မြန်မာ-တရုတ် နယ်စပ်စီးပွားရေးဇုန်တည်ဆောက်ရေး စိတ်ဝင်စားမှုဖော်ပြလွှာ ခေါ်ယူမည်

ရန်ကုန်၊ ဇူလိုင် ၁၃

မြန်မာ-တရုတ် နယ်စပ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဇုန် တည်ဆောက်ရေးအတွက် ကုမ္ပဏီများသို့ စိတ်ဝင်စားမှုဖော်ပြလွှာ (EOI) ခေါ်ယူ၍ အဆင့်ဆင့်ရွေးချယ်သွားမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ချုပ် ဦးရန်နိုင်ထွန်းက ပြောကြားသည်။

ယင်းစီးပွားရေးဇုန်အကောင် အထည်ဖော်ရန် ၂၀၁၇ ခုနှစ် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ တရုတ်နိုင်ငံခရီးစဉ်တွင် တရုတ်-မြန်မာ နှစ်နိုင်ငံအစိုးရကြား သဘောတူညီခဲ့ခြင်းဖြစ်ပြီး ကနဦးအနေနှင့် ဇုန်နေရာရွေးချယ်သတ်မှတ်ရန် ဆောင်ရွက်နေကြောင်း ၎င်းကဆိုသည်။

နှစ်နိုင်ငံသဘောတူညီမှုအရ ဇုန်နေရာသတ်မှတ်ရာတွင် တရုတ်-မြန်မာ နယ်စပ် ကချင်ပြည်နယ် ကန်ပိုက်တီး၊ ရှမ်းပြည်နယ် မူဆယ်နှင့် ချင်းရွှေဟော် ဒေသသုံးခုထဲမှ ရွေးချယ်သတ်မှတ်ပေးရမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနထံမှ သိရ သည်။

“ကျွန်တော်တို့ နေရာရွေးချယ်ဖို့အတွက် သဘောတူတာပဲရှိသေးတယ်။ စမယ့်ရက်ကတော့ သတ်မှတ်ထားတဲ့ လုပ်ထုံးလုပ်နည်းနဲ့အညီ ရွေးချယ်သွားမယ်။ Interest (စိတ်ဝင်စား)ဖြစ်တဲ့ ကုမ္ပဏီတွေကို EOI ခေါ်မယ်။ ပြီးတဲ့အခါမှ အဆင့်ဆင့်သော ရွေးချယ်မှုတွေနဲ့ လုပ်ဆောင်မယ်” ဟု ၎င်းကဆိုသည်။

ဇုန်တည်ဆောက်ရေးကို အစိုးရ၊ ပုဂ္ဂလိကပူးပေါင်းဆောင်ရွက်ရေးစနစ် (PPP) ဖြင့် အကောင်အထည်ဖော်ဖွယ်ရှိပြီး တည်ဆောက်မည့်စနစ်ကို မရွေးချယ်ထားရသေးကြောင်း ၎င်းကဆိုသည်။ ထို့အပြင် ရင်းနှီးမြှုပ်နှံမှုပမာဏ စီမံကိန်းအသေးစိတ်အချက်အလက်များ မထုတ်ပြန်သေးပေ။

အဆိုပါစီမံကိန်းသည် တရုတ်အစိုးရ၏ ရပ်ဝန်းတစ်ခုလမ်းမတစ်ခု (OBOR) အစိတ်အပိုင်းတစ်ခုဖြစ်ပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဟိုချောင်နယ်စပ်ဂိတ်နှင့် မြန်မာနိုင်ငံ ကချင်ပြည်နယ် ကန်ပိုက်တီးကုန်သွယ်ရေးဇုန်နေရာတို့တွင် တည်ဆောက်မည်ဟု တရုတ်နိုင်ငံ နိုင်ငံတကာမဟာဗျူဟာအမျိုးသား တက္ကသိုလ်၊ အရှေ့တောင်အရှရေးရာကျွမ်းကျင်သူ Zhao Jianglin က Global  Time သတင်းစာသို့ ပြောဆိုထားသည်။

တရုတ်အစိုးရသည် ၎င်း၏အိမ်နီးချင်းနိုင်ငံများဖြစ်သည့် ကာဇက်စ္စတန်နိုင်ငံတွင် နယ်စပ်ကော်ပိုရေးရှင်းစင်တာ၊ လာအိုနိုင်ငံတွင် မိုဟန်-ဘိုတန်ကော်ပိုရေးရှင်း စီးပွားရေးဇုန်တို့ကို တည်ထောင်ခဲ့ပြီးဖြစ်ကြောင်း Global  Time သတင်းစာတွင် ရေးသားထားသည်။

လက်ရှိ တရုတ်-မြန်မာနယ်စပ်တွင်တည်ဆောက်မည့် စီးပွားရေးဇုန်ကြောင့် နှစ်နိုင်ငံကုန်သွယ်ရေး မြှင့်တင်ရေး၊ နယ်စပ်ဒေသ စီးပွားရေးတိုးတက်ဖွံ့ဖြိုးရေးနှင့် ပြည်တွင်း၊ ပြည်ပရင်းနှီးမြှုပ်နှံမှုများ တိုးတက်မြင့်မားနိုင်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *