ဆေးရုံတက်နေရသည့် ‘၀’ ခေါင်းဆောင်နှစ်ဦး ဇူလိုင် ၁၄ ဌာနေပြန်မည်

နေပြည်တော်၊ ဇူလိုင် ၁၃

၂၁ ရာစုပင်လုံသို့ လာရောက်သော ၀ အဖွဲ့ခေါင်းဆောင်နှစ်ဦးဖြစ်သည့် UWSA အဖွဲ့ဒုတိယဥက္ကဋ္ဌ ဦးပေါက်ယူယိနှင့် ပြင်ပဆက်ဆံရေးဌာနကြီးမှူး ဦးကျောက်ကော်အမ်းတို့နှစ်ဦးသည် အရေးပေါ်ဆေးကုသမှုခံယူပြီးနောက် ဌာနေပြန်မည်ဖြစ်ကြောင်း စုံစမ်းသိရသည်။

၎င်းတို့နှစ်ဦးသည် ဇူလိုင်လ ၁၄ ရက်နေ့ နေ့လယ် ၁ နာရီခန့်တွင် ဆေးရုံမှဆင်း၍ ညနေ ၃ နာရီခန့်တွင် ပြန်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ – ၂၁ ရာစု ပင်လုံကို ဇူလိုင် ၂၁ ရက်နေ့မှ ၁၆ ရက်နေ့အထိ ကျင်းပလျက် ရှိသည်။

အစည်းအဝေးသို့ လေ့လာသူအနေနှင့် တက်ရောက်နေသော UWSA အဖွဲ့ ဒုတိယဥက္ကဋ္ဌ ဦးပေါက်ယူယိသည် ဇူလိုင် ၁၂ ရက် ညနေပိုင်းကလည်းကောင်း၊ ဦးကျောက်ကော်အမ်းသည် ဇူလိုင် ၁၃ ရက် နံနက်ပိုင်းကလည်းကောင်း နေပြည်တော်ခုတင် (၁၀၀၀)ပြည်သူ့ဆေးရုံကြီး အထူးကြပ်မတ်ကုသဆောင်တွင် ဆေးကုသမှုခံယူခဲ့ခြင်းဖြစ်သည်။

၎င်းတို့နှစ်ဦးသည် အသက်အရွယ်အရ နှလုံးအားနည်းခြင်း၊ ဆီးချို စသည့် ဝေဒနာအချို့ကြောင့် ဆေးကုသမှုခံယူရခြင်းဖြစ်ပြီး စိုးရိမ်စရာမရှိကြောင်း ဆေးရုံအသိုင်းအဝိုင်းက ပြောသည်။

၎င်းတို့နှစ်ဦးကို ပြည်ထောင်စုငြိမ်း ချမ်းရေးကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်းနှင့် ဆေးရုံရှိတာဝန်ရှိ ဆရာဝန်ကြီးများက ကူညီစောင့်ရှောက်နေကြောင်း သမ္မတရုံးမှ ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေး က ပြောဆိုထားသည်။

ယင်းအပြင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကလည်း သွားရောက်ကြည့်ရှုခဲ့ကြောင်း တပ်မတော်က သတင်းထုတ်ပြန်ထားသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဆေးကုသမှုခံယူနေသော ခေါင်းဆောင်နှစ်ဦးကို အားပေးစကားများပြောကြားပြီး အားဖြည့်ငှက်သိုက်ရည်များနှင့် စားသောက်ဖွယ်ရာများလည်း ပေးအပ်ခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ထားသည်။

‘၀’ အဖွဲ့ ၊ SSPP ၊ မိုင်းလားနှင့် ကေအိုင်အိုတို့သည် ဇူလိုင်လ ၁၂ ရက် ညနေပိုင်းတွင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် အလွတ်သဘော တွေ့ဆုံဆွေးနွေးခဲ့သေးသည်။

အဆိုပါဆွေးနွေးပွဲကို ‘၀’ အဖွဲ့၏ ဒုတိယဥက္ကဋ္ဌ ကျန်းမာရေးမကောင်းသောကြောင့် ယင်းအဖွဲ့၏ ပြင်ပဆက်ဆံရေးတာဝန်ခံ ဦးကျောက်ကော်အမ်းက ဦးပေါက်ယူယိ ကိုယ်စားသွားရောက်တွေ့ဆုံကာ နိုင်ငံလုံးဆိုင်ရာပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) နှင့် ပတ်သက်၍ အဖွဲ့၏ သဘောထားကို တင်ပြခဲ့သည်။

ယင်းနောက် ဇူလိုင်လ ၁၃ ရက်တွင် မူ ဦးကျောက်ကော်အမ်းလည်း မူးလဲသောကြောင့် ဆေးကုသမှု ခံယူနေရခြင်းဖြစ်သည်။

UWSA ခေါင်းဆောင်နှစ်ဦး၏ ကျန်းမာရေးအခြေအနေမှာ မစိုးရိမ်ရဘဲ လတ်တလောတွင် ဆေးရုံ၌ အနားယူနေကြောင်း UWSA  ကိုယ်စားလှယ်အဖွဲ့က ကြေညာထားသည်။

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *