AEC ခြောက်အိပ်မက်

“AEC ၊ ငါတို့ကတော့ အဆင်သင့်ပဲ” ဆိုသည့် ကြော်ငြာဗီဒီယိုတိုလေးတစ်ခု Youtube တွင် ရောက်နေလေပြီ။

ထိုဗီဒီယိုတွင် အာဆီယံစီးပွားရေးအသိုက်အဝန်း (AEC) အတွက် ဗီယက်နမ်နိုင်ငံက ကြိုတင်ပြင်ဆင်မှုများနှင့် အဆင်သင့်ဖြစ်နေပြီဆိုသည့်အကြောင်းကို ရိုက်ကူးထားခြင်းဖြစ်သည်။

အာဆီယံအဖွဲ့ဝင်နိုင်ငံများအနက် ကနဦး အာဆီယံအဖွဲ့ဝင်ခြောက်နိုင်ငံနှင့် CLMV ဆိုသည့် နောက်တိုးအဖွဲ့ဝင်လေးနိုင်ငံဆိုပြီး ခွဲခြားထားသည်။

ထို CLMV လေးနိုင်ငံတွင် စီးပွားရေးရှေ့တန်းရောက်နေသော ဗီယက်နမ်နိုင်ငံက AEC အတွက် အဆင်သင့်ဖြစ်နေပြီဟု ကြွေးကြော်လိုက်ခြင်းဖြစ်သည်။

အာဆီယံကို ဥရောပသမဂ္ဂလို တစ်ခုတည်းသော ဈေးကွက်ကြီးအဖြစ်ဖန်တီးရန် လွန်ခဲ့သောနှစ်ပေါင်း ၂၀ ခန့်ကပင် စတင်ပြင်ဆင်ခဲ့ခြင်းဖြစ်သည်။

အာဆီယံအသိုက်အမြုံကြီးအတွက် အဓိကထောက်တိုင်ကြီးသုံးခုရှိပြီး အာဆီယံလုံခြုံရေးအသိုက်အဝန်း (ASC)၊ အာဆီယံစီးပွားရေး အသိုက်အဝန်း (AEC) နှင့် အာဆီယံလူမှုယဉ်ကျေးမှုအသိုက်အဝန်း (ASCC) ဟူ၍ဖြစ်သည်။

 

AEC ၏ အဓိကသွင်ပြင်လက္ခဏာမှာ ကုန်ထုတ်လုပ်မှုအခြေခံပြီး တစ်ခုတည်းသော ဈေးကွက်ဖြစ်လာရန်၊ ယှဉ်ပြိုင်နိုင်စွမ်းမြင့်သော ဒေသတွင်းစီးပွားရေးဖြစ်ရန်၊ ညီတူမျှတသော စီးပွားရေးဖွံ့ဖြိုးမှုရရန်နှင့် ကမ္ဘာ့စီးပွားရေးကို စုပေါင်းချိတ်ဆက်နိုင်ရန်တို့ဖြစ်ကြသည်။

နိုင်ငံတစ်နိုင်ငံချင်းထက် ဒေသကြီးတစ်ခုအဖြစ် စုစည်းတည်ဆောက်ရန် အာဆီယံအဖွဲ့ဝင်နိုင်ငံများက ရည်ရွယ်ထားခြင်းဖြစ်သည်။

ကနဦး အာဆီယံခြောက်နိုင်ငံမှာ AEC ကို ကျင့်သုံးနေသည်မှာ သုံးနှစ်ကျော်ပြီဖြစ်သော်လည်း CLMV လေးနိုင်ငံအတွက် ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ ရွှေ့ဆိုင်းပေးထားသည်။

ထိုကာလရောက်ရန် ငါးလလောက်သာ လိုတော့သည်။

မြန်မာနိုင်ငံ AEC အတွက် အဆင်သင့်ဖြစ်ပြီလားဆိုသည့်မေးခွန်းကို ယခုအချိန်မေးလျှင်ပင် အတန်ငယ် နောက်ကျနေပြီ။

AEC ဖြစ်လာလျှင် ကုန်စည်၊ ဝန်ဆောင်မှု၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကျွမ်းကျင်လုပ်သားများ အာဆီယံအဖွဲ့ဝင်နိုင်ငံအားလုံးတွင် လွတ်လပ်စွာ ကူးသန်းသွားလာ ရောင်းဝယ်လုပ်ကိုင်နိုင်ခွင့်ရှိမည်။

စတော့ရှယ်ယာ၊ ငွေချေးစာချုပ်ကဲ့သို့ ငွေအရင်းများ ပိုမိုလွတ်လပ်စွာ စီးဆင်းနိုင်မည်။

ယင်းအပြင် အဓိကဦးစားပေး ပေါင်းစည်းမှုလုပ်မည့် ကဏ္ဍကြီး ၁၂ ရပ် နှင့် အစားအစာ၊ စိုက်ပျိုးရေးနှင့် သစ်တောဆိုသည့် အစိတ်အပိုင်းနှစ်ခုလည်း ပါဝင်သည်။

ကုန်စည်များ လွတ်လပ်စွာ ကူးသန်းရောင်းဝယ်နိုင်ရန် အာဆီယံလွတ်လပ်သော ကုန်သွယ်မှုဒေသ (AFTA) ကို ယခင်နှစ်များကပင် စတင်ခဲ့ပြီးဖြစ်သည်။

မြန်မာနိုင်ငံမှ ကုန်ပစ္စည်းကို အာဆီယံအဖွဲ့ဝင်နိုင်ငံတို့တွင် အကောက်ခွန်ပေးစရာမလိုဘဲ တိုက်ရိုက်သွားရောက် ရောင်းချနိုင်သလို ကျန်အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ ကုန်ပစ္စည်းများ မြန်မာနိုင်ငံတွင်း လာရောက်ရောင်းချလျှင်လည်း အကောက်ခွန်ကောက်ခံခြင်းမရှိဘဲ ရောင်းချခွင့်ပြုရမည်ဖြစ်သည်။

အကောက်ခွန်အပြင် အကောက်ခွန်မဟုတ်သော ကုန်သွယ်မှုဆိုင်ရာ အတားအဆီးများကိုလည်း ဖယ်ရှားရမည်ဖြစ်ရာ ပြည်တွင်းလုပ်ငန်းများကို အကာအကွယ်ပေးထားသည့် အချို့အချက်များကိုလည်း ဖြေလျှော့ပေးရတော့မည်။

ကောင်းကျိုးအနေနှင့် အကောက်ခွန်ကုန်ကျစရိတ်မရှိသည့်အတွက် စားသုံးသူများ ဈေးသက်သာစွာဖြင့် အရည်အသွေးရှိကုန်စည်များကို ရွေးချယ်သုံးစွဲခွင့်ရမည်ဖြစ်ပြီး စီးပွားရေးလုပ်ငန်းများအကြား ယှဉ်ပြိုင်မှုမြင့်တက်ကာ ကုန်ပစ္စည်းအရည်အသွေး၊ နည်းပညာများဖွံ့ဖြိုးလာမည်ဖြစ်ကြောင်း သမ္မတဦးသိန်းစိန်လက်ထက် ဘဏ္ဍာရေး ဒုတိယဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဒေါက်တာမောင်မောင်သိမ်း က ဆိုသည်။

သို့သော် ယင်းကောင်းကျိုးကို မြန်မာနိုင်ငံက ရရှိနိုင်မည်လား။

“ဝိတ်တန်းတူသူအချင်းချင်းထိုးရင်တော့ ဒီဟာက မျှတတာပေါ့။ ဝိတ်တန်းမတူသူအတွက်တော့ မမျှတနိုင်ဘူးလေ။ ဝိတ်တန်းမြင့်တဲ့ကောင်က ဖိထိုးတာခံရမှာပဲ” ဟု ဒေါက်တာမောင်မောင်သိမ်းက ဥပမာပေးသည်။

ရန်ကုန်မြို့လယ်တစ်နေရာတွင်တွေ့ရသည့် ပြည်ပခရီးသည်အချို့

AEC အတွက် ကြိုတင်ပြင်ဆင်ထားသည့် နိုင်ငံများရှိ လုပ်ငန်းများအတွက် ၂၀၁၈ ခုနှစ်အကုန်ကို စိတ်မရှည်စွာ စောင့်မျှော်နေရချိန်တွင် မည်သည့်ပြင်ဆင်မှုမျှ မလုပ်ထားသည့် နိုင်ငံများအတွက်မူ အန္တရာယ်ကြီးသည့် အချိန်ကာလကို ရောက်လာမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ စက်မှုလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဒေါက်တာအောင်သိန်း က ဆိုသည်။

AEC အတွက် အဆင်သင့်မဖြစ်လျှင် ဖြစ်လာမည့်အကျိုးဆက်က လုပ်ငန်းဆက်လက်ရှင်သန်ရေးအတွက် အန္တရာယ်ရှိလာမည်ဖြစ်သည်။

“အဆင်သင့်မဖြစ်တဲ့အတွက် ကိုယ့်ဈေးကွက်တွေ ပျောက်ကွယ်သွားနိုင်တယ်” ဟု ဒေါက်တာအောင်သိန်း က သတိပေးသည်။

ပြည်တွင်းလုပ်ငန်းများအတွက် AEC ဖြစ်လာလျှင် ကိုယ့်ကုန်ပစ္စည်း၏ဈေးနှုန်းနှင့် အရည်အသွေးမှာ အခြားနိုင်ငံမှ ကုန်ပစ္စည်းများနှင့် ယှဉ်ပြိုင်နိုင်စွမ်း ရှိ မရှိဆိုသည့် စိန်ခေါ်မှုကြုံတွေ့လာရမည်ဖြစ်သည်။

“ကိုယ့်နိုင်ငံမှာရှိတဲ့ ဈေးကွက်ကိုလည်း မကာကွယ်နိုင်ဘူး။ သူများဈေးကွက်ကိုလည်း မထိုးဖောက်နိုင်ဘူးဆိုရင်တော့ ကိုယ့်ဘက်က အနာချည်းပဲပေါ့” ဟု ဒေါက်တာအောင်သိန်းကဆိုသည်။

ဤသည်မှာ ကုန်စည်များ လွတ်လပ်စွာ ကူးသန်းရောင်းဝယ်ခြင်းဆိုသည့် အချက်တစ်ချက်သာ ရှိသေးသည်။

ဝန်ဆောင်မှုကဏ္ဍတွင်လည်း ဆက်သွယ်ရေး၊ ဆောက်လုပ်ရေး၊ ဖြန့်ဖြူးရေး၊ ပညာရေး၊ ကျန်းမာရေး၊ သယ်ယူပို့ဆောင်ရေး၊ အများပြည်သူအပန်းဖြေဝန်ဆောင်မှု၊ ဟိုတယ်နှင့်ခရီးသွားလာရေး စသည့်ကဏ္ဍများကို အာဆီယံအဖွဲ့ဝင်နိုင်ငံများတွင် လွတ်လပ်စွာ လုပ်ကိုင်နိုင်မည်ဖြစ်သည်။

ထို့ပြင် ကျွမ်းကျင်ဝန်ထမ်းများ လွတ်လပ်စွာ လုပ်ကိုင်ခွင့်လည်း အကောင်အထည်ဖော်လာမည်ဖြစ်သည်။

ကျန်းမာရေး၊ အင်ဂျင်နီယာ၊ စာရင်းကိုင်၊ မြေတိုင်းတာရေး၊ ရှေ့နေလုပ်ငန်း စသည့်ကဏ္ဍများတွင် အဆင့်မြင့်ကျွမ်းကျင်ဝန်ထမ်းများ အဆီးအတားမရှိ နိုင်ငံဖြတ်ကျော် လုပ်ကိုင်ခွင့်ရလာတော့မည်။

သို့သော် ယင်းအချက်အားလုံး တစ်ပြိုင်တည်း ချက်ချင်းအကျုံးဝင်မည် မဟုတ်ဘဲ တဖြည်းဖြည်းချင်း တစ်ဆင့်စီ ချဲ့ထွင်သွားမည်ဖြစ်သည်။

ဖြည်းဖြည်းချင်းဆိုသော်လည်း ဆယ်စုနှစ် နှစ်ခုစာ ကြိုတင်ပြင်ဆင်ကာ အခွင့်အလမ်းကို ဆုပ်ကိုင်မည့် နိုင်ငံများလည်း အဆင်သင့်ရှိနေပြီဖြစ်သည်။

အာဆီယံဒေသသည် လူဦးရေသန်းပေါင်း ၆၃၀ ကျော်ရှိပြီး တရုတ်နှင့် အိန္ဒိယပြီးလျှင် တတိယမြောက် လူဦးရေ အများဆုံး ဒေသကြီးတစ်ခုဖြစ်သည်။

အာဆီယံဒေသ၏ အသားတင်ထုတ်ကုန် (GDP) တန်ဖိုးမှာ ၂၀၁၆ ခုနှစ်တွင် အမေရိကန်ဒေါ်လာ သန်ပေါင်း ၂၅၅၀ ကျော်ရှိပြီး ယင်းမှာ ကမ္ဘာပေါ်တွင် ဆဋ္ဌမမြောက်အများဆုံးဖြစ်သည်။

ခရီးသွားကဏ္ဍတွင် အာဆီယံဒေသသို့ ၂၀၁၆ ခုနှစ်အတွင်း ခရီးသွားပေါင်း သန်း ၁၁၀ ကျော်ဝင်ရောက်ခဲ့ပြီး ခရီးသည်အများဆုံးဝင်ရောက်မှုတွင် ထိုင်း၊ မလေးရှား၊ စင်ကာပူ၊ အင်ဒိုနီးရှားနှင့် ဗီယက်နမ်နိုင်ငံတို့က အစဉ်လိုက်ရှိနေကြသည်။

ခရီးသွားကဏ္ဍသည် ဝန်ဆောင်မှုကဏ္ဍအတွင်းရှိ ကျန်းမာရေး၊ ပညာရေး၊ အများပြည်သူအပန်းဖြေနားနေစခန်းများနှင့် အခြားသော ဝန်ဆောင်မှုလုပ်ငန်းများနှင့်ဆက်စပ်နေပြီး ယင်းလုပ်ငန်းများ ကောင်းမွန်သောနိုင်ငံများသို့ ခရီးအသွားအလာများနေကြခြင်းဖြစ်သည်။

မြန်မာနိုင်ငံ၏ ခရီးသွားကဏ္ဍမှာ ယခု ၂ နှစ်အတွင်း ပြန်လည်ကျဆင်းလာပြီး ခရီးသည်အဝင် ငါးသန်းအောက်တွင်သာရှိနေသည်။

AEC နှင့်ပတ်သက်၍ အဓိက ရင်ဆိုင်ရမည့်စိန်ခေါ်မှုမှာ ပြည်တွင်းရှိ ကဏ္ဍပေါင်းစုံမှ အသေးစားနှင့် အလတ်စားလုပ်ငန်း (SME) များဖြစ်သည်။

“တို့မှာ အများဆုံးကျန်နေတာက SME ကိစ္စပဲ။ တို့ဆီက SME တွေက သိပ်ပြီးတော့ အောင်အောင်မြင်မြင် ထွန်းထွန်းပေါက်ပေါက် မဖြစ်သေးဘူး” ဟု AEC နှင့်ပတ်သက်၍ အလုပ်ရုံဆွေးနွေးပွဲများစွာ ဦးဆောင်ကျင်းပနေသော ပါရမီစွမ်းအင်လုပ်ငန်းစု၏ အကြီးတန်းအကြံပေး ဦးတင်ချိုကဆိုသည်။

အသေးစားနှင့် အလတ်စားလုပ်ငန်းဟုဆိုလျှင် ချေးငွေကိစ္စတစ်ခုကိုသာ အဓိကပြောဆိုဆွေးနွေးကြပြီး ကျန်ရှိသည့် နည်းပညာတိုးတက်ရေး၊ တန်ဖိုးမြင့်ထုတ်ကုန်များ ပိုမိုထုတ်လုပ်နိုင်ရေးနှင့် ကုန်ပစ္စည်းအမှတ်တံဆိပ် ထူထောင်၊ ထိန်းသိမ်းနိုင်ရေးတို့ကိုလည်း လုပ်ဆောင်ရန် လိုအပ်ကြောင်း ၎င်းကပြောသည်။

ပြည်တွင်းလုပ်ငန်းအများစုမှာ အသေးစားနှင့် အလတ်စားလုပ်ငန်းများဖြစ်ကြပြီး ယင်းလုပ်ငန်းများ၏ ထုတ်လုပ်နိုင်စွမ်းနှင့် ယှဉ်ပြိုင်နိုင်စွမ်းမှာ လက်ရှိအချိန်ထိ အင်အားချည့်နဲ့နေဆဲသာဖြစ်သည်။

ပြည်တွင်း၏အဓိကအားသာချက်ဖြစ်သော စိုက်ပျိုးရေးအခြေခံ စားသောက်ကုန်ပစ္စည်းများကို တန်ဖိုးမြင့်ထုတ်ကုန်အဖြစ် တိုးတက်ပြောင်းလဲထုတ်လုပ်ရန် ပြင်ဆင်ထားသင့်ကြောင်း အသေးစားနှင့် အလတ်စားလုပ်ငန်းများဖွံ့ဖြိုးရေး ဗဟိုဌာန ညွှန်ကြားရေးမှူး ဒေါ်အေးအေးဝင်း က ဆိုသည်။

“စားသောက်ကုန်ကဏ္ဍဆိုရင် လုပ်ငန်းတစ်ခုချင်းအလိုက် တန်ဖိုးမြင့်ထုတ်ကုန်တွေထုတ်လာနိုင်ရင် အေအီးစီ ဆိုတာ ဘာမှကြောက်စရာမလိုပါဘူး။ ယှဉ်ပြိုင်နိုင် မနိုင်ဆိုတာကတော့ တီထွင်ဖန်တီး ကြိုးစားနေသူက ယှဉ်ပြိုင်နိုင်မှာပါ” ဟု ၎င်းကပြောသည်။

အသေးစားနှင့် အလတ်စားလုပ်ငန်းရှင်များ၏ အမြင်မှာမူ နိုင်ငံတော်က ယခုထက် ပိုမိုပံ့ပိုးပေးမှသာ လုပ်ငန်းများ ရှင်သန်နိုင်လိမ့်မည်ဟု မြင်ကြသည်။

ပြည်တွင်းတွင် လာရောက်ပြုလုပ်နေသော အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ ကုန်စည်ပြပွဲများမှာ တစ်ပွဲပြီးတစ်ပွဲ ဆက်တိုက်ဆိုသလိုရှိနေပြီး ယင်းမှာ ထိုနိုင်ငံတို့၏ ဈေးကွက်ချဲ့ထွင်မှု၊ ဈေးကွက်ထိုးဖောက်မှု နည်းလမ်းတစ်ခုပင်ဖြစ်သည်။

“အဲဒါ သူတို့က ကြိုပြင်နေကြတာ။ AEC သာဖြစ်လာရင် ကိုယ့်ပြည်တွင်းလုပ်ငန်းတွေ အဆင်ပြေအောင် သူတို့နိုင်ငံတွေက ကြိုမြင်၊ ကြိုပြင်နေကြတာ” ဟု ဒေါက်တာအောင်သိန်း က ဆိုသည်။

ပြည်တွင်းရှိ (SME) လုပ်ငန်းခွင်တစ်ခု

လုပ်ငန်းငယ်လေးများအနေနှင့် ၎င်းတို့၏ထုတ်ကုန်များကို ပြည်ပဈေးကွက်သို့ သွားရောက်ထိုးဖောက်ရန်မှာ မလွယ်ကူပေ။

အစုအဖွဲ့လိုက်ပူးပေါင်းကာ နိုင်ငံတော်နှင့် စီးပွားရေးဆိုင်ရာ အဖွဲ့အစည်းကြီးများက ထောက်ကူပံ့ပိုးပေးရန် လိုမည်ဖြစ်သည်။

“အစိုးရနဲ့ ကုန်သည်/စက်မှုအသင်းချုပ်လို အဖွဲ့အစည်းမျိုးက ပူးပေါင်းပြီး လက်တွဲခေါ်ပေးဖို့လိုတယ်။ လုပ်ငန်းငယ်လေးတွေအနေနဲ့ ပြည်ပကို သူ့ဘာသာ သွားထိုးဖောက်ဖို့ဆိုတာ မလွယ်ဘူးလေ” ဟု ဦးတင်ချိုက မှတ်ချက်ပေးသည်။

မြန်မာ့ထုတ်ကုန်များကို မြင်တွေ့ နိုင်သည့် ပြည်ပကုန်စည်ပြပွဲအချို့မှာ နှစ်စဉ်ပြုလုပ်သော အာဆီယံ-တရုတ်ကုန်စည်ပြပွဲ၊ ကူမင်းကုန်စည်ပြပွဲနှင့် ထိုင်းနိုင်ငံရှိ ကုန်စည်ပြပွဲများတွင်သာဖြစ်သည်။

ပြည်တွင်းဈေးကွက်တွင်ပင် ဈေးကွက်ဝေစုရရန် များစွာရုန်းကန်နေရသော ပြည်တွင်းထုတ်ကုန်များမှာ ကျန်အာဆီယံနိုင်ငံများ၏ထုတ်ကုန်ကို ၂၀၁၈ ခုနှစ်အလွန်တွင် မဖြစ်မနေ ယှဉ်ပြိုင်ရတော့မည်။

“ကိုယ့်ပြည်တွင်းလုပ်ငန်းတွေကလည်း အာဆီယံဈေးကွက်ကို မျှော်မှန်းထုတ်ရမယ်ဆိုတာကို မတွေးကြသလောက်ပဲ။ အဲဒီတော့ AEC လည်းလာရော တို့တွေအကုန်ကွဲမှာ” ဟု ဦးတင်ချို က ဆိုလေသည်။

စိုက်ပျိုးရေးအခြေခံနိုင်ငံဖြစ်သော မြန်မာနိုင်ငံတွင် ချောကလက်၊ ကော်ဖီ၊ လက်ဖက် စသည့်ထုတ်ကုန်များ၏ ကုန်ကြမ်းအရည်အသွေးနှင့် ရေခံမြေခံမှာ အားသာချက်များစွာ ရှိထားပြီးဖြစ်သည်။

အဆိုပါ ထုတ်ကုန်များနည်းတူ တန်ဖိုးမြင့်ထုတ်ကုန်အသစ်များအဖြစ် ပြောင်းလဲထုတ်လုပ်နိုင်သည့် အခြားသော သစ်သီးဝလံနှင့် စိုက်ပျိုးရေးထွက်ကုန်များစွာ ရှိနေသည်။

ခရီးသွားကဏ္ဍတွင်လည်း မထိတွေ့ရသေးသော ခရီးသွားနယ်မြေပေါင်းများစွာ ရှိနေသေးသည်။

ထိုအားသာချက်တို့ကို အသုံးချကာ ဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူဟာကိုလည်း ချမှတ်ထားပြီးဖြစ်သည်။

ယင်းမှာ အမျိုးသားအဆင့် ပို့ကုန်မဟာဗျူဟာဖြစ်ပြီး ဦးစားပေးကုန်စည်နှင့် ဝန်ဆောင်မှုတို့ကို အမျိုးအစားခွဲကာ အကောင်အထည်ဖော်နေခြင်းဖြစ်သည်။

အဆိုပါမဟာဗျူဟာကိုအခြေခံကာ လက်ရှိမိရိုးဖလာထုတ်ကုန်များကို အရည်အသွေး ပိုကောင်းလာရန်နှင့် ထုတ်ကုန်အမျိုးအစားသစ်များ ပေါ်ထွက်လာရန် ကြိုးစားလုပ်ဆောင်နေကြောင်း ကုန်သွယ်မှုမြှင့်တင်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်စိုး က ပြောကြားသည်။

“စိုက်ပျိုးရေးအခြေခံ စားသောက်ကုန် ထုတ်ကုန်သစ်တွေ ထွက်လာဖို့လည်း နိုင်ငံတကာအကူအညီတွေနဲ့ လုပ်နေတယ်။ နောက် ကျောက်မျက်ဆိုလည်း ကိုယ့်ရဲ့အကြမ်းထည်တွေကို အချောထည်လုပ်ပြီးမှ ပြည်ပဈေးကွက်တွေကို တင်ပို့နိုင်ဖို့ လုပ်ဆောင်နေပါတယ်” ဟု ၎င်းကရှင်းပြသည်။

မြန်မာနိုင်ငံမှာ ထုတ်ကုန်သစ်များ ပေါ်ထွက်လာရန် ယခုမှကြိုးပမ်းနေဆဲဖြစ်သော်လည်း အာဆီယံ၏ CLMV လေးနိုင်ငံတွင်ပါဝင်သော ဗီယက်နမ်နိုင်ငံက AEC အတွက် အဆင်သင့်ဖြစ်ပြီဟု ကြွေးကြော်နေပြီ။

AEC က ပေးထားသည့် အခွင့်အလမ်းများကို အပြည့်အဝရယူရန် ကျန်အာဆီယံနိုင်ငံများက အဆင်သင့်ဖြစ်နေချိန်တွင် မြန်မာနိုင်ငံကမူ ရှိနေသည့်အခွင့်အရေးကိုပင်မယူဘဲ လွှတ်ချနေသည့်အဖြစ်မျိုးလည်းရှိသည်။

အာဆီယံအဖွဲ့ဝင်နိုင်ငံများသို့ ပို့ကုန်သွင်းကုန်လုပ်ရာတွင် Form D ရယူကာ အကောက်ခွန် သုညရာခိုင်နှုန်းရရှိရန် လုပ်ဆောင်ရသည့် လုပ်ငန်းစဉ်ရှိပြီး ယင်းလုပ်ငန်းစဉ် လုပ်ဆောင်ရာတွင် အောက်ခြေတွင် အခက်အခဲအချို့ရှိသည့်အတွက် ပြည်တွင်းလုပ်ငန်းရှင်အများစုက ထိုအခွင့်အရေးကို လက်လွှတ်ခံနေကြကြောင်း ဦးတင်ချို က ပြောပြသည်။

“ကုန်ကျစရိတ်ဆိုတာ တစ်ပြား၊ နှစ်ပြားကအစ ထည့်တွက်ရတာ။ ရေရှည်မှာ ဘယ်လိုလုပ် ယှဉ်နိုင်တော့မလဲ။ စိန်ခေါ်မှုတွေကို ရင်ဆိုင်နိုင်ဖို့ရယ်၊ အခွင့်အလမ်းတွေကို အပြည့်အဝအသုံးချနိုင်ဖို့ရယ် အများကြီးကြိုးစားဖို့လိုပါသေးတယ်” ဟု ၎င်းကဆိုလေသည်။

မိရိုးဖလာနည်းဖြင့်ထုတ်နေသော ထုတ်ကုန်များ၊ ဝန်ဆောင်မှုများသာရှိနေသော ပြည်တွင်းလုပ်ငန်းများအတွက် AEC သည် ကြီးမားသောစိန်ခေါ်မှုဖြစ်သည်။

“ကိုယ့်ပြည်တွင်းထုတ်ကုန်တွေက သမားရိုးကျထုတ်ကုန်တွေပဲများတယ်။ အသစ်တွေ မလုပ်နိုင်သေးဘူး” ဟု ကုန်သွယ်မှုမြှင့်တင်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်စိုးက ဖြေကြားသည်။

ထိုအခြေအနေဖြင့် နောက်ငါးလအကြာတွင် AEC ကို မြန်မာ ရင်ဆိုင်ရတော့မည်ဖြစ်သည်။

ဗီယက်နမ်တို့ကတော့ အဆင်သင့်ဖြစ်ကြောင်း ကြွားလုံးထုတ်နေလေပြီ။

စစ်ငြိမ်းသူ

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *