“အခွန်သက်သာခွင့်ငါးနှစ်ကို ဖျက်လိုက်တာ ကျွန်တော်ထင်တာတော့ နည်းနည်းစောသွားတယ်ထင်တယ်”

ဒေါက်တာမောင်မောင်သိမ်းနှင့် တွေ့ဆုံခြင်း

လတ်တလောကြုံတွေ့နေရသော ပြည်တွင်းဒေါ်လာငွေလဲနှုန်း မြင့်တက်မှုအခြေအနေ၊ အစိုးရ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု၊ စတော့ဈေးကွက်၊ အခွန်မူဝါဒ စသည့် ပြည်တွင်းစီးပွားရေး အခြေအနေအရပ်ရပ်တို့ကို ဦးသိန်းစိန်အစိုးရလက်ထက် ဘဏ္ဍာရေးဒုတိယဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ၊ Zico Law Myanmar ကုမ္ပဏီ၏အမှုဆောင်ဥက္ကဋ္ဌ ဒေါက်တာမောင်မောင်သိမ်းနှင့် တွေ့ဆုံမေးမြန်းထားခြင်းဖြစ်သည်။

The Voice Journal – ကမ္ဘာ့ဘဏ်တို့၊ IMF တို့က မြန်မာ့စီးပွားရေးအခြေအနေ ဒီနှစ်ကောင်းမယ်လို့ ခန့်မှန်းထားကြပေမယ့် လတ်တလောဖြစ်သွားတဲ့ ငွေလဲနှုန်း ရုတ်ချည်းမြင့်တက်မှုက မြန်မာ့စီးပွားရေးကို ဘာတွေအကျိုးသက်ရောက်စေမလဲ။

Dr. MMT – ကမ္ဘာ့ဘဏ်တို့လို နိုင်ငံတကာ အဖွဲ့အစည်းကြီးတွေက မှန်းထားတာတော့ တော်တော်လေးကောင်းမယ့် အနေအထားပေါ့။ ဒါပေမဲ့ မြန်မာ့စီးပွားရေးက ထင်သလောက်ဖြစ်မလာဘူး။ ဒါကလည်းပဲ ကမ္ဘာမှာလည်း ဒီလိုပဲ။ ဒီပညာရှင်အဖွဲ့အစည်းကြီးတွေက မနှစ်က မှန်းတာတွေကလည်း တော်တော်မြင့်တာလေးတွေ မှန်းပေမယ့် မှန်းချက်က နှမ်းထွက်နဲ့ မကိုက်ဘူး ဖြစ်သွားတာပေါ့။ ဒီလိုဖြစ်တော့ ထုံးစံအတိုင်း သဘာဝဘေးအန္တရာယ်ကြောင့်ဖြစ်တယ် ဘာညာပြန်ပြောရမှာပေါ့။ အခုလက်ရှိမှာ မြန်မာပြည်အတွက် စိုးရိမ်စရာအခြေအနေက Exchange  Rate (ငွေလဲနှုန်း) ပဲ။ မြန်မာကျပ်ငွေတန်ဖိုး ကျကျလာပြီး ဒေါ်လာတန်ဖိုး တက်တက်လာတယ်။ တက်တာကလည်း အတက်ကြမ်းတယ်ခေါ်ရမှာပေါ့ ၁၃၈၀ တောင်ကျော်နေပြီ။ ဗဟိုဘဏ်ရည်ညွှန်းနှုန်းတောင် ၁၃၈၀ ဖြစ်ပြီဆိုရင် ကျန်တဲ့ Rate တွေက ဒီထက်မြင့်ဖို့ပဲရှိတော့တယ်။ ဒါကလည်း ဖြစ်လေ့ဖြစ်ထတော့ရှိတာပေါ့။ ဒီတစ်ခေါက်ကတော့ နည်းနည်းကြမ်းသွားတယ်။ ကြမ်းသွားရင် ဘာတွေထိခိုက်နိုင်လဲဆိုရင်တော့ အလွယ်ဆုံးပြောရရင် ကုန်ဈေးနှုန်းတွေမြင့်လာတော့မယ်။ လောင်စာဆီဈေးနှုန်းတွေ တက်လာမယ်။ ဘာလို့ဆို နိုင်ငံခြားငွေနဲ့ သွင်းရတာကိုး။ လောင်စာဆီဈေးနှုန်းကိုယ်၌ကလည်း တက်ဖို့ အလားအလာရှိနေတာ။ ကမ္ဘာမှာကလည်း ဒေါ်လာဈေးတက်တာနဲ့ အခုလောင်စာဆီဈေးနှုန်းပါ တက်မယ်ဆိုတော့ တက်စရာအကြောင်း နှစ်ဆင့်ပေါ်လာတာပေါ့။ အဲဒီတော့ ဆီတွေဈေးတက်ရင် သယ်ယူပို့ဆောင်စရိတ်တွေတက်မယ်။ ကျန်တာတွေပါ အကုန်လိုက်တက်မယ့်သဘောဖြစ်သွားတာပေါ့။ ကုန်ဈေးနှုန်းတက်ရင် ပြည်သူတွေအတွက်တော့ အခက်အခဲတွေရှိတာပေါ့။ ဝန်ထမ်းတွေ လခတိုးတာကလည်း မကြာခင်က တိုးထားတာဆိုပေမယ့် တိုးတာကနည်းတယ်။ ဒီထက်လည်း အများကြီးတိုးပေးဖို့ဆိုတာက နိုင်ငံတော်အတွက်က မလွယ်ဘူးဆိုတော့ ကုန်ဈေးနှုန်းတက်တာ ကို လခတိုးတာက သွားပြီးထေမိမှာမဟုတ်ဘူး။

The Voice Journal – သွင်းကုန်များတဲ့ မြန်မာအတွက် ဒေါ်လာဈေးတက်ချိန်မှာ မိုးကြီးရေလျှံတာ တွေလည်း ဖြစ်နေတော့ ပို့ကုန်ပိုင်းမှာလည်း ထိခိုက် တာတွေရှိမယ်ဆိုရင် ဒါက တိုင်းပြည်စီးပွားရေးကို ဘယ်လောက်ထိုးနှက်သွားနိုင်မလဲ။

Dr. MMT – နိုင်ငံအနေနဲ့ကြည့်မယ်ဆိုရင် Import (သွင်းကုန်)၊ Export (ပို့ကုန်) ပေါ့။ ဒေါ်လာဈေးတွေ တက်ပြီဆိုရင် Importer (သွင်းကုန်လုပ်ငန်းရှင်) တွေ ဒုက္ခရောက်ပြီ။ သူတို့ပစ္စည်းတွေသွင်းဖို့ ဈေးကြီးပေးပြီး ဒေါ်လာဝယ်ရမယ်။ သူတို့ကလည်း ဒီဒုက္ခကို ခံမှာမဟုတ်ဘူး ဈေးတင်မှာပဲ။ ဈေးတင်တဲ့အခါကျတော့ အဲဒီမှာလည်း ကုန်ဈေးနှုန်းတက်ဖို့အတွက် အကြောင်းတရားတစ်ခုထပ်ဖြစ်တာပေါ့။ Exporter (ပို့ကုန်လုပ်ငန်းရှင်) တွေကျတော့ အလုပ်ဖြစ်တယ်လို့ ယေဘုယျပြောကြတာပေါ့။ သို့ပေမဲ့လည်း တကယ်တမ်း စဉ်းစားကြည့်ရင် သူတို့လည်း တွက်ခြေမကိုက်ဘူး။ အဝင်မှာတော့ သူတို့များများရလိုက်တာပေါ့။ သူတို့ ဒါကို Export (ပို့ကုန်) ပြန်လုပ်ဖို့အတွက် ရင်းနှီးမြှုပ်နှံတဲ့အခါ ကျန်တာတွေဈေးတက်နေတဲ့အတွက် ဈေးကလိုက်တက်တော့မှာပဲ။ ဥပမာအားဖြင့် နိုင်ငံခြားကို ပဲပို့တယ်ပေါ့။ ပဲပြန်စိုက်ဖို့အတွက် လိုအပ်တဲ့ ဓာတ်မြေဩဇာတို့၊ ပိုးသတ်ဆေးတို့ကို ဝယ်တဲ့အခါမှာ ဈေးက မြင့်သွားပြီလေ။ သူတို့ပြန်ရင်းနှီးရတဲ့ဟာလည်းပဲ မြင့်လာမှာပေါ့။ ရုတ်တရက်ကြည့်ရင် ကိုက် တယ်ထင်ရပေမယ့် သူတို့လည်းပဲ ကိုက်တယ်လို့ သိပ်ပြောလို့မရဘူးပေါ့။ Imစသမအ တွေ များများမသွင်းဘဲနေရင် နည်းနည်းသက်သာမယ်။ ဒါပေမဲ့ မသွင်းမဖြစ်ကုန်ပစ္စည်းတွေကတော့ သွင်းနေရမှာပေါ့။ ခုက သွင်းကုန်က တအားများနေတာဆိုတော့ ကုန်သွယ်မှုလိုငွေလည်း တော်တော်လေး များသွားဖို့ရှိတယ်။ ဒါက မက်ခရိုအခြေအနေကိုပြောတာ။ မိုက်ခရို အနေနဲ့ တစ်ဦးချင်းအနေနဲ့ကတော့ ကုန်ဈေးနှုန်းတက်တဲ့ဒဏ်ကို ခံရမှာပေါ့လေ။ တစ်ဖက်မှာ ဘာသွားတွေ့ပြန်လဲဆိုတော့ သဘာဝဘေးအန္တရာယ်တွေ။ ဟိုနေ့က ငလျင်တောင် ထပ်ပြီးလှုပ်လိုက်သေးတယ်။ ရေကြီးတာ၊ ငလျင်လှုပ်တာတို့ဆိုတာကတော့ တားလို့လည်း မရဘူး။ ဖြစ်ချင်ဖြစ်မှာပဲလေ။ အရေးကြီးတာက ကယ်ဆယ်ရေး၊ ပြန်လည်ထူထောင်ရေးလုပ်ပေးဖို့က အရေးကြီးတာ။ ဒါတွေလုပ်ဖို့ ပိုက်ဆံလိုတယ်။ အဲဒါတွေကလည်း ရမ်းသန်းမှန်းတမ်းတွေ လျှောက်လုပ်လို့မရဘူး။ စိတ်ကူးယဉ်ပြီးလုပ်လို့မရဘူး။ တကယ်လက်တွေ့လုပ်ဖူးသူတွေနဲ့ လုပ်မှရတာ။ နိုင်ငံတကာမှာရော အာဆီယံမှာပါ ဒီသဘာဝဘေးအန္တရာယ်နဲ့ ပတ်သက်လို့ လုပ်ထားတာတစ်ခုရှိတယ်။ မြောက် အမေရိကတိုက်တို့ တောင်အမေရိကတိုက်တို့မှာလည်း စလုပ်နေကြပြီ။ ဘာလဲဆိုတော့ အာမခံသဘောမျိုးပဲ။ အာဆီယံမှာတော့ SEADRIF (Southeast Asia Disaster Risk Insurance Facility) လို့ သုံးတယ်။ ဒီထဲကို အဖွဲ့ဝင်အဖြစ်နဲ့ပါမယ်ဆိုရင် အဖွဲ့ဝင်ကြေး၊ နှစ်စဉ်ကြေးတွေထည့်ရမယ်။ သို့သော် ကိုယ့်နိုင်ငံမှာ သဘာဝဘေးတစ်ခုခုဖြစ်ခဲ့ရင် ကိုယ်လည်းပဲ လျော်ကြေးပြန်ရမယ်ဆိုတဲ့ သဘောမျိုးပေါ့။ အဲဒါလည်း ကမ္ဘာမှာ အခုခေတ်စားလာတယ်။ မြန်မာပြည်ကလည်း အဲဒီကိုဝင်ဖို့ ကြိုးစားနေတယ်။ ဒါပေမဲ့ မဝင်ဖြစ်သေးဘူး။ အဲဒါဝင်ဖြစ်မယ်ဆိုရင်တော့ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေမှာ၊ ကယ်ဆယ်ရေးလုပ်ငန်းတွေမှာ နိုင်ငံတော်ဘတ်ဂျက်က သိပ်မသုံးရတော့ဘူးပေါ့။ သမ္မတရန်ပုံငွေရှိတယ်ဆိုပေမယ့်လည်း သုံးရင်ကုန်သွားမှာပဲလေ။ ဒီထူထောင်ရေးတွေမှာမသုံးဘဲထားနိုင်ရင် တခြားနေရာတွေမှာ ပိုသုံးနိုင်တာပေါ့။ အဲဒီပြဿနာ နည်းနည်းသက်သာတာပေါ့။ ဒီအာမခံက လုံးဝကြီး ရာနှုန်းပြည့်ပြန်ပေးတာမဟုတ်ပေမယ့် အထိုက်အလျောက်တော့ အိတ်စိုက်ရ တာ လျော့သွားနိုင်တယ်။

The Voice Journal – အရင်အစိုးရလက်ထက်မှာ ခုလိုအခြေအနေမျိုးတွေကို ကိုယ်တိုင်လည်း ကြုံခဲ့ ရဖူးတော့ အခုလက်ရှိအခြေအနေနဲ့ အစိုးရက ဘာလုပ်သင့်လဲ။

Dr. MMT – ဟုတ်တယ်။ ကြုံဖူးတယ်။ အရေးကြီးတာက ဒါတွေဖြစ်လာပြီဆိုရင် Rapid Response ပေါ့။ လျင်လျင်မြန်မြန်တုံ့ပြန်ဖို့အရေးကြီးတယ်။ အဲဒါကို အခုတော့သိပ်မတွေ့ရဘူး။ မြန်မြန်ဆန်ဆန်တုံ့ပြန်ပေးဖို့လိုသလို တစ်ဖက်မှာ ကုစားဖို့လိုတယ်။ ကုစားဖို့နည်းလမ်းတွေကတော့ ရှိတော့ရှိပေမယ့် အဲဒါကလည်း တော်တော်ဆင်ဆင်ခြင်ခြင်နဲ့ လုပ်ရမယ့်အနေအထားမှာရှိတယ်။

The Voice Journal – ဗဟိုဘဏ်ဥက္ကဋ္ဌသက်တမ်းက ဒီလကုန်ရင် ပြည့်ပြီဆိုတော့ ဥက္ကဋ္ဌနေရာ အပြောင်းအလဲဖြစ်လာမယ်ဆိုရင် စီးပွားရေးမှာ ဘာတွေ သက်ရောက်မှုရှိနိုင်လဲ။

Dr. MMT – တခြားနိုင်ငံတွေမှာတော့ အရမ်းသက်ရောက်မှုရှိတယ်။ မြန်မာပြည်မှာတော့ ဒီလောက်ကြီးသက်ရောက်မယ့် အနေအထားမရှိဘူး။ လက်ရှိ ရှိနေတဲ့ ဗဟိုဘဏ်ဥက္ကဋ္ဌကိုပဲ သက်တမ်းဆက်တိုးပေးမယ်ဆိုရင်တော့ သိပ်ပြီးတော့ပြောင်းလဲသွားစရာမရှိဘူး။ နောက်အသစ်တစ်ယောက် ရောက်မယ်ဆိုရင်လည်း ရုတ်တရက်ကြီးတော့ ပြောင်းသွားမှာ မဟုတ်ဘူး။ အဲဒီအသစ်က အကယ်၍ ထူးထူးခြားခြားကို လူထုက ယုံကြည်နေတဲ့လူမျိုးဆိုရင်တော့ တစ်မျိုးပေါ့ကွာ။ ဒါကလည်းပဲ ရှိနိုင်ဖို့ကတော့ မလွယ်ဘူး၊ ရှားပါတယ်။ အသစ်ဆိုရင်လည်း သတ္တိရှိတဲ့သူ၊ ယုံကြည်မှုရှိတဲ့သူ၊ သိတတ်တဲ့သူဆိုရင်တော့ မြန်မြန်ဆန်ဆန် ရဲရဲဝံ့ဝံ့လုပ်ကိုင်နိုင်မှာပေါ့။

The Voice Journal – ဗဟိုဘဏ်ရဲ့ လက်ရှိလုပ်ကိုင်ဆောင်ရွက်မှုတွေကို ဘယ်လိုမြင်ပါသလဲ။

Dr. MMT – ဗဟိုဘဏ်ဆိုတာလည်း ဈေးကွက်အပေါ်မှာ တုံ့ပြန်မှု မြန်မြန်ဆန်ဆန်ရှိဖို့လိုတယ်။ သို့သော်လည်းပဲ Rapid Response လိုတယ်ဆိုပေမယ့် မြင်သမျှကို လျှောက်ပစ်နေလို့တော့မရဘူး။ စဉ်းစဉ်းစားစားနဲ့ အမြန်ဆုံးတုံ့ပြန်နိုင်ဖို့လိုတာ။ ဒီမှာကလည်း ဖြစ်နေတာတွေက ကိုယ့်အနာ ကိုယ်အသိဆုံးပဲ။ နိုင်ငံတကာပညာရှင်တွေ ပြောသမျှလည်း သိပ်ပြီးတော့ ယုံကြည်အားထားပြီး လုပ်လို့မရပြန်ဘူး။

The Voice Journal – လက်ရှိမြန်မာ့စီးပွားရေးက တုံ့ဆိုင်းနေတယ်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ အဝင်နည်းလာတယ်။ ဒါတွေက ရခိုင်အရေးကြောင့်လို့ ပြောကြတဲ့အပေါ် ဆရာ့ရဲ့အမြင်လေး သိပါရစေ။

Dr. MMT – ရခိုင်အရေးတစ်ခုတည်းကြောင့်ရယ်လို့တော့ လက်ညှိုးထိုးပြောလို့မရဘူး။ တခြားကိစ္စတွေလည်း အများကြီးရှိသေးတယ်။ အဓိကကတော့ ရင်းနှီးမြှုပ်နှံသူတွေကို လွယ်လွယ်ကူကူနဲ့ လျင်လျင်မြန်မြန် လုပ်ကိုင်နိုင်အောင်လုပ်ပေးဖို့လိုတယ်။ နောက်ပြီးတော့ တတ်နိုင်သမျှ သူတို့ကိုလည်း လွတ်လပ်ခွင့်လေးတွေ၊ အကျိုးခံစားခွင့်တွေလည်း ပေးမှပေါ့။ အခွန်သက်သာခွင့် ငါးနှစ်ကို ဖျက်လိုက်တာ ကျွန်တော်ထင်တာတော့ နည်းနည်းစောသွားတယ်ထင်တယ်။ မက်လုံးက လျော့သွားတာပေါ့။ FDI တအားဝင်နေတဲ့အချိန်မျိုးမှာ ကိစ္စမရှိပေမယ့် ခုလိုအချိန်မျိုးမှာတော့ အခြေအနေအရ ပြန်ပေးသင့်တယ်လို့ မြင်တယ်။ ပေးလိုက် ဖြုတ်လိုက်တော့ ဖြစ်နေမှာပေါ့။နောက်တစ်ချက်က သူတို့ လုပ်ရလွယ်အောင်လုပ်ပေးဖို့ အရေးကြီးတယ်။ မြန်မာပြည်ကိုလာပြီး လျှောက်လွှာတင်ဖို့ခက်တာတို့ ဘာလုပ်လို့လုပ်ရမှန်းမသိတာတို့ ခဏခဏ ကြားရတယ်။ အလုပ်တစ်ခုလုပ်ချင်လို့ ဌာနတွေလိုက်မေးတာမှာ ဌာနတွေက ဘော်လီဘောပုတ်နေတော့ သူတို့လည်း စိတ်ညစ်ပြီပေါ့။ ဒါကို တိတိကျကျ တာဝန်ယူလုပ်ပေးဖို့ လိုတာပေါ့။ ကမ္ဘာ့ဘဏ်ကလုပ်တဲ့ စီးပွားရေးလုပ်ကိုင်လွယ်မှုတိုင်းတာ ရှိတယ်လေ။ ဒီအချက်တွေနဲ့ ကိုက်ညီသထက် ကိုက်ညီလာအောင် လုပ်ရမှာပေါ့။ ရခိုင်အရေးကလည်း Influence (သက်ရောက်စိုးမိုးမှု) ဖြစ်သလောက်တော့ ဖြစ်တယ်။ အဲ့ဒီမှာ နှစ်မျိုးရှိတယ်။ တစ်မျိုးက ကြောက်တာ၊ နောက်တစ်မျိုးက Boycott (သပိတ်မှောက်တာ) လုပ်တဲ့သဘောမျိုးပေါ့။ ကိုယ်တို့ နိုင်ငံကို Negative ပြောနေဆိုနေကြတော့ နိုင်ငံခြားကုမ္ပဏီတွေရဲ့ ရှယ်ယာရှင်တွေက ကန့်ကွက်မှာ ကြောက်တာတို့ ဘာတို့ပေါ့။ ဝင်ပြီးရင်းနှီးမြှုပ်နှံမယ်ဆိုရင်လည်း တစ်ခုခုဖြစ်သွားမှာလားဆိုတဲ့ စိုးရိမ်သောကလည်း ရှိနေတယ်။ အရေးကြီးတာကတော့ နိုင်ငံရေးတည်ငြိမ်မှုရှိဖို့လိုတယ်။ အစိုးရက အားကောင်းနေတယ်ဆိုရင် ရင်းနှီးမြှုပ်နှံသူတွေက လာကြမှာပဲ။ စွမ်းရည်ထက်မြက်တဲ့အစိုးရဖြစ်ဖို့ လိုတာပေါ့။

The Voice Journal – လက်ရှိအစိုးရရဲ့ ကျန်တဲ့သက်တမ်းမှာ ဘာတွေများ ဆက်လုပ်နိုင်ဦးမယ်လို့ မျှော်လင့်ရလဲ။

Dr. MMT – သက်တမ်းက ဘာမှမကျန်တော့ဘူး။ အခု ၂၀၁၈ ကိုပဲ ၇ လပိုင်းထဲ ဝင်လာပြီ။ နောက်ရွေးကောက်ပွဲအတွက် မဲဆွယ်ကာလဖယ်လိုက်ရင် ဘယ်လောက်မှမရှိတော့ဘူး။ ဒီကာလအတွင်းမှာတော့ ဘာမှသိပ်လုပ်လို့မရတော့ဘူး။ ရှေ့ပိုင်းမှာလုပ်ခဲ့သမျှတွေက ချောချောမောမောဖြစ်နေတယ်ဆိုရင်တော့လည်း တစ်မျိုးပေါ့။ ခုထိဖြစ်နေတဲ့ ပစ္စုပ္ပန်အခြေအနေတွေကလည်း ရှုပ်ထွေးနေတဲ့အချိန်မျိုးမှာ နောက်ကျန်တဲ့ကာလတိုလေးမှာ ထူးထူးခြားခြားစွမ်းဆောင်မှုတွေပြဖို့ ဒါကြီးက တော်တော်ခက်လိမ့်မယ်ထင်တယ်။

The Voice Journal – လက်ရှိ ပြည်တွင်းစတော့ဈေးကွက်အခြေအနေက အကျဘက်ကိုဦးတည်နေတယ်။ ကုမ္ပဏီဥပဒေအသစ်က စတော့ဈေးကွက်အပေါ် ဘယ်လောက်ရိုက်ခတ်နိုင်မလဲ။

Dr. MMT – ကုမ္ပဏီဥပဒေသစ်အရ ပြည်တွင်းကုမ္ပဏီတွေမှာ ၃၅ ရာခိုင်နှုန်းအထိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုခွင့်ပြုမယ်ဆိုတာက မျှော်လင့်ချက်ရောင်ခြည်လေးတော့ သမ်းလာတယ်။ နိုင်ငံခြားကုမ္ပဏီကြီးတွေကတော့ ဈေးကွက်ထဲဝင်ပြီး ရင်းနှီးမြှုပ်နှံမယ်မထင်ဘူး။ တစ်ဦးချင်းဝင်လာပြီး မြှုပ်နှံချင် မြှုပ်နှံမယ်။ နိုင်ငံခြားကုမ္ပဏီတွေကတော့ ကိုယ်မြင်တာက ကုမ္ပဏီတွေမှာပဲ သွားထည့်မှာပေါ့။ ကိုယ်တို့ရဲ့ စတော့ဈေးကွက်ကလည်း ခုမှ စခါစဖြစ်နေတော့ အားရစရာ မရှိသေးဘူး။ စတော့အိတ်ချိန်းမှာ နိုင်ငံခြားသားတွေဝင်ကစားတာတော့ရှိလာမယ်။ ကုမ္ပဏီတွေအနေနဲ့ကတော့ ပင်ရင်းကုမ္ပဏီမှာပဲ တစ်ခါတည်း Equity  ကို ၂၅ ရာခိုင်နှုန်း၊ ၃၅ ရာခိုင်နှုန်း စသဖြင့် ဝယ်လိုက်တာမျိုးပဲ လုပ်လိမ့်မယ်လို့မြင်တယ်။ ဒါလည်းပဲ ရင်းနှီးမြှုပ်နှံမှုပဲလေ။ ရင်းနှီးမြှုပ်နှံမှုလုပ်ရမှာဆိုတော့ အပေါ်မှာပြောခဲ့သလို နိုင်ငံခြားကုမ္ပဏီတွေအတွက် ချိန်ဆရမှာတွေ အများကြီးရှိမယ်။ စဉ်းစားဦးမှာ၊ စောင့်ကြည့်ဦးမှာပဲ။ ချက်ချင်းကြီးတော့ ဖြစ်လာစရာအကြောင်းမရှိဘူး။ နိုင်ငံခြားသား တစ်ဦးချင်းအနေနဲ့ စတော့ဈေးကွက်ကို ဝင်ကစားမယ်ဆိုရင်တောင် ပြောပလောက်အောင်တော့ ဖြစ်လာမှာမဟုတ်သေးပါဘူး။

The Voice Journal – စတော့ဈေးကွက်ကို ပြည်သူတွေပိုစိတ်ဝင်စားလာဖို့၊ စာရင်းဝင်ကုမ္ပဏီတွေ တိုးပွားလာဖို့ ဘာတွေလုပ်ဖို့လိုမလဲ။

Dr. MMT – အဓိကကတော့ ဘာလဲဆိုတော့ Trust (ယုံကြည်မှု) ပဲ။ Trust Building (ယုံကြည်မှု တည်ဆောက်) လုပ်ရမယ်။ ဒါလုပ်ဖို့ကလည်း အများကြီးလိုတယ်။ ပေါ်လစီတွေ ကောင်းဖို့လိုတယ်။ Efficiency အကျိုးရှိ ထိရောက်ဖို့လိုတယ်။ ဒီဈေးကွက်ထဲမှာ လုပ်နေတဲ့လူတွေအပေါ်မှာ လူထုက ယုံကြည်မှုအားကောင်းနေဖို့လိုတယ်။ Trust Building က နေ့ချင်းညချင်းလုပ်ဖို့တော့ မလွယ်ဘူး။ ရှုထောင့်စုံကနေပြီးတော့ လှုပ်ရှားမှရမှာပေါ့။ Trust မရှိရင်တော့ ဈေးကွက်က မအောင်မြင်နိုင်ဘူး။ Trust ဆိုရာမှာ လုပ်နေတဲ့လူတွေအပေါ်လည်း Trust ရှိရမယ်။ နိုင်ငံတော်နဲ့ နိုင်ငံတော်ရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးတွေအပေါ်မှာလည်း Trust ရှိရမယ်။ ဒါမှ ဒီဈေးကွက်က အောင်မြင်မှာ။ နောက်ပြီးတော့ စီးပွားရေးကလည်း တက်နေရမယ်။ ဒီအချက်တွေနဲ့ ပြည့်စုံရင်တော့ ကောင်းသွားမှာပါ။ စာရင်းဝင်ကုမ္ပဏီ တွေ တိုးလာဖို့မှာ တချို့ပြောကြတာက YSX က ယူတဲ့အခကြေးငွေတွေ မြင့်နေတယ်လို့ ပြောကြတယ်။ ပေးရတဲ့အခကြေးငွေတွေ မြင့်နေရင်တော့ ဘယ်ကိုက်မလဲ။ ဒါပေမဲ့ သူတို့ပြောတာ တကယ်ဟုတ် မဟုတ် ပြန်ပြီးသုံးသပ်သင့်တယ်။ ဘာမှအလုပ်မဖြစ်ဘဲ ပိုက်ဆံယူနေရင် အီတာပေါ့ကွာ။ အလုပ်ဖြစ်လို့ ပိုက်ဆံတွေယူနေတာက တစ်မျိုးပေါ့။ နောက်တစ်ခု ပြဿနာရှိတာက Valuation (တန်ဖိုးဖြတ်ခြင်း) ကိစ္စ။ ကုမ္ပဏီတွေက သူတို့ရဲ့ Valuation ကို ကမ္ဘာ့အကြီးဆုံး Big Four Firm တွကို သွားလုပ်ခိုင်းတယ်။ အဲဒီအခါ ဟိုက သူတို့ရဲ့စံနှုန်းအမြင့်ကြီးတွေနဲ့ တိုင်းပြီး တန်ဖိုးသတ်မှတ်ပေးလိုက်တော့ တန်ဖိုးက တက်မလာဘဲ ရှယ်ယာဈေးက ဘယ်လိုမှမြှင့်မရတာ မျိုးတွေဖြစ်တတ်တယ်။ ဆိုတော့ Valuation ကို နိုင်ငံခြားကုမ္ပဏီကြီးတွေကို လုပ်ခိုင်းမယ့်အစား ကိုယ့်ပြည်တွင်း မြန်မာ Auditing Firm တွေလည်း ရှိတာပဲ။ သူတို့ကိုလုပ်ခိုင်းရင်လည်း ရတာပါပဲ။

The Voice Journal – ပြည်သူတွေကြားမှာရော လွှတ်တော်မှာပါ ပွဲဆူသွားတဲ့ အခွန်လွတ်ငြိမ်းချမ်းသာခွင့်ကို နုတ်ထွက်သွားတဲ့ စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီး ဦးကျော်ဝင်းလက်ထက်မှာ လုပ်သွားတာရှိတယ်။ အခုလည်း ဥပဒေတစ်ရပ်အနေနဲ့ ပြဋ္ဌာန်းဖို့ ဆက်လုပ်နေတာလည်းရှိတော့ ဒီဟာက ခုချိန်မှာ မဖြစ်မနေလုပ်ဖို့ လိုအပ်သလား ဆရာ။

Dr. MMT – ဒါကလည်း အခြေအနေပေါ်မူတည်တယ်။ အခွန်နဲ့ဆက်စပ်ပြီး Withholding Tax  ကို အရင်ပြောချင်တယ်။ ဒါကို ပြည်တွင်းပုဂ္ဂလိကကဏ္ဍအတွက် ပယ်ဖျက်ပေးလိုက်တာ ကောင်းလည်း ကောင်းတယ်။ မကောင်းလည်း မကောင်းဘူး။ အဓိကကတော့ နိုင်ငံတော်မှာရနေတဲ့ ဝင်ငွေလျော့သွားတာပေါ့။ နောက်ပြီးတော့ ဒီဟာနုတ်ထားတဲ့အတွက် သိပ်ရှောင်လို့ ရှားလို့မရဘူးပေါ့ကွာ။ အခုတော့ နိုင်ငံတော်က လောလောဆယ်ရနေတဲ့ ဝင်ငွေကြီး ရပ်သွားတာပေါ့ကွာ။ တာဝန်သိတဲ့ နိုင်ငံသားတွေဆိုရင်တော့ ဒါကို ပယ်ဖျက်လိုက်လည်း ဆောင်စရာရှိတာ ဆောင်မှာပေါ့။ အခွန်လွတ်ငြိမ်းချမ်းသာခွင့်ကလည်း အခြေအနေကြည့်ပြီး ပေးရမှာ။ တော်ရုံတန်ရုံလောက်နဲ့ ဒီလိုပေးနေရင် နိုင်ငံတော်အခွန်ရငွေပဲ လျော့သွားလိမ့်မယ်။ လာဘ်စားထားတဲ့ကောင်တွေ၊ မူးယစ်ဆေးဝါး ရောင်းဝယ်ထားတဲ့ကောင်တွေ မတရားရထားတဲ့ငွေတွေကို အခွန်နည်းနည်းလောက် ဆောင်လိုက်တာနဲ့ လွတ်ငြိမ်းခွင့်ရမယ်ဆိုတာကြီးက ငွေဖြူပြန်လုပ်ပေးတဲ့ပုံစံ ပေါက်နေတာပေါ့။ ပုံမှန်ဆောင်နေတဲ့သူတွေက နေရင်းထိုင်ရင်း နာတာပေါ့။ ဒီတော့ သူတို့လည်းရှောင်နေလိုက်ပြီးမှ Tax Amnesty (အခွန်ကင်းလွတ်ခွင့်) လာမှဆောင်မယ်ဆိုပြီး ဖြစ်ကုန်ကြမှာပေါ့။ Tax Amnesty က လူ့သဘာဝနဲ့လည်း သိပ်မကိုက်ဘူး။ အခုဟာက ပုံမှန်ဆောင်တဲ့သူတွေကို ထိခိုက်သွားပြီး ပုံမှန်မဆောင်ဖို့ အားပေးသလိုတောင် ဖြစ်သွားနိုင်တယ်။

The Voice Journal – ဒီအခွန်လွတ်ငြိမ်းခွင့်ကို ၂၀၁၈ အခွန်အကောက်ဥပဒေမှာ ထည့်ရေးတာကို လွှတ်တော်က ပယ်ဖျက်လိုက်လို့ ဥပဒေတစ်ရပ် ထပ်ဆွဲနေတယ်ဆိုတော့ ဒီလွတ်ငြိမ်းခွင့်လာဖို့ရှိတယ်ဆိုပြီး ခုမဆောင်တော့ဘဲ စောင့်နေမယ်ဆိုတာဖြစ်နိုင်မလား။

Dr. MMT – ရှောင်ချင်တဲ့သူတွေကတော့ ဒီဟာထွက်လာတဲ့အထိ မျှော်တော့မှာပေါ့။ ဖြစ်သင့်တာကတော့ အခွန်ကို မှန်မှန်နဲ့ များများဆောင်တဲ့သူကို အခွင့်အရေးများများပေးရမှာ။ Amnesty မပေးနဲ့။ အခွင့် အရေးတွေဖန်တီးပေးပြီး Reward လုပ်ရမှာ။ Amnesty ပေးရင် နိုင်ငံတော်ဝင်ငွေ လျော့သွားမှာပေါ့။ နိုင်ငံတော်က ဒါပဲအားထားနေရတာ။ တကယ်က အခွင့်အရေးနဲ့ ဆွဲဆောင်ရမှာ။

The Voice Journal – အခုလုပ်နေတဲ့ ရန်ကုန်မြို့သစ်စီမံကိန်းနဲ့ပတ်သက်လို့ ဆရာ့အမြင်ပြောပြပါဦး။

Dr. MMT – ဒီစီမံကိန်းက အိုင်ဒီယာသိပ်ကောင်းတာပေါ့။ ခု ရန်ကုန်မြို့ကြီးကလည်း အသက်တော်တော်ကြီးလာတော့ ကျပ်တည်းတာတွေ ပြည့်ကျပ်တာ တွေဖြစ်လာပြီ။ မြို့သစ်တည်မယ်ဆိုတာ ကောင်းတယ်။ သို့သော် ပြဿနာတွေကတော့ အများကြီးရှိနေတယ်။ အရင်ဆုံး သဘာဝပတ်ဝန်းကျင်မှာ ထိခိုက်မှုတွေ ရှိမယ်။ လယ်ကွင်းတွေပျောက်သွားမယ်။ နောက်တစ်ခုက ရင်းနှီးငွေပေါ့။ အိုင်ဒီယာကြီးကိုတော့ အရမ်းကြိုက်တယ်။ မြငူငညေအ Brilliant Idea၊ Ambitious ဖြစ်တဲ့ Project ပဲ။ ဒါပေမဲ့ လုပ်တဲ့နေရာမှာ တစ်ယောက်တည်းအပ်ပြီးတော့ လုပ်တာမျိုးမဖြစ်သင့်ဘူး။ တစ်ယောက်တည်းက ခြယ်လှယ်သွားတာမျိုးမဖြစ်ဖို့လိုတယ်။ ဒါကြီးက ရန်ကုန်တိုင်းထဲမှာ လုပ်တယ်ဆိုပေမယ့် ရန်ကုန်လို စီးပွားရေးမြို့တော်မှာ မြို့သစ်ကြီးတစ်ခုတည်မယ်ဆိုတာကတော့ ပြည်ထောင်စုအဆင့်ဖြစ်သင့်တယ်။ အပြောမခံရဖို့က ပွင့်လင်းမြင်သာမှုရှိရှိလုပ်ဖို့ လိုတယ်။ အပြောကောင်းတဲ့လူတွေနောက်လည်း သိပ်လိုက်ဖို့မလိုဘူး။ 

 

စစ်ငြိမ်းသူ

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *