အဖမ်းအဆီးကြောင့် ထိုင်းရောက် မြန်မာ ငါးထောင်နီးပါး နေရပ်ပြန်

ရန်ကုန်၊ ဇူလိုင်၁၃

ထိုင်းနိုင်ငံတွင် တရားဝင်အထောက်အထားမဲ့ မြန်မာအပါအဝင် နိုင်ငံခြားသားအလုပ်သမားများကို ယခုလတွင် စတင်ဖမ်းဆီးနေသဖြင့် မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်လာသူ ၄၈၀၀ကျော်ရှိပြီ ဖြစ်ကြောင်း အလုပ်သမားညွှန်ကြားမှုဦးစီးဌာန၏ ညွှန်ကြားရေးမှူးချုပ်ဦးဝင်းရှိန်က ပြောကြားသည်။

အဖမ်းအဆီးစတင်သည့် ဇူလိုင် ၁ ရက်နေ့မှ ၁၂ရက်နေ့အထိ မြန်မာ အလုပ်သမား ၄၈၀၀ကျော် နယ်စပ်ဂိတ်လက်ခံရေးစခန်းများမှ တစ်ဆင့်ပြန်လည်ဝင်ရောက်လာကြောင်း ၎င်းက ဆိုသည်။

အထောက်အထားမဲ့အလုပ်သမားများကို ထိုင်းအာဏာပိုင်များက ဖမ်းဆီးအရေးယူရန် စီစဉ်ထားသော်လည်း မြန်မာအစိုးရက ဖမ်းမိသည့်မြန်မာအလုပ်သမားများကို သံရုံးသို့ လွှဲပြောင်းပေးရန် တောင်းဆိုထားသည်။

“နဂိုကတည်းက ထိုင်းဘက်က ပြည်ထဲရေးဦးစီးနဲ့ ညှိပြီးသွားပြီ။ သူတို့ဆီ ကနေ အစ်ကိုတို့ဆီကို စနစ်တကျလွှဲဖို့ သူတို့ကိုပြောထားတော့ မြ၀တီကို သူတို့ စနစ်တကျလွှဲပါတယ်”ဟု ဦးဝင်းရှိန်က ပြောဆိုသည်။

လွှဲပြောင်းပေးသူများကို မြ၀တီ၊ ကော့သောင်း၊ တာချီလိတ်နယ်စပ်ဂိတ် သုံးခုတွင် လက်ခံရေးစခန်းများ ဖွင့်လှစ်ကာ ပြန်လည်လက်ခံနေကြောင်း ၎င်းက ဆိုသည်။

ထိုင်းနိုင်ငံတွင်၂၀၁၇ခုနှစ် ဇွန်လက ပြဋ္ဌာန်းလိုက်သည့် နိုင်ငံခြားသားအလုပ်သမားစီမံခန့်ခွဲမှုဥပဒေတွင် တရားမဝင် အလုပ်သမားများအတွက် ထောင်ဒဏ်အပါအဝင် ကြီးလေးသည့် ပြစ်ဒဏ်များ ပါဝင်သောကြောင့် မြန်မာအလုပ်သမားသိန်းနှင်ချီ ထိုင်းမှ ထွက်ပြေးခဲ့ရသည်။

ယင်းဖြစ်စဉ်နောက်ပိုင်း အဖမ်းအဆီးတစ်နှစ်ကြာ ရပ်ဆိုင်းကာ တရားဝင်အထောက်အထား လုပ်ခွင့်ပြုခဲ့ပြီးနောက် ဇူလိုင်လ ၁ရက်နေ့မှစတင်ကာ အဖမ်းအဆီးပြန်လည်စတင်နေခြင်းဖြစ်သည်။ တရားဝင်အထောက်အထားထုတ်ပေးရေး အစီအစဉ်တွင် မြန်မာ ၁၁သိန်း တရားဝင် ဖြစ်ခဲ့သည်။

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *