတီကျု၏ အုပ်ချုပ်မှု ဒါရိုက်တာ ဒေါက်တာမင်းဇော်ဦးက ၎င်း၏ Facebook စာမျက်နှာတွင် အောက်ပါအတိုင်းရေးသားထားသည်။

“တရုတ်အစိုးရအနေနဲ့ မြန်မာနိုင်ငံ ငြိမ်းချမ်းရေးအတွက် တက်တက်ကြွကြွ ကြိုးပမ်းနေတဲ့အချိန်မှာ တရုတ်အစိုးရနဲ့ ပိုမိုနီးစပ်လာတဲ့ မြန်မာကိုရည်ရွယ်ပြီး အမေရိကန်အစိုးရရဲ့ ပြစ်ဒဏ်ပေးတဲ့လုပ်ရပ်က မြန်မာပြည်ကို သတိပေးနေတာလားဆိုတာမျိုး စဉ်းစားစရာတွေ ဖြစ်လာတယ်လို့ ကြားသိရပါတယ်”

အမေရိကန်ရောက် မြန်မာများကို ပြန်ပို့မှုကို မြန်မာအစိုးရကလက်ခံမည်ဟု အကြောင်းပြန်ကာ ပြန်လက်ခံရေးအတွက် အမေရိကန်သံရုံးနှင့် နီးနီးကပ်ကပ် ပူးပေါင်းဆောင်ရွက်နေသည်ဟု သိရကြောင်း ဒေါက်တာမင်းဇော်ဦး က ရေးသားထားသည်။

သို့သော်လည်း ငြိမ်းချမ်းရေးဆွေးနွေးပွဲမတိုင်ခင် တစ်ရက်အလိုတွင် အမေရိကန်ဘက်က ယင်းသို့အရေးယူမှုအပေါ် မြန်မာအစိုးရဘက်က ကသိကအောက်ဖြစ်ရသည်ဟုလည်း ကြားသိရကြောင်း ၎င်းက ဆက်လက်ရေးသားထားသည်။

ရခိုင်အရေးကိစ္စနှင့်ဆက်စပ်ပြီး သွယ်ဝိုက်ဖိအားပေးခြင်းလည်း ဖြစ်နိုင်သည်ဟု ထင်မြင်စရာလည်းဖြစ်သည်။

သို့သော် ယခုထုတ်ပြန်မှုမှာ မြန်မာတစ်နိုင်ငံတည်းမဟုတ်။ အိမ်နီးချင်း လာအိုအပြင် အခြားကမ္ဘာ့နိုင်ငံများကိုလည်း အရေးယူမှုရှိသည့်အတွက် သက်ဆိုင်မှုမရှိနိုင်ကြောင်း သုံးသပ်မှုများလည်းရှိသည်။

နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးဖြစ်သည့် ဦးတင်မောင်သန်း (သင့်ဘ၀) ကမူ သူ၏အမြင်ကို ယခုကဲ့သို့ ပြောကြားသည်။

“ကျွန်တော်တော့ မထင်ဘူးဗျ။ ဘင်္ဂါလီကိစ္စဆိုရင် လာအိုက ပါစရာမရှိဘူး။ တခြားနိုင်ငံတွေလည်း ပါစရာမရှိဘူး”

မင်းမင်းစံ

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *