မတ္တရာတွင် အသက်ခုနစ်နှစ်အရွယ် မိန်းကလေး အဓမ္မကျင့်ခံရ

မန္တလေး၊ ဇူလိုင် ၁၃

မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့တွင် အသက်ခုနစ်နှစ်အရွယ် မိန်းကလေးကို ပထွေးဖြစ်သူက အဓမ္မပြုကျင့်ခဲ့ပြီး ၎င်းကို ထိုက်သင့်သည့်ပြစ်ဒဏ်ချမှတ်ရေး ဆန္ဒပြတောင်းဆိုသွားမည်ဟု မတ္တရာ ဒေသခံတို့ထံမှ သိရသည်။

“ထိုက်သင့်တဲ့ ပြစ်ဒဏ် ချမှတ်ပေးနိုင်ဖို့အတွက် ဒီရက်ပိုင်းအတွင်းမှာဆန္ဒ ထုတ်ဖော်သွားကြမှာပါ” ဟု ဆန္ဒထုတ်ဖော်ရာတွင် ပါဝင်မည့် မတ္တရာဒေသခံ ဦးသန်းလွင်က ဆိုသည်။

မတ္တရာမြို့ အမှတ် (၅) ရန်နိုင်စိုး ရပ်ကွက်တွင်နေထိုင်သည့် အုတ်စက်လုပ်သား မသန်းသန်းဦးသည် ဇူလိုင်လ ၁၂ ရက် နံနက်ပိုင်းက အုတ်စက်ဝင်းအတွင်း အလုပ်လုပ်ကိုင်နေစဉ် အသက်ခုနစ်နှစ် အရွယ်သမီးနှင့်အတူ နောက်အိမ်ထောင်ဖြစ်သော သက်နိုင်ဦးတို့ ရောက်လာခဲ့ကြောင်း၊ ကလေးတွင် ထိခိုက်ထားမှုရှိနေသည်ဟု ခင်ပွန်းဖြစ်သူကပြောသဖြင့် ဆေးကုသရန်အတွက် ထွက်လာစဉ် သမီးဖြစ်သူကို မေးမြန်းရာ သက်နိုင်ဦးက အဓမ္မပြုကျင့်ပြီး လက်သီးဖြင့်ထိုးကြောင်း ပြောဆိုသဖြင့် ရဲဆေးစာနှင့်တကွ မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကုသပေးခဲ့ကြောင်း ယင်းစာတွင် ဖော်ပြသည်။

မသန်းသန်းဦး၏ တိုင်ကြားချက်အရ အသက် ခုနစ်နှစ်အရွယ် ကလေးကို အဓမ္မပြုကျင့်သည့် သက်နိုင်ဦး (၂၇) နှစ်ကို မတ္တရာမြို့မရဲစခန်းက ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၇၆ ဖြင့် အမှုဖွင့် ဖမ်းဆီးထားကြောင်း အဆိုပါစခန်းတာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

မတ္တရာမြို့နယ်တွင် ဖေဖော်ဝါရီလ ၁၃ ရက်နေ့က အသက် ၂ နှစ်ကျော် အရွယ်ကလေးကို အဓမ္မပြုကျင့်ပြီးသတ်ခဲ့သည့် ဖြိုးထက်အောင်ဆိုသူကို သေဒဏ်ပေးရန် ဒေသခံတို့က ဆန္ဒထုတ်ဖော် တောင်းဆိုခဲ့ကြပြီး ကျူးလွန်သူကို မသေမချင်း လည်ပင်းကြိုးကွင်းစွပ်သတ်ရန် ပြင်ဦးလွင်ခရိုင်တရားရုံးက မတ်လ ၂၃ ရက်နေ့တွင် အမိန့်ချမှတ်ခဲ့သည်။ 

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *