ကုန်ကြမ်းရှားပါး၍ စက္ကူစက်ရုံများ ပိတ်သိမ်းဖွယ်ရှိဟုဆို

ရန်ကုန်၊ ဇူလိုင်၁၃

နယ်စပ်မှတစ်ဆင့် တရုတ်နိုင်ငံသို့ စက္ကူကုန်ကြမ်းစီးဆင်းမှုကြောင့် ပြည်တွင်းရှိ စက္ကူထုတ်လုပ်သည့်လုပ်ငန်းများ ပိတ်သိမ်းလာနိုင်ဖွယ်ရှိကြောင်း မြန်မာနိုင်ငံ ပျော့ဖတ်နှင့် စက္ကူအသင်းမှ ဒုတိယဥက္ကဋ္ဌဦးတင်မောင်ဦးက ပြောကြားသည်။

လက်ရှိတွင် ပြည်တွင်း၌ ကုန်ကြမ်းဝယ်ယူရန်ခက်ခဲလျက်ရှိပြီး စက္ကူနှင့် တစ်ရှူးထုတ်လုပ်သည့်လုပ်ငန်းများမှာ ဆက်လက်လည်ပတ်ရန်အခက်အခဲဖြစ်ပေါ်နေကြောင်း အဆိုပါလုပ်ငန်းရှင်များနှင့် အသင်းက ဇူလိုင်၁၂ရက်က သတင်းစာရှင်းလင်းပွဲတစ်ခုပြုလုပ်ကာ ပြောဆိုလိုက်သည်။

ပြည်တွင်းရှိ ပုဂ္ဂလိကပိုင်စက္ကူထုတ်လုပ်သည့်လုပ်ငန်းများတွင် ကုန်ကြမ်းအဖြစ် အသုံးပြုသော အသုံးပြုပြီးသား ကတ်ထူ၊ သတင်းစာ၊ မဂ္ဂဇင်း၊ ကျောင်းသုံးဗလာစာအုပ်များမှာ ရှမ်းပြည်တောင်ပိုင်း၊ မြောက်ပိုင်းတို့မှတစ်ဆင့် တရုတ်နိုင်ငံအတွင်းသို့ ဝင်ရောက်နေကြောင်း စက္ကူစက်ရုံလုပ်ငန်းရှင်များက ပြောကြားသည်။

“ရုံအသေးလေးတွေ ပိတ်ကုန်ပြီ ကုန်ကြမ်းမရလို့။ ဈေးကွာခြားချက်ကြောင့် ကုန်ကြမ်းက တရုတ်ပြည်ကို သွားတယ်။ ကုန်ကြမ်းက တဖြည်းဖြည်းပါးလာတယ်။ ဟိုဘက်ကို ကားတစ်စီးသွားရင် သိန်း နှစ်ဆယ် သုံးဆယ်မြတ်တော့ လုပ်တဲ့သူတွေ အများကြီးပဲ”ဟု ဦးတင်မောင်ဦးက ပြောကြားသည်။

စက္ကူကုန်ကြမ်းများကို ကွန်တိန်နာယာဉ်များဖြင့် နယ်စပ်မှတစ်ဆင့် ပို့ဆောင်လျက်ရှိပြီး တစ်နေ့လျှင် တန်ချိန်နှစ်ဆယ်ခန့် တရုတ်နိုင်ငံဘက်သို့ တင်သွင်းလျက်ရှိနေကာ ပြည်တွင်းတွင် စက္ကူကုန်ကြမ်းကို တစ်ပိဿာလျှင် ကျပ်သုံးရာရှိပြီး တရုတ်နိုင်ငံတွင် ကျပ်ခုနစ်ရာခန့်ပေးဝယ်လျက်ရှိကြောင်း ဦးတင်မောင်ဦးက ပြောကြားသည်။

“ကုန်ကြမ်းက ဒီမှာ ဝယ်လို့ မရဘူး။ ဥပမာ – ၅၀၀ နဲ့ပေးဝယ်မယ်ဆို ဟိုဘက်ကို ၅၁၀နဲ့ ရောင်းလို့ရတယ်ဆိုပြီး ကျွန်တော်တို့ကို မရောင်းဘူး။ အဲဒါကြောင့် ရှားပါးတယ်လို့ ပြောတာပါ”ဟု ဒဂုံမြို့သစ် (အရှေ့ပိုင်း) စက်မှုဇုန်ရှိ ပန်းသဇင်တစ်ရှူးစက်ရုံမှ အထွေထွေမန်နေဂျာ ကိုဟန်ဇော်လင်းက ပြောကြားသည်။

ထို့ကြောင့် စက္ကူကုန်ကြမ်းစီးဆင်းမှုကို တားဆီးပေးရန် တရုတ်နိုင်ငံရှိ သဘာဝ ပတ်ဝန်းကျင်အသင်းနှင့် စက္ကူနှင့်ပျော့ဖတ်အသင်းများသို့ စာတင်ပြမည်ဖြစ်သလို ပြည်တွင်းရှိဝန်ကြီးဌာနများဖြစ်သော စက်မှုဝန်ကြီးဌာန၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနတို့ ကို တင်ပြထားကြောင်း အသင်း၏အထွေထွေအတွင်းရေးမှူး ဦးကျော်မင်းက ပြောကြားသည်။

“စက်မှုဇုန်တွေက ပြောတဲ့စာရင်းအရ စက်ရုံနှစ်ဆယ်လောက် ပိတ်သိမ်းသွားတယ်။ အခု အဲဒီအတိုင်း နိုင်ငံတော်ကို တင်ပြထားတယ်။ ကုန်သွယ်ခွင့်ပိတ်တဲ့ စာရင်းမှာလည်း ဒီစက္ကူကုန်ကြမ်းက မပါဘူးလေ”ဟု ဦးကျော်မင်းက ပြောကြားသည်။

စက္ကူစက်ရုံများအနေနှင့် တစ်နှစ်လျှင် ကုန်ကြမ်းတန်ချိန်လေးသိန်းခန့်ကို အသုံးပြုနေရပြီး စက်ရုံပေါင်း ၁၃၀ ခန့် ရှိနေကြောင်း ဦးကျော်မင်းကပြောကြားသည်။

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *