ခန္တီးတွင် ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ် စိုက်ထူခြင်းကို နာဂအဖွဲ့အစည်းများ ကန့်ကွက်

မန္တလေး၊ ဇူလိုင်၁၃

စစ်ကိုင်းတိုင်းဒေသကြီးခန္တီးမြို့တွင် ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်တု စိုက်ထူမည့်အစီအစဉ်ကို နာဂအဖွဲ့အစည်းများက ကန့်ကွက်ကြောင်း ယနေ့ရက်စွဲဖြင့် ကြေညာချက်ထုတ်ပြန်လိုက်သည်။

မြန်မာနိုင်ငံအနှံ့ ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်တုများ စိုက်ထူရေးကြိုးပမ်းချက်များသည် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးသို့ ဦးမတည်ဘဲ ပိုမိုထိခိုက်စေမည့် အနေအထားသို့ ဦးတည်နေကြောင်း ယင်းကြေညာချက်တွင် ဖော်ပြသည်။

“အင်အားရှိတယ်ဆိုပြီး လုပ်နေတဲ့လုပ်ရပ်တွေဟာ ဝမ်းနည်းစရာကောင်းတယ်”ဟု နာဂအမျိုးသားရေးရာ ကောင်စီဥက္ကဋ္ဌ ဦးအထောင်းမကူရီက ပြောကြားသည်။

ကြေညာချက်ကို နာဂအမျိုးသားရေးရာကောင်စီ၊ နာဂကျောင်းသားနှင့်လူငယ်များအဖွဲ့ချုပ် (မြန်မာ)တို့ အပါအဝင် နာဂအရပ်ဘက်အဖွဲ့အစည်း ၁၀ခု ၏ သဘောထားဖြင့် ထုတ်ပြန်ခြင်းဖြစ်ပြီး ခန္တီးတွင် ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်တု စိုက်ထူရန်အတွက် ယင်းအဖွဲ့အစည်းတို့နှင့် နာဂလူမျိုးတို့၏ သဘောထားကို ကျယ်ပြန့်စွာ တောင်းခံခဲ့ခြင်းမရှိကြောင်း ကြေညာချက်တွင် ဆိုသည်။

“ကြေးရုပ်ကို ကော်မတီဖွဲ့ပြီး လုပ်တာပါ။ မြို့မိမြို့ဖတွေ၊ ဌာနဆိုင်ရာတွေ ပါဝင်တဲ့ ကော်မတီဖြစ်သလို နာဂလူမျိုးအကြီးအကဲတွေလည်း ပါပါတယ်”ဟု ယင်း ကော်မတီပြန်ကြားရေးအဖွဲ့ဝင် ဦးအောင်ဆန်းမြင့်က ပြောသည်။

ခန္တီးမြို့တွင် ကျပ်သိန်းပေါင်းလေးရာကျော်ကုန်ကျသည့် ဗိုလ်ချုပ်အောင်ဆန်း မြင်းစီးကြေးရုပ်စိုက်ထူမည့် အစီအစဉ်ကို ၂၀၁၇ ခုနှစ်ကတည်းက အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် ခန္တီးမြို့ ချင်းတွင်းမြစ်ဆိပ်ကမ်းသို့ ရောက်ရှိနေပြီဖြစ်သည်။

ကြေးရုပ်တုဖွင့်ပွဲအခမ်းအနားကို လာမည့် ဇူလိုင်လ ၂၁ရက်နေ့တွင် ပြုလုပ်မည်ဖြစ်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့တက်ရောက်မည်ဖြစ်သည်။

နာဂအရပ်ဘက်အဖွဲ့အစည်းများ၏ ကန့်ကွက်ကြောင်း ကြေညာချက်ကို နိုင်ငံတော်သမ္မတရုံးအပါအဝင်ဌာန ဆိုင်ရာများသို့ အသိပေးအကြောင်းကြားသွားမည်ဖြစ်ပြီး စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်လည်း တွေ့ဆုံညှိနှိုင်းရန် ကြိုးပမ်းနေကြောင်း၊ ယခုကန့်ကွက်မှု မအောင်မြင်လျှင် အခြားနည်းဖြင့် ထပ်မံ ကန့်ကွက်သွားမည်ဖြစ်ကြောင်း နာဂ အမျိုးသားရေးရာကောင်စီထံမှ သိရသည်။

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *