အခြေခံအဆောက်အဦ ရန်ပုံငွေများတည်ထောင်ခြင်း

နိုင်ငံတွင် အခြေခံအဆောက်အဦများ အမြန်ဆုံး ဖွံ့ဖြိုးတိုးတက်လိုပါသလား …

နိုင်ငံတော်ဘတ်ဂျက်ကို အားမကိုးသည့် အခြေခံအဆောက်အဦများ တည်ဆောက်လိုပါသလား …

ယင်းအတွက် နည်းလမ်းများရှိပါသည် …

ပြီးခဲ့သည့်ဇွန်လက ထိုင်းနိုင်ငံတွင်ကျင်းပခဲ့သည့် ဧရာဝတီ၊ ကျောက်ယား၊ မဲခေါင်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ထိပ်သီးအစည်းအဝေးတွင် မြန်မာနိုင်ငံမှ တက်ရောက်ခဲ့ကာ ပါဝင်ဆောင်ရွက်ရန် သဘောတူညီခဲ့ပြီးကြောင်းလည်း သိရှိရပါသဖြင့် အခြေခံအဆောက်အဦရန်ပုံငွေများ တည်ထောင်ခြင်းနည်းစနစ်များကို ရေးသားတင်ပြလိုက်ရပါသည်။

နိုင်ငံတစ်ခုဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံကျသည်မှာ အခြေခံအဆောက်အဦ ဖွံ့ဖြိုးတိုးတက်ရေးဖြစ်ပါသည်။ အခြေခံအဆောက်အဦ ဖွံ့ဖြိုးတိုးတက်မှသာ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုရရှိနိုင်ခြင်း၊ ယှဉ်ပြိုင်မှုစွမ်းရည်များ ပိုမိုတိုးတက်နိုင်ခြင်းနှင့် လူနေမှုဘ၀များမြင့်မားစေခြင်း စသည့်အကျိုးကျေးဇူးများ ရရှိစေမည်ဖြစ်ပါသည်။ ဖွံ့ဖြိုးတိုးတက်ဆဲနိုင်ငံများအားလုံးသည် အခြေခံအဆောက်အဦဖွံ့ဖြိုးရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် တိုးချဲ့ဆောင်ရွက်ရာတွင် နိုင်ငံ့ဘဏ္ဍာ ရန်ပုံငွေအကန့်အသတ်ရှိနေသဖြင့် မျှော်မှန်းထားသလောက် ဆောင်ရွက်နိုင်ခြင်းမရှိပါ။ နိုင်ငံတိုင်းတွင် အစိုးရမှပေးအပ်နိုင်သည့် ရန်ပုံငွေနှင့် အခြေခံအဆောက်အဦတည်ဆောက်ရန် လိုအပ်သည့် ရန်ပုံငွေကွာဟချက် (Gap) မှာ ကြီးမားဆဲဖြစ်ပါသည်။ အကယ်၍ လိုအပ်သည့်ငွေများကို ပြည်တွင်း-ပြည်ပမှ ချေးငွေများရယူကာ ဆောင်ရွက်ပြန်လျှင်လည်း Debt to GDP အချိုးအစား မြင့်မားသွားမည်ဖြစ်သဖြင့် စီးပွားရေးတိုးတက်ရေးအတွက် အဟန့်အတားဖြစ်စေနိုင်ပါသည်။

သို့အတွက် အာရှနိုင်ငံများအပါအဝင် ကမ္ဘာ့နိုင်ငံများတွင် Infrastructure Fund များကိုတည်ထောင်ကာ နိုင်ငံတည်ဆောက်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်နေကြသည်ကို တွေ့ရှိရပါသည်။ ၂၀၁၃ ခုနှစ်မှ ၂၀၁၇ ကာလအတွင်း ကမ္ဘာ့နိုင်ငံအသီးသီးတွင် တစ်နှစ်ပျမ်းမျှ ဒေါ်လာသန်း ၃၃၀ တန်ဖိုးရှိ အခြေခံအဆောက်အဦရန်ပုံငွေများ ထုတ်ဝေရောင်းချကာ လုပ်ငန်းများဆောင်ရွက်ခဲ့ပါသည်။

အခြေခံအဆောက်အဦဖွံ့ဖြိုးတိုးတက်ရေး ရန်ပုံငွေဆိုသည်မှာ နိုင်ငံတော်ဖွံ့ဖြိုးရေးအတွက် အဓိကကျသည့် မီးရထားလမ်းများ၊ အဝေးပြေးလမ်းများ၊ အဆင့်မြင့်ရထားလမ်းများ၊ တယ်လီဖုန်းဆက်သွယ်ရေးလုပ်ငန်းများ၊ လျှပ်စစ်ထုတ်လုပ်ဖြန့်ဖြူးရေးလုပ်ငန်းများ၊ ရေအားလျှပ်စစ်လုပ်ငန်းများ၊ ဆိပ်ကမ်းလုပ်ငန်းများ၊ တိုးဂိတ်လုပ်ငန်းများ၊ လေဆိပ်တိုးချဲ့ရေးလုပ်ငန်းများ၊ စက်မှုဇုန်များ စသည့် ဝင်ငွေပြန်လည်ရရှိမည့် ပရောဂျက်များအတွက် လိုအပ်သည့်ငွေကြေးကို အစိုးရဘဏ္ဍာရန်ပုံငွေမှကျခံခြင်းမရှိဘဲ အများပြည်သူထံမှ ငွေကြေးများကို စုစည်းရယူခြင်းဖြစ်သည်။ ယင်းသို့စုစည်းရယူထားသည့်ငွေများဖြင့် ဦးစားပေးဆောင်ရွက်မည့် ပရောဂျက်များသို့ ထည့်ဝင်ခြင်းဖြစ်ပြီး အဆိုပါပရောဂျက်များမှ ဝင်ငွေများပြန်လည်ရရှိသည့်အချိန်တွင် ငွေကြေးထည့်ဝင်ထားသူများသို့ အကျိုးအမြတ် (Dividend) ကို ခွဲဝေပေးခြင်းဖြစ်ပါသည်။

အခြေခံအဆောက်အဦရန်ပုံငွေများကို စီမံခန့်ခွဲရန်အတွက် Trust Fund များ တည်ထောင်ခွင့်ပြုရပါသည်။ ယင်း Trust Fund များတည်ထောင်နိုင်ရေးနှင့် လုပ်ငန်းများဆောင်ရွက်နိုင်ရေးအတွက် နိုင်ငံတော်က Trust Law ကို ရေးဆွဲပြဋ္ဌာန်းပေးရပါသည်။ အဆိုပါ Trust Fund များသည် နိုင်ငံတော်က ဆောင်ရွက်မည့် အခြေခံအဆောက်အဦပရောဂျက်များအတွက် လိုအပ်သည့်ရန်ပုံငွေများကို တွက်ချက်ပေးခြင်း၊ ယင်းအတွက် လိုအပ်သည့်ပိုင်ဆိုင်မှု စီမံခန့်ခွဲခြင်းများကိုဆောင်ရွက်ပေးခြင်း၊ ပြည်တွင်းနှင့် ပြည်ပမှ တစ်ဦးချင်းနှင့် အဖွဲ့အစည်းအလိုက် ရင်းနှီးမြှုပ်နှံသူများသို့ ရှယ်ယာများရောင်းချပေးခြင်း၊ ရောင်းချ၍ရရှိလာသည့် ငွေကြေးများကို သတ်မှတ်ထားသည့် ပရောဂျက်များသို့ ခွဲဝေပေးခြင်း၊ ရောင်းချလိုက်သည့်ယူနစ်များကို စတော့အိတ်ချိန်းတွင် စာရင်းတင်သွင်းပေးခြင်း၊ ပရောဂျက်များမှ ပြန်လည်ရရှိသည့်ဝင်ငွေများကို ကောက်ခံပေးခြင်း၊ ကောက်ခံရရှိသည့်ငွေများကို စီမံခန့်ခွဲကာ ရှယ်ယာထည့်ဝင်ထားသူများသို့ အမြတ်ဝေစုများပေးဝေခြင်း စသည့်လုပ်ငန်းများကို ဆောင်ရွက်ပေးပါသည်။

နိုင်ငံတော်ကဆောင်ရွက်သည့် ပရောဂျက်အမျိုးအစားကို နှစ်မျိုးခွဲခြားထားပါသည်။ ပထမပရောဂျက်မှာ လုပ်ငန်းစီမံချက်အသစ်ဖြစ်ပြီး ယင်းကို Green-field Project ဟု ခေါ်ပါသည်။ နောက်အမျိုးအစားတစ်ခုမှာ Brown-field Project ဟုခေါ်သည့် မူလရှိပြီးဖြစ်သည့်ပရောဂျက်ကို ပိုမိုကြီးထွားလာအောင် ဆောင်ရွက်ခြင်းဖြစ်ပါ သည်။ ရင်းနှီးမြှုပ်နှံမှု ရန်ပုံငွေအဖွဲ့များကို စတော့အိတ်ချိန်းတွင် စာရင်းဝင်သည့် (Listed Infrastructure Fund) နှင့် စတော့အိတ်ချိန်းတွင် စာရင်းဝင်ထားခြင်းမရှိသည့် (Unlisted Infrastructure Fund) ဟူ၍ ခွဲခြားထားပါသည်။ ကမ္ဘာ့နိုင်ငံများရှိ ရန်ပုံငွေအများစုမှာ စတော့အိတ်ချိန်းတွင် စာရင်းမဝင်သည့် ရန်ပုံငွေအဖွဲ့များဖြစ်ပါသည်။ သို့သော် ထိုင်းနိုင်ငံ၏ ရန်ပုံငွေအဖွဲ့အားလုံးမှာ စတော့အိတ်ချိန်းတွင်စာရင်းဝင်ထားသည့် Listed Infrastructure Fund များဖြစ်ပါသည်။ ဤနေရာတွင် အိမ်နီးနားချင်း ထိုင်းနိုင်ငံ၏ အခြေခံအဆောက်အဦရန်ပုံငွေများ ထုတ်ဝေပုံကို အနည်းငယ်တင်ပြလိုပါသည်။

ထိုင်းနိုင်ငံသည် Investment Fund ကို ၂၀၁၃ ခုနှစ်မှစတင်ကာ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပြီး ယခုအခါ ရန်ပုံငွေအဖွဲ့ ငါးခုက ရင်းနှီးမြှုပ်နှံမှု ပရောဂျက်များအတွက် ငွေကြေးများကို စုစည်းပေးလျက်ရှိပါသည်။ ထင်ရှားသည့်လုပ်ငန်းများမှာ ထိုင်းနိုင်ငံ၏ မိုးပျံမိုနိုရထားလမ်းစီမံကိန်း (BTS-GIF) ဖြစ်ပြီး ယင်းစီမံကိန်းကို ၂၀၁၃ ခုနှစ် ဧပြီလ ၁၉ ရက်နေ့တွင် စတင်ခဲ့ကာ လိုအပ်သည့် ရန်ပုံငွေ ၁ ဒသမ ၈ ဘီလီယံဒေါ်လာကို အများပြည်သူသို့ ရှယ်ယာများ ကမ်းလှမ်းရောင်းချခြင်း (Initial Public Offering, IPO) ပြုလုပ်ကာ ဖြည့်တင်းခဲ့ပါသည်။ ရင်းနှီးမြှုပ်နှံသူများမှာ ပြည်တွင်းမှ ၈၂ ရာခိုင်နှုန်းနှင့် ပြည်ပမှ ၁၈ ရာခိုင်နှုန်းဖြစ်ပါသည်။

ဒုတိယစီမံကိန်းမှာ ဖိုင်ဘာအော့ပ်တစ်နက်ဝပ်နှင့် လှိုင်းကျယ်အင်တာနက်လုပ်ငန်းများဆောင်ရွက်သည့် JASIF ဖြစ်ပြီး ပရောဂျက်ကုန်ကျစရိတ် ၁ ဒသမ ၆ ဘီလီယံဒေါ်လာကို ၂၀၁၅ ခု ဖေဖေါ်ဝါရီလ ၁၆ ရက်နေ့တွင် အများပြည်သူသို့ ရှယ်ယာများ ကမ်းလှမ်းရောင်းချခဲ့ပါသည်။ ရင်းနှီးမြှုပ်နှံသူများမှာ ပြည်တွင်းမှ ၈၄ ရာခိုင်နှုန်းနှင့် ပြည်ပမှ ၁၆ ရာခိုင်နှုန်း ဖြစ်ပါသည်။

တတိယပရောဂျက်တစ်ခုမှာ ဘန်ကောက်မြောက်ဘက်ခြမ်း လျှပ်စစ်ဓာတ်အားစီမံချက်ဖြစ်ပြီး ယင်းပရောဂျက်အတွက်လိုအပ်သည့် ဒေါ်လာ ၀ ဒသမ ၈ ဘီလီယံကို ၂၀၁၅ ခု ဇူလိုင်လ ၁၃ ရက်တွင် အများပြည်သူသို့ ကမ်းလှမ်းရောင်းချခဲ့ပါသည်။ ရင်းနှီးမြှုပ်နှံသူများမှာ ပြည်တွင်းမှ ၉၉ ဒသမ ၇၈ ရာခိုင်နှုန်းဖြစ်ပါသည်။ ဆက်လက်၍ ထိုင်းအစိုးရအနေနှင့် အစိုးရ-ပြည်သူပူးပေါင်းဆောင်ရွက်သည့် (PPP) အစီအစဉ်ဖြင့် ဒေါ်လာဘီလီယံ ၄၀ တန်ဖိုးရှိ ပို့ဆောင်ရေး၊ တယ်လီကွန်း၊ ပညာရေး၊ ပြည်သူ့ကျန်းမာရေး အစရှိသည့် ပရောဂျက်ပေါင်း ၆၅ ခုကို ကာလလတ်စီမံကိန်း (၂၀၁၅ -၂၀၂၀) အဖြစ် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။

အခြေခံအဆောက်အဦဖွံ့ဖြိုးရေး ရန်ပုံငွေများတည်ထောင်ရာတွင် အဓိကတွန်းအားပေးရမည့် အချက်လေးချက်ရှိပါသည်။ ယင်းတို့မှာ-

(က) ဥပဒေကြောင်းဆိုင်ရာပံ့ပိုးပေးမှု ။ ။ ရှင်းလင်းပြတ်သားပြီး တစ်သမတ်တည်းရှိသည့်ဥပဒေများ၊ တူညီမျှတစွာ ယှဉ်ပြိုင်နိုင်သော အခွင့်အရေးများရှိမှု။

(ခ) အစိုးရ၏ ပံ့ပိုးမှု။ ။ ခိုင်မာသည့် အစိုးရ၏ပံ့ပိုးမှု၊ ကာလရှည်စီမံကိန်းများ ချမှတ်ထားမှုနှင့် စနစ်ကျသည့် ရသုံးခန့်မှန်းခြေ ငွေစာရင်းများရေးဆွဲထားမှု။

(ဂ) အခြေခံအဆောက်အဦရန်ပုံငွေ လိုအပ်ချက်ပမာဏ။ ။ နိုင်ငံတော်ကပေးနိုင်သည့်ပမာဏနှင့် အမှန်ဆောင်ရွက်လိုသည့် ပမာဏကွာဟချက် (Gap) ကြီးမားမှု၊ လုပ်ငန်းသစ် Green Field နှင့် ဆောင်ရွက်ဆဲလုပ်ငန်း Brown Field များ ခိုင်မာစွာရှိမှု။

(ဃ) အခွင့်အလမ်း။ ။ ပုဂ္ဂလိကကဏ္ဍကို လိုလိုလားလား ဖိတ်ခေါ်မှု၊ ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းသစ်များရရှိနိုင်မှုနှင့် ပြည်တွင်းမှ ငွေကြေးများ အလွယ်တကူ ရှာဖွေနိုင်မှုတို့ဖြစ်ပါသည်။

အခြေခံအဆောက်အဦရန်ပုံငွေများကို တည်ထောင်နိုင်ခြင်းဖြင့် နိုင်ငံတော်အစိုးရ၏ ဘဏ္ဍာရန်ပုံငွေ ဝန်ထုပ်ဝန်ပိုးများလျော့ကျသွားခြင်း၊ ဦးစားပေးအစီအစဉ်အလိုက် အခြေခံအဆောက်အဦများကို အချိန်မီတည်ဆောက်သွားနိုင်သဖြင့် ဖွံ့ဖြိုးတိုးတက်မှုနှုန်း လျင်မြန်စေခြင်း၊ အဆိုပါရန်ပုံငွေများကို ပြည်တွင်းနှင့် ပြည်ပက တစ်ဦးချင်းနှင့် အဖွဲ့အစည်းလိုက် ရင်းနှီးမြှုပ်နှံသူများထံမှ လွယ်ကူစွာ စုစည်းရယူနိုင်ခြင်း၊ ရန်ပုံငွေများကို ပရောဂျက်အမျိုအစားအသီးသီးတွင် ခွဲခြမ်းရင်းနှီးမြှုပ်နှံသဖြင့် ဆုံးရှုံးနိုင်ခြေ (Risk) များ လျော့ကျသွားစေခြင်း၊ ပရောဂျက်များ လျင်မြန်စွာဆောင်ရွက်နိုင်သဖြင့် ယင်းမှ ပြန်လည်ရရှိမည့် ဝင်ငွေများဖြင့် ရှယ်ယာထည့်ဝင်ထားသူများသို့ အမြတ်ဝေစုများ ပြန်လည်ပေးဝေနိုင်ခြင်း၊ နိုင်ငံတော်ဘဏ္ဍာရန်ပုံငွေဖြည့်တင်းမှု သက်သာသွားခြင်းကြောင့် ငွေဖောင်းပွမှုနှုန်း လျော့ကျသွားစေခြင်း စသည့်အကျိုးကျေးဇူးများကို ရရှိစေနိုင်ပါသည်။

နိုင်ငံတစ်ခုတွင် အခြေခံအဆောက်အဦ ရန်ပုံငွေများတည်ထောင်နိုင်ရေးအတွက် အောက်ပါအချက်များကို ဆောင်ရွက်သင့်ကြောင်း သုံးသပ်တင်ပြအပ်ပါသည်။

(၁) Infrastructure Fund များ တည်ထောင်ရာတွင် နိုင်ငံအတွင်း ခိုင်မာသည့်စတော့ဈေးကွက်၊ ငွေကြေးဈေးကွက်နှင့် ဥပဒေရေးရာပြဋ္ဌာန်းချက်များရှိရန် လိုအပ်ပါသည်။ မြန်မာနိုင်ငံတွင် စတော့အိတ်ချိန်းတည်ထောင်ပြီးဖြစ်သော်လည်း ပိုမိုသွက်လက်သည့်၊ ငွေဖြစ်လွယ်သည့်၊ ရင်းနှီးမြှုပ်နှံသူ အမျိုးအစားစုံလင်သည့် ဈေးကွက်ဖြစ်ပေါ်ရေးအတွက် ဆက်လက်ကြိုးပမ်းဆောင်ရွက်ရန် လိုအပ်ပါသည်။

(၂) မြန်မာနိုင်ငံအနေနှင့် Infrastructure Fund များတည်ထောင်ရန် အချိန်ယူဆောင်ရွက်ရဦးမည်ဖြစ်သော်လည်း လောလောဆယ်တွင် စတော့အိတ်ချိန်းသို့ စာရင်းဝင်ရန်ပြင်ဆင်နေသည့် အခြေခံအဆောက်အဦဆိုင်ရာ ကုမ္ပဏီများ (ဥပမာ – ရေအားလျှပ်စစ်၊ တယ်လီကွန်း၊ စီးပွားရေးဇုန် ) ရှိပါက နိုင်ငံတော်အနေနှင့် လိုအပ်သည့်ဘက်မှ ပံ့ပိုးကူညီပေးရန် လိုအပ်မည်ဖြစ်ပါသည်။

(၃) နိုင်ငံတော်အနေနှင့် မည်သည့်အခြေခံအဆောက်အဦဖွံ့ဖြိုးရေးလုပ်ငန်းများကို ဦးစားပေးဆောင်ရွက်မည်ဆိုသည့် လွှမ်းခြုံရေးသားထားသည့် စီမံချက်ရှိရန်လိုအပ်ပါသည်။အဆိုပါစီမံချက်များအတွက် ရန်ပုံငွေ မည်မျှကုန်ကျမည်ကို ကြိုတင်တွက်ချက်ထားရန် လိုအပ်ပါသည်။

(၄) အဆိုပါ Infrastructure Fund များ တည်ထောင်ရာတွင် လုံလောက်သည့် ပြည်တွင်းနှင့်ပြည်ပမှ အဖွဲ့အစည်းအလိုက် ရင်းနှီးမြှုပ်နှံသူများရှိရန် လိုအပ်ပါသည်။ ပြည်ပမှ ရင်းနှီးမြှုပ်နှံသူများ ဝင်ရောက်ရင်းနှီးနိုင်စေရန်အတွက် မြန်မာကုမ္ပဏီဥပဒေပါ ပြဋ္ဌာန်းချက်အချို့ကို ပြင်ဆင်ရန် လိုအပ်ပါသည်။

(၅) Trust Fund များ ၊ Asset Management Company များ တည်ထောင်နိုင်ရေး၊ Trust Law များ ရေးဆွဲပြဋ္ဌာန်းနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ရေးအဖွဲ့များ ဖွဲ့စည်းရန်လိုအပ်ပါသည်။

(၆) Infrastructure Fund များ၏ အကျိုးဖြစ်ထွန်းပုံ၊ လုပ်ငန်းစဉ်များကို အများပြည်သူသိရှိစေရေးအတွက် ပညာပေးရေးလုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ရန်လိုအပ်မည်ဖြစ်ပါသည်။

မြန်မာနိုင်ငံအနေနှင့် အခြေခံအဆောက်အဦရန်ပုံငွေများကို မဖြစ်မနေတည်ထောင်သွားရန် လိုအပ်မည်ဖြစ်ပါသည်။ ထိုသို့ဆောင်ရွက်နိုင်မှသာ နိုင်ငံတော်၏ မေခရိုစီးပွားရေးစနစ်များ တည်ငြိမ်ရေးနှင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အထောက်အကူပြုနိုင်မည်ဖြစ်ပါသည်။ အရင်းအနှီးဈေးကွက်၊ အခြေခံအဆောက်အဦရန်ပုံငွေများနှင့် အခြားလိုအပ်သည့် ဥပဒေရေးရာများကို ရေးဆွဲပြဋ္ဌာန်းရန်နှင့် အစိုးရ၏ ခိုင်မာသည့်ပံ့ပိုးမှုများ ပြုလုပ်ပေးရန် လိုအပ်မည်ဖြစ်ကြောင်း တင်ပြအပ်ပါသည်။

 

 

ထွန်းသက်ထွန်း

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *