သရုပ်ဆောင် ဇေရဲထက်နှင့် တွေ့ဆုံခြင်း

“အဓိကကပရိသတ်၊ ပြည်သူလူထု သူတို့တွေလက်ခံမှသာ ကျွန်တော်တို့ ဇာတ်ကားတွေကို ကြည့်ကြမှာလေ။ အဲဒီတော့ သူတို့တွေကို ဦးစားပေးတယ်။ သူတို့ ကြည့်ချင်တာတွေပဲ ရွေးချယ်ရိုက်ကူးဖြစ်တယ်”

အခုလက်ရှိရုံတင်ပြသနေတဲ့ ရာဇဝင်ရိုင်းနေသည် ဇာတ်ကားမှာ ပါဝင်ထားတဲ့ သရုပ်ဆောင်ဇေရဲထက်ကို ဇာတ်ကားနဲ့ပတ်သက်ပြီး ဝေဖန်မှုတွေအပေါ်အမြင်၊ လိင်တူချစ်သူတွေအပေါ်အမြင်နဲ့ ဇာတ်ကားလက်ခံမှုနဲ့ ပတ်သက်လို့ Fan တွေနဲ့ တိုင်ပင်ဖြစ်တဲ့အကြောင်းတွေကို မေးမြန်းထားတာဖြစ်ပါတယ်။

Voice : ဒီဇာတ်ကားကို ဝေဖန်မှုတွေ ကြားကနေ လက်ခံရတာဆိုတော့ ဘယ်လိုကြောင့် လက်ခံဖြစ်တာလဲ။

ZYH : ဒီကားလေးက တခြားသူတွေ ငြင်းပယ်လို့ ကျွန်တော့်ဆီ ရောက်လာတာပါ။ ဒါပေမဲ့ ကျွန်တော်သည် ဒီကားကို ကြိုက်လို့လက်ခံတာ။ ပညာပေးကားတစ်ကားဖြစ်နေတဲ့အတွက် ကြိုက်တယ်။ ဒီလိုဇာတ်ကောင်မျိုး တစ်ခါမှ မရိုက်ဖူးလို့ ရိုက်တာပါ။ ကျွန်တော်လိုချင်တာက အနုပညာကို ကောင်းကောင်းကန်းကန်း ချပြချင်တယ်။ သရုပ်ဆောင်ကာရိုက်တာတွေရဲ့ အိုက်တင်ကို ရူးသွပ်တယ်။ ကျွန်တော် သရုပ်ဆောင်ကောင်းတစ်ယောက်ပဲ ဖြစ်ချင်တယ်။ နောက်တစ်ချက်က ဒီကားကို ပညာပေးအနေနဲ့ ရိုက်တာလည်းပါတယ်။ ဒီကားလေးကို ကြည့်ပြီးသွားတာနဲ့ မိဘတွေက ရာဇဝင်ဆိုတဲ့ ကောင်လေးလိုမျိုး မဖြစ်အောင် ကိုယ့်သားသမီးလေးတွေ ဘယ်လိုနေထိုင်ရမလဲဆိုတာ သိသွားမှာပါ။ ဒီကားကို များသောအားဖြင့် လူငယ်လေးတွေ အဲဒီလိုစိတ်လေးတွေ မထားအောင် ကြည့်စေချင်တယ်။

Voice : ဒီဇာတ်ကားမှာ လိင်တူချစ်သူအနေနဲ့ သရုပ်ဆောင်ထားတော့ အပြင်မှာလည်း ဒီလိုမျိုးပုံစံတွေရှိနေတော့ အဲဒီအပေါ် ဘယ်လိုမြင်လဲ။

ZYH: သူတို့သည် ဖူးစာလေ။ အတိတ်ဘ၀တုန်းက သူတို့ဖူးစာပေးလို့သာ ဒီဘ၀မှာ ဆုံရတယ်လေ။ လူတိုင်း လူတိုင်းက အပြောမခံချင်ကြဘူးလေ။ ဒါပေမဲ့ သူတို့ရဲ့ ကံဇာတာက အဲဒီလိုမျိုးပါလာရင် ရှောင်လွှဲလို့ မရဘူးလေ။ အဲဒီတော့ ကျွန်တော်က ထောက်ခံသည်လည်း မဟုတ်၊ မထောက်ခံသည်လည်း မဟုတ်ဘူး။ ဘုရားပေးတဲ့ ဖူးစာကံကို လက်ခံရမှာပဲလေ။

Voice : တချို့ဇာတ်ဝင်ခန်းတွေနဲ့ ပက်သက်ပြီး ဝေဖန်မှုတွေခံနေရတော့ အဲဒီအပေါ် ဘာများပြောချင်လဲ။

ZYH : ပြောသင့်တယ်လေ။ ထွေလာက တော်တော်လေး ဆိုးဆိုးဝါးဝါးဖြစ်နေတာ။ ဘာကြောင့် ဒီလိုမျိုးတွေ ဖြစ်နေလဲဆိုတာ ကြည့်လိုက်တာနဲ့ သိသွားမှာပါ။ ဒါပေမဲ့ ဒီကားသည် ဒီလိုအခန်းမျိုးတွေ ဘာကြောင့်ပါတယ်၊ ဒီလိုဇာတ်ဝင်ခန်းမျိုးတွေ ဘာကြောင့်ရိုက်ရလဲဆိုတာ ကြည့်ပြီးတော့မှ ပရိသတ်က သိမှာပါ။ ပြီးတော့ ကျွန်တော့်ရဲ့ ကားတိုင်းလိုလိုဟာ ဝေဖန်မှုက အမြဲရှိနေတယ်။ ဒါပေမဲ့ ဒီကားလေးက ဝေဖန်မှုခံရကျိုးနပ်တဲ့ ကားလေးဖြစ်မှာပါ။

Voice : ကိုယ်တိုင်ထုတ်လုပ်ရေးလုပ်ထားတော့ ဘယ်လိုကားမျိုးတွေ ရိုက်ကူးမှု များမလဲ။

ZYH : အဓိကတော့ မိဘမေတ္တာပေးကား၊ အချစ်နဲ့ပတ်သက်တဲ့ ပညာပေးကားတွေပါမယ်။ နောက်တစ်ခုက ကျွန်တော်တို့ မြန်မာနိုင်ငံက ပညာရေးနဲ့ ပတ်သက်ရင် အားနည်းတယ်လေ။ အဲဒီမျိုးတွေ ပါမယ်။ ပထမဦးဆုံးကားကတော့ မုဒိမ် ပညာပေးကား။

Voice : ဇာတ်လမ်းလက်ခံမှုပုံစံတွေကို Fan တွေနဲ့ အဓိကတိုင်ပင်ဖြစ်တာ ဘယ်လိုကြောင့်လဲ။

ZYH : အဓိက ကျွန်တော်ရဲ့ ဖေ့စ်ဘွတ်ခ်မှာ Fan တွေနဲ့ ထိတွေ့ဖြစ်တယ်။ ဘယ်လိုမျိုးရိုက်သင့်လဲ။ အဲဒီလိုမျိုး ပုံစံလေးတွေဆို ကြိုက်လား။ သူတို့ လက်ခံတယ်၊ အဲဒီလိုမျိုးတွေ ကြည့်ချင်တယ်ဆိုရင် ရွေးချယ်ရိုက်ကူးဖြစ်တယ်။ အဓိကက ပရိသတ်၊ ပြည်သူလူထု သူတို့တွေ လက်ခံမှ ကျွန်တော်တို့ဇာတ်ကားတွေကို ကြည့်ကြမှာလေ။ အဲဒီတော့ သူတို့တွေကို ဦးစားပေးတယ်။ သူတို့ ကြည့်ချင်တာတွေပဲ ရွေးချယ်ရိုက်ကူးဖြစ်တယ်။ 

 

ဆုအိနြေ္ဒဦး

 

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *