အမေရိကန်က ပြည်နှင်ဒဏ်ပေးသည့်မြန်မာများကို ပြန်လက်ခံမည်

ရန်ကုန်၊ ဇူလိုင် ၁၃

ပြစ်မှုကျူးလွန်သဖြင့် အမေရိကန်ပြည်ထောင်စုမှ ပြည်နှင်ဒဏ်ပေးထားသည့် မြန်မာ ၃၀ ကျော်ကို ပြန်လည်လက်ခံမည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနထံမှ သိရသည်။

ပြစ်မှုကျူးလွန်၍ ပြန်ပို့မည်ဆိုသူများအနက် ၁၆ ဦးကို မြန်မာနိုင်ငံက လက်ခံထားပြီးဖြစ်ပြီး ကျန် ၃၁ ဦးကို လည်း မကြာမီလက်ခံသွားမည်ဖြစ် ကြောင်း အဆိုပါဌာနမှ သိရသည်။

မြန်မာနိုင်ငံက ပြန်လည်လက်ခံမည့်သူများကို မြန်မာနိုင်ငံသားဖြစ်ကြောင်း အထောက်အထား CI ထုတ်ပေးထားပြီးဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်တင်စိန်က ပြောဆိုသည်။

မြန်မာနိုင်ငံသားဟုယူဆကာ အမေရိကန်အစိုးရက ပေးပို့သည့်အချက်အလက်များကို စိစစ်ကာ ပြန်လည်လက်ခံရန် လုပ်ဆောင်နေခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။

“သူတို့ပို့တဲ့သူတွေက အကုန်လုံးက မြန်မာနိုင်ငံသား ဟုတ် မဟုတ် စိစစ်ရသေးတယ်” ဟု ၎င်းကဆိုသည်။

အမေရိကန်နှင့် ဆက်ဆံရေး ကောင်းမွန်ရန် မြန်မာဘက်က လုပ်ဆောင်နေပြီး စိစစ်မှုများ ပြုလုပ်နေသော်လည်း အမေရိကန်အစိုးရက နှောင့်နှေးသည်ဟု ယူဆကာ အရေးယူမှု လုပ်ဆောင်လာကြောင်း၊ လက်ရှိတွင် စိစစ်လက်ခံမည့် လုပ်ငန်းကို ကြိုးပမ်းလုပ်ဆောင်နေကြောင်း ဦးကျော်တင်စိန်က ပြောဆိုသည်။

အမေရိကန်ပြည်ထောင်စုရောက် ပြစ်ဒဏ်ချခံခဲ့ရသည့် မြန်မာနိုင်ငံသားများကို ဌာနေပြန်ပို့ရေးလုပ်ငန်းစဉ်တွင် မြန်မာဘက်က နှောင့်နှေးကြန့်ကြာနေသည်ဟုဆိုကာ အမေရိကန်အစိုးရက အရေးယူမှုများ ပြုလုပ်လာသည်။

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာနတို့မှ ညွှန်ကြားရေးမှူးချုပ်အဆင့်နှင့် အထက်ရှိသူများကို ဇူလိုင်လ ၉ ရက်မှစ၍ အမေရိကန်အစိုးရက ပြည်ဝင်ခွင့်ပိတ်ပင်လိုက်သည်။

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *