ရန်ကုန်ဆေးရုံကြီး မကုနိုင်သေးသည့် နာတာရှည် ဈေးသည်ရောဂါ

ဧည့်တွေ့ချိန်နှင့် အံကိုက်စွာ နေမွန်းတည့်ချိန်တွင် အဆောင်အသီးသီး၊ အခန်းအသီးသီးရှေ့တွင် အထုပ်ငယ်ကိုယ်စီကို လက်တစ်ဖက်မှကိုင်၍ ခြင်းတစ်ခြင်းကို အခြားလက်တစ်ဖက်တွင်ကိုင်ထားသူများကို တွေ့ရသည်။

မျက်လုံးများကား ဂနာမငြိမ်။ ဘေးဘီကို အခြေအနေကြည့်၍ အဆောင်အတွင်းသို့ လှစ်ခနဲဝင်ရောက်ကာ လူအုပ်ကြား ရောထွေးသွားသည်။ ၎င်းတို့ကို အမည်တပ်ထားသည်က ပျံကျဈေးသည်များ။

ယင်းဈေးသည်များမှာ မြန်မာနိုင်ငံ၏ အကြီးဆုံးဆေးရုံကြီးဖြစ်သည့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် ကျက်စားနေသည့် ပျံကျဈေးသည်များပင် ဖြစ်သည်။

ပျံကျဈေးသည်များသည် ခွင့်ပြု ချက်မရှိဘဲ သွားလာနေကြခြင်းနှင့် ဈေးသည်ဦးရေ များပြားလာခြင်းတို့ကို မထိန်းချုပ်နိုင်တော့ကြောင်း ဆေးရုံတာဝန် ရှိသူများက ရှင်းလင်းချက်ထုတ်ရသည့် အဆင့်ရောက်လာသည်။ ထို့ကြောင့် ရန်ကုန်ဆေးရုံကြီးကို ဈေးရုံကြီးဟုပင် သရော်နေကြပြီ ဖြစ်သည်။

ကုသရေးတွင် အဓိကတာဝန်ယူထားရသည့် ဆေးရုံကြီးအတွက် ကုသရေးဘက်တွင်ပင် မနိုင်မနင်းဖြစ်နေချိန် ပျံကျဈေးသည်အရေး နောက်ထပ်ခေါင်းစားရမည့် ပြဿနာတစ်ရပ် ဖြစ်လာနေတော့သည်။ ပျံကျဈေးသည်များ အုံနှင့်ကျင်းနှင့် တိုးလာချိန် ဒွန်တွဲလာသည့် နောက်ဆက်တွဲ ပြဿနာများကလည်း ရှိနေသေးသည်။

“ညပါအိပ်ပြီး ရောင်းချတာကြောင့် သူတို့နဲအတူ လူနာလည်းမဟုတ်၊ လူနာစောင့်လည်းမဟုတ်တဲ့ ဈေးသည်လိုလို ကျူးကျော်လိုလို ခိုကပ်နေတဲ့ ဒုစရိုက် သမားတွေလည်း ပါလာတယ်” ဟု ရန်ကုန်ပြည်သူ့ဆေးရုံကြီး ဆေးရုံအုပ်ချုပ်ရေးအဖွဲ့မှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ နေဝင်းသိန်းက ပြောဆိုသည်။

“ဒီလိုပါလာတာကြောင့် ကျွန်တော်တို့ ဆေးရုံအုပ်ချုပ်ရေးအနေနဲ့ ရှင်းလင်းရတာ တော်တော်ခက်ပါတယ်” ဟုလည်း ၎င်းက ဆက်လက်ပြောဆိုသည်။

ပျံကျဈေးသည်အရေးမှာ ဆေးရုံတာဝန်ရှိသူများ တစ်ဖွဲ့တည်းကိုင်တွယ်ဖြေရှင်းရန် မစွမ်းသာတော့ကြောင်း လူသိရှင်ကြား ဝန်ခံလာသည်။ အဖွဲ့ပေါင်းစုံဖြင့် ပူးပေါင်းကိုင်တွယ်မှသာလျှင် ဖြေရှင်းနိုင်မည်ဟု ပြီးခဲ့သည့် ရက်သတ္တပတ်နှစ်ပတ်က ဆေးရုံတာဝန်ရှိသူများက မီဒီယာများကို ရှင်းလင်းခဲ့သည်။

ပျံကျဈေးသည် အလွန်များပြားလာပြီး အရေအတွက် အတိအကျကိုမူ စာရင်းကောက်ခံထားခြင်းမရှိကြောင်း၊ ခန့်မှန်းခြေအားဖြင့် ဈေးသည်တစ်ရာကျော် ရှိနိုင်ကြောင်း ရန်ကုန်ပြည်သူ့ဆေးရုံကြီးက လက်ထောက်ညွှန်ကြားရေးမှူး (အုပ်ချုပ်ရေး) ဒေါက်တာခင်မောင်ကြီးက ပြောဆိုသည်။

“များတာတော့ အတော်လေးများတယ်။ ဆေးရုံကိုလာတဲ့လူ များလာတော့ ဈေးက ပိုရောင်းကောင်းလာတယ်။ ပြင်ပက ခေါင်းရွက်ဗျပ်ထိုးဈေးသည်တွေပါ အလုံးအရင်းနဲ့ ဝင်လာတယ်” ဟု ၎င်းက ဆိုသည်။

ဆေးရုံသို့ လာရောက်သူများမှာ ဝန်ထမ်း၊ ဆေးကျောင်းသား၊ လူနာနှင့် လူနာစောင့်တို့ကို ဆိုလိုခြင်းဖြစ်သည်။

ဈေးရောင်းချခွင့် မရှိသည့် လူနာအဆောင်များထိတိုင် ဈေးဝင်ရောင်းကြခြင်း၊ ဆေးရုံလူနာဆောင်များရှိ ရေချိုးခန်းနှင့် အိမ်သာများကို အသုံးပြုကြခြင်းကြောင့် ဆေးရုံဝန်ထမ်းများနှင့် ပြဿနာတက်ရကြောင်း ဆေးရုံတာဝန်ရှိသူများထံမှ သိရသည်။

ယင်းအပြင် ငွေကြေးနှင့် ပစ္စည်းများကို ဈေးသည်များက ခိုးယူမှုများနှင့် ဆေးရုံဝင်းအတွင်း အရက်သေစာသောက်စားခြင်း၊ ခိုက်ရန်ဖြစ်ပွားခြင်းများ ကြုံတွေ့နေရကြောင်း ဆေးရုံတာဝန်ရှိသူများက မီဒီယာများကို ရှင်းလင်းခဲ့သည်။

ခုတင် ၂၀၀၀ ဆံ့ ရန်ကုန်ပြည်သူ့ဆေးရုံကြီးသည် မြန်မာနိုင်ငံ၏ အကြီးဆုံး ပြည်သူ့ဆေးရုံကြီးဖြစ်ပြီး နေ့စဉ် အတွင်းလူနာ ၁၈၀၀ ခန့်နှင့် ပြင်ပလူနာ ၁၄၀၀ မှ ၁၅၀၀ ကြား လာရောက်ကုသမှုခံယူနေရသည့် နေရာဖြစ်သည်။

ယင်းအပြင်ဝန်ထမ်းထောင်ချီ တာဝန်ထမ်းနေခြင်းနှင့် ဆေးကျောင်းသားများသွားလာသည့် နေရာဖြစ်သဖြင့် ပျံကျဈေးသည်များအတွက် ငွေရှာရန် ဈေးကွက်ကြီးဖြစ်နေရခြင်းဖြစ်သည်။

“မနက်လာရောင်းတဲ့ အဖွဲ့တွေရှိတယ်။ ညနေမှ လုံခြုံရေးအင်အားနည်းတဲ့အချိန်မှ ဝင်လာပြီး ညပိုင်းဝင်ရောင်းတာ ရှိတယ်။ ခဏတဖြုတ်ပတ်ပြီး အခြားဈေးတွေ လိုက်ရောင်းတာတွေရှိတယ်။ ဒီအထဲမှာပဲ ရောင်း၊ ဒီထဲမှာပဲ ခိုကပ်နေတာတွေလည်း ရှိတယ်” ဟု ဒေါက်တာနေဝင်းသိန်း က ပြောဆိုသည်။

ဆေးရုံကြီးက တာဝန်ရှိသူများ ရင်ဆိုင်နေရသည့် ဈေးသည်ပြဿနာတွင် ပျံကျဈေးသည်တစ်ခုတည်းမဟုတ်။ တရားဝင်ခွင့်ပြုထားသည့် ဈေးသည်များ၏ ပြဿနာကလည်း ရှိသေးသည်။

တရားဝင်ခွင့်ပြုချက်ဖြင့် ဆိုင်ခန်းပေးကာ ဈေးရောင်းချခွင့်ပေးထားသော ဆိုင်ခန်းများကလည်း သတ်မှတ်နေရာများကိုကျော်လွန်ကာ ဈေးဗန်းခင်းရောင်းချနေမှုများ လုပ်ဆောင်လာသည်။ ဈေးသည်များကြား အပြိုင်အဆိုင်ရောင်းလိုမှုများနှင့် ဆေးရုံကြီးကို အားကိုး၍လာ ရောက်သည့် လူနာဦးရေတိုးလာခြင်းကြောင့် စီးပွားနယ်ချဲ့လာကြခြင်းဖြစ်သည်။

ပျံကျဈေးသည်နှင့် ပတ်သက်လျှင် ရန်ကုန်ဆေးရုံကြီးတွင် ၂၀၁၄ ခုနှစ်ကလည်း ဈေးသည်နှင့် ဆေးရုံတာဝန်ရှိသူများကြား ပဋိပက္ခများဖြစ်ခဲ့ရသေးသည်။

၂၀၁၄ ခုနှစ် မတိုင်ခင်က ရန်ကုန် ပြည်သူ့ဆေးရုံကြီး၏ ဆေးရုံဝင်းနံရံများတွင် ဆိုင်ခန်းများပြုလုပ်ကာ ဗိုလ်ချုပ်အောင်ဆန်းလမ်းတစ်လျှောက် ပျံကျဈေးသည်များဖြင့် အလွန်စည်ကားခဲ့သည်။

ထို့ပြင် ယာဉ်ရပ်နားသည့် နေရာအထိ ဆိုင်ခန်းပြုလုပ်ရောင်းချခြင်းများကြောင့် အရေးပေါ်ယာဉ်များနှင့် ကျန်းမာရေးဝန်ထမ်းများအတွက် ယာဉ်ရပ်နားရန်၊ ယာဉ်သွားလာရန် အခက်တွေ့ခဲ့ရသည်။

ထမင်း၊ ဟင်းချက်ပြုတ်ခြင်းများကြောင့် ဆေးရုံပင်မဆောင်ကြီးရှိ လူနာများအတွက် အညှော်နံ့များဖြင့် ဒုက္ခရောက်ခဲ့ရသေးသည်။

ထို့ကြောင့် ၂၀၁၄ ခုနှစ် စက်တင်ဘာလတွင် ယခင်ရန်ကုန်တိုင်းဝန်ကြီးချုပ်၏ အစီအမံဖြင့် ဆေးရုံကြီးဝင်းနှင့် တစ်ဖက်ရှိ တိုးချဲ့ဆေးရုံကြီးဝင်းတို့ဘက်တွင် ဆိုင်ခန်း ပေါင်း ၇၀ ခန့်ကို ဆောက်လုပ်ကာ နေရာချပေးခဲ့သည်။

ဈေးသည်များ စည်းကမ်းမဲ့စွာ ရောင်းချနေမှုများကို ထိန်းချုပ်ရန် ဈေးဆိုင်များတည်ဆောက်ခြင်းအတွက် ကျပ်သိန်းပေါင်း ၇၀၀ ကျော် ကုန်ကျခံခဲ့ရသည်။ သို့သော်လည်း ပြဿနာများ ဇာတ်မသိမ်းခဲ့ပေ။

ယင်းကာလနှောင်းပိုင်းကလည်း ဆိုင်ခန်းမရသေးသူများသာမက ဆိုင်ခန်းရထားသူများကပါ ရန်ကုန်ပြည်သူ့ဆေးရုံကြီးဝင်းအတွင်း ဈေးမရောင်းရဟု တားမြစ်ထားသည့် နေရာများတွင် ဈေးရောင်းချခြင်းကြောင့် ဆေးရုံက တာဝန်ရှိသူများက ခေါ်ယူသတိပေးရပြန်သည်။

ဈေးဆိုင်များကို နံနက် ၅ နာရီတွင် ဆိုင်ခန်းများကို သော့ဖွင့်ပေးပြီး ည ၈ နာရီဝန်းကျင်တွင် ဈေးရောင်းနေသူအားလုံး ဆေးရုံဝင်းအတွင်းဈေးဆိုင်မှ ပြန်ရကာ ဆိုင်ခန်းများကို သော့ခတ်ကြောင်း ဆေးရုံကြီးက ဆေးလူမှုဆက်ဆံရေး အရာရှိ ဦးထွန်းလင်းကပြောပြသည်။

ဦးထွန်းလင်းသည် ၂၀၁၄ ခုနှစ်က ပျံကျဈေးသည်များကို ထိန်းချုပ်ရာတွင် ပါဝင်ခဲ့သူလည်းဖြစ်သည်။

နိုင်ငံတစ်ဝန်းက အများပြည်သူများ ကျန်းမာရေးအတွက် အဓိကအားကိုးအားထားပြုရာဖြစ်သည့် ရန်ကုန်ဆေးရုံကြီးတွင် စည်းကမ်းမဲ့ရောင်းချနေသည့် ဈေးသည်များအရေးကို ဖြေရှင်းနိုင်မည့်နည်းလမ်းကိုလည်း ၎င်းက ရှင်းပြသည်။

ကွမ်းယာ၊ ဆေးလိပ်၊ တုတ်ထိုး၊ အချဉ်ပေါင်းစသည့် ပျံကျဈေးသည်များကို ဥပဒေအရ အရေးယူရန်နှင့် တရားဝင်ဈေးရောင်းရန် ဆိုင်ခန်းရထားသူများကိုလည်း ဆိုင်ခန်းနေရာကျော်လွန်ကာ ကျူးကျော်ရောင်းချပါက ဆိုင်ခန်းပိတ်သိမ်းခြင်း၊ အရေးယူခြင်းပင်ဖြစ်သည်။

အခြားတစ်ဖက်တွင်လည်း ရန်ကုန်ဆေးရုံကြီးကို မှီခိုအသက်မွေးနေရသည့် မိသားစုဘ၀များ ရှိနေသည်။

ဆေးရုံကြီးတွင် နှစ် ၃၀ ကျော် အခြေချဈေးရောင်းကာ အသက်မွေးနေသည့် ပျံကျဈေးသည် ဒေါ်စန်းရီကမူ ယင်းသို့ အရေးယူလျှင် ဈေးသည်အနေနှင့် တုံ့ပြန်နိုင်မည့် နည်းလမ်းမရှိကြောင်း ပြောဆိုသည်။

မိဘနှစ်ဦးလုံးမှာ ဆေးရုံဝန်ထမ်းဖြစ်သဖြင့် ဒေါ်စန်းရီသည် ဆေးရုံကြီးတွင် မွေးဖွားလာသူဖြစ်ပြီး အသက် ၁၈ နှစ်အရွယ်တွင် ဆေးရုံဝန်ထမ်းနှင့် အိမ်ထောင်ကျကာ ဈေးသည်အဖြစ် အသက်မွေးလာသူဖြစ်သည်။ ခင်ပွန်းသေဆုံးသွားပြီဖြစ်သည့် အသက် ၅၅ နှစ်အရွယ် ဒေါ်စန်းရီမှာ ဆေးရုံကြီးဝင်းတွင် သစ်သီးရောင်းချနေသူဖြစ်သည်။

အသက် ၂၀ ကျော်အရွယ် သားတစ်ဦးနှင့်အတူ ဈေးခုံအနီးတွင်ချထားသည့် ဝါးကုလားထိုင် သို့မဟုတ် သစ်ပင်အောက်တွင် အိပ်သည်။ ထို့ကြောင့် ယင်း နေရာမှာ သူ့ကိုယ်ပိုင်အိမ်သဖွယ် ဖြစ်နေလေတော့သည်။

“ကိုယ်က အသက်ကြီးပြီ။ လာမောင်းတော့လည်း ဘာတတ်နိုင်မှာလဲ။ ထိုင်ပြီး ကြည့်နေရတော့မှာပေါ့” ဟု ဒေါ်စန်းရီက ပြောဆိုသည်။

ပိုင်ဆိုင်သည့် ခါးဝတ်အင်္ကျီ၊ လုံခြည် လေးငါးစုံနှင့် စောင်၊ ခေါင်းအုံးတို့ကို ကြက်မောက်သီးဝယ်ရာတွင် ထည့်ပေးလိုက်သည့် ဖော့ပုံးတွင်းထည့်ထားသည်ဟု ၎င်းက ပြောဆိုသည်။

“ပြီးခဲ့တဲ့ရက် (ဇူလိုင် ၁၁) ကပဲ လုံခြုံရေးတွေ လာမောင်းထုတ်၊ အတင်းဆွဲသွားလို့ အဝတ်တွေနဲ့ စောင်တွေကို အမှိုက်ပုံက သွားပြန်ကောက်ရတယ်။ ရေခဲတိုက်နားက အမှိုက်ပုံလေ” ဟု ဒေါ်စန်းရီက ပြောဆိုသည်။

ငွေနှင့် ပစ္စည်းများ ခိုးယူနေသည်ဟု ဈေးသည်များအပေါ် စွပ်စွဲချက်မှာလည်း မမှန်ကြောင်း ပျံကျဈေးသည်အချို့က ပြောဆိုသည်။ လူနာနှင့် လူနာစောင့်များ ခိုးယူခြင်းသာဖြစ်သည်ဟု စွပ်စွဲကြသည်။

“တစ်နေ့တစ်နေ့ စားဝတ်နေရေးအတွက် လုံးပန်းနေရတာ။ ပစ္စည်းခိုးတာ လူနာအချင်းချင်း ပြန်ခိုးတာ။ လူနာစောင့် ပြန်ခိုးတာတွေပါ။ ဟိုတလောကတောင် ခဏခဏ မိတယ်ကြားတယ်” ဟု ဆေးရုံ ကြီးဝင်းတွင် ကွမ်းယာရောင်းချနေသည့် ဈေးသည်တစ်ဦးက ပြောဆိုသည်။

ဆေးရုံကြီးဝင်းအတွင်း ရောင်းချနေသည့် ပျံကျဈေးသည်များတွင် အပြင်မှဝင်လာကာ ဈေးရောင်းချသူများကြောင့် ယင်းသို့ ဆေးရုံက တာဝန်ရှိသူများက အထင်အမြင်လွဲနေရခြင်းဖြစ်သည်ဟုလည်း ဈေးသည်အချို့က ပြောဆိုပြန်သည်။

ယခင်ကတည်းက ဈေးရောင်းချနေသူများမှာ ဆေးရုံဝန်ထမ်းဟောင်းများနှင့် ၎င်းတို့နှင့် ဆက်စပ်သူများဖြစ်ကြောင်း ၎င်းတို့ထံမှ သိရသည်။

ရန်ကုန်ဆေးရုံကြီးတွင် ပျံကျဈေးသည်များလာရခြင်းသည် ပြီးခဲ့သည့် တစ်နှစ်ဝန်းကျင်ကစ၍ ပို၍ ပို၍များလာရခြင်းဖြစ်ကြောင်း ရန်ကုန်ဆေးရုံကြီးဝင်းတွင် ဈေးရောင်းလုပ်သက် ၁၀ နှစ်ထက်မနည်းရှိသည် ဈေးသည်များထံမှ သိရသည်။

နယ်ဝေးမှ ဆေးရုံလာပြသူများနှင့် လူနာစောင့်များက ဆေးရုံတွင် ဈေးရောင်းကောင်းသည့် အခြေအနေကိုမြင်တွေ့ကာ ဈေးဗန်းခင်းလာရာမှ ပျံကျဈေးသည်များ ပိုများလာကြောင်း ၎င်းတို့က ဆိုသည်။

ထို့ပြင် ဈေးရောင်းကောင်းသည့် အခြေအနေကြောင့် မိသားစုလိုက် ဆေးရုံဝင်းအတွင်း ပျံကျဆိုင်အခွဲများဖွင့်ကာ နေရာခွဲ၍ ရောင်းချပြီး အချို့ဈေးသည်များတွင် မိသားစုဦးရေ ဆယ်ဦးကျော်ပင်ရှိသည်ဟု ဈေးသည်များထံမှ သိရသည်။

ပျံကျဈေးသည်များသည် ရန်ကုန်တစ်ဖက်ကမ်း ဒလဘက်သို့ နေ့စဉ်ပြန်သူ၊ ရန်ကုန်မြို့၏ ၁၉ လမ်းနှင့် လမ်း ၂၀ ဝန်းကျင်တွင် အဆောင်ငှားနေထိုင်သူများ၊ နယ်ဝေးသို့ ခေတ္တခဏပြန်သူများနှင့် ဆေးရုံဝင်းအတွင်းတွင်ပင် ဈေးရောင်းချရင်း နေထိုင်ကြသူများ စသဖြင့် ရှိကြ သည်။

ဆေးရုံအတွင်းက မောင်းထုတ်ရာ ဆေးရုံဝင်းပြင်ပသို့ ပြေးကြသည်။ ဝင်းပြင်ပရောက်ချိန်တွင် စည်ပင်ကဖမ်းမည်ကို ကြောက်ရပြန်သည်ဟု ဒေါ်စန်းရီက ပြောဆိုသည်။

“နေရာလေး တစ်နေရာပေးပါ အသနားခံရမှာပေါ့။ မားမားမတ်မတ် ရပ်ပေးမယ့်သူလည်း မရှိဘူး။ ဆိုင်ခန်းလေးတော့ လိုချင်တယ်” ဟု ဒေါ်စန်းရီက ရင်ဖွင့်သည်။

ရန်ကုန်ဆေးရုံကြီးမှာ နယ်ဒေသများမှ ပြည်သူများ လာရောက်ကုသကြသဖြင့် စားရေးသောက်ရေးကို ဖြေရှင်းနိုင်ရန် ဈေးသည်များက အရေးပါနေသည်။ ဈေးသည်များကို ဖယ်ရှားလျှင် နယ်ဝေးမှလာ၍ ဆေးရုံ တက်ရောက်သူများအတွက် အခက်တွေ့နိုင်သလောဆိုသည့် မေးခွန်းကလည်း ရှိသည်။

ဈေးသည်များကို အားမကိုးသူများလည်း ရှိသည်။

ခံတွင်းကင်ဆာကြောင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် ဆေးရုံတတ်ရောက်နေရသူ၏ လူနာစောင့် ဒေါ်စံပယ်ကမူ ဆေးရုံဝင်းအတွင်းက ဈေးသည်များမှာ သန့်ရှင်းမှုအားနည်းသဖြင့် ကိုယ်တိုင်ချက်ပြုတ်ကာ ကျွေးမွေးကြောင်း ပြောဆိုသည်။

“ဆိုင်ကြီးတွေထက် ဈေးသက်သာတယ်ဆိုပေမယ့် မသန့်ရှင်းဘူး။ ဆေးရုံထဲမှာ ယင်နားစာတွေ မရောင်းသင့်ဘူး။ ဆေးလိပ်၊ ကွမ်းယာတွေ လုံးဝကို မရှိစေချင်တာ။ ဆေးရုံက တာဝန်ရှိသူတွေက တိတိကျကျ ပြောသင့်၊ အရေးယူသင့်တယ်” ဟု ၎င်းကဆိုသည်။

ဒေါ်စန်းရီကဲ့သို့ ပျံကျဈေးသည်တို့၏ ဘ၀အမောများ၊ ဒုက္ခဝေဒနာများကို ရန်ကုန်ဆေးရုံကြီးတာဝန်ရှိသူများက ကုသနိုင်မည်လော။ ဈေးသည်တို့၏ ဇာတ်သိမ်းလောဆိုသည်ကို မကြာမီ တွေ့မြင်ရတော့မည်ဖြစ်သည်။

ပျံကျဈေးသည်အရေးကို ဖြေရှင်းရန် စတင်လုပ်ဆောင်နေပြီဖြစ်သည်။

ရန်ကုန်ပြည်သူ့ဆေးရုံကြီး လုံခြုံရေးနှင့် သန့်ရှင်းရေးစီမံချက်ကို ပြီးခဲ့သည့် ဇွန်လက အကြမ်းရေးဆွဲကာ ဆေးရုံအထောက်အကူပြုအဖွဲ့နှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနတို့ကို တင်ပြကာ စီမံချက်ဖြင့် ဖြေရှင်းမည်ဖြစ်ကြောင်း ဆေးရုံကြီးအုပ်ချုပ်ရေးအဖွဲ့ထံမှ သိရ သည်။

“ကျွန်တော်တို့ချည်းပဲ လုပ်လို့မရဘူး။ သက်ဆိုင်ရာအဖွဲ့စုံနဲ့ လုပ်မှရမယ်” ဟု ဒေါက်တာ နေဝင်းသိန်းက ဆိုသည်။

သက်ဆိုင်ရာအဖွဲ့စုံဟုဆိုရာတွင် တရားဝင်ဈေးရောင်းချခွင့်ရထားသူများ၊ လူနာနှင့် လူနာစောင့်များကိုလည်း ထည့်ထားခြင်းဖြစ်သည်။

ယခုနှစ်တွင်းပင် ရှင်းလင်းမှုကို လုပ်ဆောင်မည်ဖြစ်သော်လည်း အချိန်ကာလအတိအကျကို ဆေးရုံတာဝန်ရှိသူများက ထုတ်ဖော်မပြောဆိုသေးပေ။

ရန်ကုန်ပြည်သူ့ဆေးရုံကြီး လုံခြုံရေးနှင့် သန့်ရှင်းရေးစီမံချက်ဖြင့် ဆေးရုံကို သန့်ရှင်း၊ သပ်ရပ်၊ လုံခြုံသည့် ဆေးရုံဖြစ်ရန် ပြုလုပ်မည်ဖြစ်ပြီး ယင်းသို့ဖြစ်ရန်လည်း မဝေးတော့ကြောင်း ဆေးရုံတာဝန် ရှိသူများက ကြွေးကြော်ထားသည်။

ပျံကျဈေးသည် ပြဿနာများကို ဆေးရုံကြီးတာဝန်ရှိသူများဖြင့်သာ ဖြေရှင်းနိုင်မည်မဟုတ်သဖြင့် လုံခြုံရေးတာဝန်ရှိသူများ၊ ဒေသန္တရအုပ်ချုပ်ရေး၊ မြို့နယ်အုပ်ချုပ်ရေး၊ စည်ပင်၊ ရဲ၊ ဥပဒေ အကြံပေးတို့၏ ဝိုင်းဝန်းဆောင်ရွက်မှုများဖြင့် ပြုလုပ်နိုင်မှသာ အောင်မြင်မည်ဖြစ်ကြောင်း ၎င်းတို့က ပြောဆိုထားသည်။

ဈေးရုံကြီးဟု သရော်ခံနေရသည့်၊ မြန်မာနိုင်ငံတစ်ဝန်းက ပြည်သူများ အဓိကအားကိုးနေရသည့် ရန်ကုန်ဆေးရုံကြီး၏ အခြေအနေကို ဆေးရုံအုပ်ချုပ်ရေးအဖွဲ့မှ ဒေါက်တာ နေဝင်းသိန်းက အောက်ပါအတိုင်း မှတ်ချက်ပေးသည်။

“လုံခြုံဖို့ လိုအပ်သေးတယ်။ သန့်ရှင်းဖို့ လိုအပ်သေးတယ်” 

ရလေး

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *