ရန်ကုန်နှင့် မန္တလေးတက္ကသိုလ်တို့တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် လူငယ်များ စာပေဆွေးနွေးမည်

ရန်ကုန်၊ ဇူလိုင် ၁၃

ရန်ကုန်နှင့် မန္တလေးတက္ကသိုလ်တို့တွင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် လူငယ်များ စာပေဆွေးနွေးနိုင်ရန် စီစဉ်နေကြောင်း အဆင့်မြင့်ပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသိန်းဝင်းက ပြောကြားသည်။

စာပေဆွေးနွေးပွဲကို ရန်ကုန်မြို့နှင့် မန္တလေးမြို့တို့တွင် သီးခြားစီကျင်းပသွားမည်ဖြစ်ပြီး ဆွေးနွေးပွဲတစ်ခုလျှင် ကျောင်းသား ၁၀ ဦးနှင့် ကျောင်းသူ ၁၀ ဦးစီတက်ရောက်နိုင်ရန် ဆောင်ရွက်နေကြောင်း ၎င်းကဆိုသည်။

“လုပ်မယ်လို့ လျာထားတယ်။ ဒါပေမဲ့ ဘယ်ရက်မှာ လုပ်မယ်၊ ဘယ်နေရာမှာ လုပ်မယ်ဆိုတဲ့ အသေးစိတ်ကို ကျွန်တော်လည်း မသိသေးဘူး။ အဲဒါက ပညာရေးဝန်ကြီးက ညွှန်ကြားလာမှပဲ ပြောလို့ရမယ်” ဟု ဒေါက်တာသိန်းဝင်းကဆိုသည်။

ရန်ကုန်နှင့် မန္တလေးမြို့တို့တွင်ပြုလုပ်မည့် စာပေစကားဝိုင်းများမှာမူ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် တက္ကသိုလ်ကျောင်းသားများတွေ့ဆုံကာ ပထမဆုံးအကြိမ် စာပေဆွေးနွေးမည့် စကားဝိုင်းဖြစ်သည်။

ဆွေးနွေးပွဲကို ဩဂုတ်လအတွင်း ကျင်းပနိုင်ရန်လျာထားပြီး ရန်ကုန်နှင့် မန္တလေးတို့ရှိ တက္ကသိုလ်တစ်ခုလျှင် တက်ရောက်မည့် ကျောင်းသား၊ ကျောင်းသူတစ်ဦးစီ ရွေးချယ်ပေးပို့ရန် ပညာရေးဝန်ကြီးဌာနက ဇူလိုင်လ ဒုတိယအပတ်အတွင်း ညွှန်ကြားထားသည်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် စာပေဆွေးနွေးခြင်းဖြင့် ကျောင်းသူ ကျောင်းသားများအတွက် ဗဟုသုတများတိုးပွားလာနိုင်ကြောင်း ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂ (YUSU) ဥက္ကဋ္ဌ ကိုဝင်းလွင်အောင်က ပြောကြားသည်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် စာပေဆွေးနွေးခွင့်ရရေး ကျောင်းသား၊ ကျောင်းသူအများစုပါဝင်နိုင်ရန် ပညာရေးဝန်ကြီးဌာနက ဆောင်ရွက်ပေးသင့်ပြီးဆွေး နွေးပွဲတက်ရောက်မည့်သူများကို ရွေးချယ်ရာတွင် ပွင့်လင်းမြင်သာမှုရှိစွာ ရွေးချယ်သင့်ကြောင်း ၎င်းက မှတ်ချက်ပြုသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၁၂ ရက်တွင် သန်လျင်နည်းပညာတက္ကသိုလ်၌ စာပေဆွေးနွေးပွဲတက်ရောက်မည့်သူများ ရွေးချယ်ရာတွင် တက္ကသိုလ်အာဏာပိုင်များက အမှတ်အများဆုံးကျောင်းသား၊ ကျောင်းသူနှစ်ဦးကိုသာ ရွေးချယ်ခဲ့သောကြောင့် ယင်းတက္ကသိုလ် ကျောင်းသားများသမဂ္ဂက ကြေညာချက်ထုတ်ပြန် ကန့်ကွက်ခဲ့သေးသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် ၂၀၁၇ ခုနှစ် ဇန်နဝါရီလ ၁ ရက်တွင် နေပြည်တော်၌ လူငယ်များနှင့် တွေ့ဆုံကာ ငြိမ်းချမ်းရေးဆွေးနွေးပွဲများ စတင်ပြုလုပ်ခဲ့ပြီး လက်ရှိအချိန်တွင် ငြိမ်းချမ်းရေးစကားဝိုင်း ခုနစ်ပွဲ ကျင်းပထားပြီးဖြစ်သည်။

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *