“ဝယ်စီးတဲ့သူအနေနဲ့ကတော့ ပိုကောင်းသွားတာပေါ့”

ရန်ကုန်တိုင်းဒေသကြီးအစိုးရက စီစဉ်နေသည့် ရန်ကုန်ကားတင်သွင်းခွင့်စနစ် (YVQC) မှာ ဇွန်လကုန်တွင် ထွက်ရှိမည်ဟု မော်တော်ယာဉ်လောကအတွင်း သတင်းများထွက်ပေါ်ခဲ့သော်လည်း ယခုဇူလိုင်လလယ်ထိတိုင် မထွက်ရှိသေးပါ။ YVQC စနစ် ကြန့်ကြာနေရခြင်းအကြောင်းနှင့် ယင်းစနစ်အသက်ဝင်လာပါက ကားဈေးကွက်အပေါ် အကျိုးသက်ရောက်မှုများကို မြန်မာနိုင်ငံ မော်တော်ယာဉ်တင်သွင်း၊ ထုတ်လုပ်ရောင်းချသူများအသင်း အတွင်းရေးမှူး ဦးရန်မျိုးအောင်နှင့် The Voice Jouranl က ဆက်သွယ်မေးမြန်းထားပါသည်။

The Voice Jouranl – ရန်ကုန်ကား တင်သွင်းခွင့်စနစ် (YVQC) နောက်ဆုံး အခြေအနေက ဘယ်လိုရှိလဲဗျ။

UYMA – တိုင်းဒေသကြီးအစိုးရက တိုင်းဝန်ကြီးချုပ်ဦးဆောင်ပြီး ရေးဆွဲတာက ရာနှုန်းပြည့်ပြီးသွားပါပြီ။ ဒါကို တင်ထားတာပေါ့နော်။ ပြည်ထောင်စုအစိုးရကိုပေါ့။ အဲဒီအဆင့်မှာ ရှိနေပါတယ်။

The Voice Jouranl – ရန်ကုန်ကားတင်သွင်းခွင့်စနစ် ရေးဆွဲတုန်းက ဘာတွေပါဝင်လာလဲဗျ။

UYMA – ရေးဆွဲတုန်းကတော့ ဘယ်လိုကားတွေကို ရန်ကုန်လိုင်စင်ပြန်ပေးမလဲဆိုတဲ့ အချက်ရယ်။ နောက်ဈေးနှုန်း သတ်မှတ်စသည့်ဖြင့် စည်းကမ်း သတ်မှတ်ချက်တွေလည်း ပါတာပေါ့နော်။

The Voice Jouranl – YVQC စနစ်နဲ့ တစ်နှစ်ကို အစီးရေဘယ်လောက် တင်သွင်းခွင့်ပြုမယ်လို့ သိထားလဲဗျ။

UYMA – အစီးရေကတော့ တစ်နှစ်ကို နှစ်သောင်း၊ နှစ်သောင်းခွဲလောက်ခွင့်ပြုမယ်လို့ သိထားတယ်ဗျ။ ရန်ကုန်လိုင်စင်ပေါ့နော်။

The Voice Jouranl – အစီးရေမှာရော ကားအသစ်ချည်းပဲလား၊ အဟောင်းတွေရော ပါလား။

UYMA – အဓိကတော့ ၂၀၁၈ခုနှစ်မှာ တင်သွင်းခွင့်ပြုခဲ့တဲ့ Model Year သတ်မှတ်ချက်နဲ့ကိုက်ညီတဲ့ ကားတွေပေါ့။ မော်တော်ယာဉ်မူဝါဒအရ ခွင့်ပြုတဲ့ကားတွေ အကုန်ပါတယ်။ ရန်ကုန်လိုင်စင် လျှောက်ခွင့်ပေးမှာပေါ့။ Used ကား၊ Brand New ကားခွဲထားတာတော့ မတွေ့ရဘူး။ မူဝါဒမှာက နှစ်ခုလုံးတင်သွင်းလို့ ရတာကိုး။

The Voice Jouranl -YVQC စနစ်နဲ့ ရန်ကုန်မော်တော်ယာဉ်တင်သွင်းခွင့်က ဘယ်အချိန်လောက်ထွက်နိုင်မယ်လို့ မှန်းထားကြလဲဗျ။

UYMA – ဒါက ပြည်ထောင်စုအစိုးရကို တင်ပြီးသွားပြီ။ ပြည်ထောင်စုအဆင့်ကလည်း အထက်ကို ထပ်တင်ထားတာပေါ့နော်။ မဆုံးဖြတ်သေးဘူး ဖြစ်နေတာပေါ့။ မဆုံးဖြတ်သေးဘူးဆိုတာက ရန်ကုန် Parking ဆိုပြီး အရင်အစိုးရလက်ထက် တုန်းက လုပ်ခဲ့ကြတာပေါ့။ အဲဒီတုန်းက ဥပဒေ မရှိဘူး။ ဒီအတိုင်းပဲ စီမံချက်အနေနဲ့ ရန်ကုန်ကားကျပ်လို့ဆိုပြီး လုပ်ခဲ့ကြတာ။ ဒီဘက်ခေတ် အစိုးရကျ ဥပဒေနဲ့အညီ ဆုံးဖြတ်ပါဆိုရင် ဥပဒေနဲ့အညီပြန်ရေးဆွဲတာကို ရှေ့နေချုပ်ရုံးရဲ့ သဘောထားကို ပြန်တောင်းခံရတာပေါ့နော်။ တင်ထားတော့သူတို့အနေနဲ့ ဘယ်လိုဆုံးဖြတ်ပြီး ဘယ်လိုဆက်လုပ်မလဲဆိုတာ စောင့်နေရတာပေါ့။

The Voice Jouranl – YVQC စနစ် ထွက်သွားရင်ရော ကားဈေးကွက်ကို ဘယ်လိုသက်ရောက်မှုရှိမလဲ။

UYMA – ရန်ကုန်လိုင်စင်ရသွားရင်တော့ အဓိကအချက်က ကားဈေးကွက်က ကောင်းသွားမယ်။ ရန်ကုန်လိုင်စင်နဲ့ မော်တော်ယာဉ်တင်သွင်းခွင့်ရမယ်ဆိုရင် အရောင်းအဝယ်ပိုဖြစ်လာနိုင်ခြေရှိတာပေါ့။ စလစ်ဈေးကတော့ အနည်းငယ် ကျဆင်းသွားနိုင်တယ်။ အခုကတော့ ရန်ကုန်လိုင်စင်လိုချင်တယ်ဆိုရင် စလစ်ကပ်ရတာကိုး။ စလစ်ကပ်ရမယ်ဆိုတော့ စလစ်ဈေးကျသွားတာတော့ ကောင်းတာပေါ့။ စလစ်လုပ်တဲ့သူအဖို့တော့ ဈေးကျသွားရင် မကိုက်ဘူးဖြစ်နိုင်တာပေါ့။ ဟိုဘက် ဒီဘက်တော့ ရှိတယ်။

The Voice Jouranl – ဝယ်စီးမယ့်သူအနေနဲ့ရော ဘာတွေပိုကောင်းလာနိုင်လဲ။

UYMA – ဝယ်စီးတဲ့သူအနေနဲ့ကတော့ ပိုကောင်းသွားတာပေါ့။ စလစ်မလိုတော့ဘဲ ရန်ကုန်လိုင်စင် ဝယ်ပြီးစီးလို့ရသွားတာပေါ့။

The Voice

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *