တပ်သားသစ်အဖြစ် ခေါ်ဆောင်ခံရသည့် NLD ပါတီဝင်လေးဦးကို RCSS/SSA ပြန်လွှတ်ပေးမည်

ရန်ကုန်၊ ဇူလိုင် ၁၇

ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီတောင်ပိုင်းတပ်ဖွဲ့ (RCSS/SSA)မှ တပ်သားသစ်အဖြစ် ခေါ်ဆောင်ခြင်းခံခဲ့ရသော NLDပါတီဝင်လူငယ်လေးဦးကို ရက်ပိုင်းအတွင်း ပြန်လွှတ်ပေးမည်ဖြစ်ကြောင်း ရှမ်းပြည်နယ်(တောင်ပိုင်း) နမ့်စန်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီထံမှ စုံစမ်းသိရှိရသည်။

“အမြန်ဆုံး ပြန်လွှတ်ပေးမယ်လို့ သိရတယ်”ဟု နမ့်စန်မြို့နယ် NLDပါတီဥက္ကဋ္ဌ ဦးနေဇော်နိုင်က ဆိုသည်။

ရှမ်းပြည်နယ်(တောင်ပိုင်း) မိုင်းပန်မြို့နယ် ကုန်းကတ်ကျေးရွာမှ NLDပါတီဝင်လူငယ်လေးဦးကို ရှမ်း/တောင် RCSS/ SSA က ဇူလိုင်လ ၁၅ရက်နေ့ နံနက် ၅ နာရီခန့်တွင် ခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း၊ အသက် ၂၀ ၀န်းကျင်အရွယ်ရှိသော စိုင်းစွမ်လောင်၊ စိုင်းလှရွှေ၊ စိုင်းနိနှင့် စိုင်းရွှေအုန်းတို့ ခေါ်ဆောင်ခြင်းခံခဲ့ရကြောင်း နမ့်စန်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီထံမှ ထပ်မံစုံစမ်းသိရှိရသည်။

NLD လူငယ်များကို တပ်သားသစ်အဖြစ် စုဆောင်းခြင်းမှ ပြန်လွှတ်ပေးရန်အတွက် ဗိုလ်ချုပ်ကြီးရွက်ဆစ်၊ RCSS/SSA ကို လိပ်မူကာ ဇူလိုင်လ ၁၅ရက်နေ့တွင် မေတ္တာရပ်ခံစာ ထုတ်ပြန်တောင်းဆိုခဲ့ကြောင်း လင်းခေးခရိုင် NLD ပါတီ အတွင်းရေးမှူးဦးအောင်မြတ်စိုးက ပြောကြားသည်။

“ လူငယ်တွေကို လွှတ်ပေးဖို့ စာနဲ့ တရားဝင်တောင်းဆိုခဲ့တာပါ။ ကျွန်တော့်အနေနဲ့ ပါတီဝင်တွေကို ဥပဒေဘောင်အတွင်းက ကာကွယ်ပေးရမယ့် တာဝန်ရှိပါတယ်”ဟု ၄င်းက ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် ဗိုလ်ချုပ်ကြီးရွက်ဆစ်တို့ ငြိမ်းချမ်းရေးရရှိရန် ပူးပေါင်းဆောင်ရွက်နေမှုအပေါ် ပါတီနှင့် ပြည်သူများက ကြိုဆိုလျက်ရှိကြောင်း၊ ယခုအချိန်မှာ ငြိမ်းချမ်းရေးညီလာခံကျင်းပနေချိန်လည်းဖြစ်ပြီး ပြည်သူလူထုကလည်း ငြိမ်းချမ်းရေးအား အမှန်တကယ်လိုလားတောင်းတနေသည့်အချိန်ဖြစ်သောကြောင့် NLD ပါတီဝင်လူငယ်များကို အမြန်ဆုံးပြန်လွှတ်ပေးပါရန် လင်းခေးခရိုင် NLDပါတီက ဇူလိုင်လ ၁၅ ရက်နေ့က စာထုတ်ပြန် တောင်းဆိုခဲ့သည်။

ယခုကဲ့သို့ RCSS/SSA၏ တပ်သားသစ်စုဆောင်းမှုတွင် NLD ပါတီဝင်များပါ ပါဝင်ခေါ်ဆောင်သွားခံရခြင်းမှာ ပထမအကြိမ်ဖြစ်ကြောင်း နမ့်စန်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီထံမှ သိရသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ RCSS/SSA၏ ဖုန်းနံပါတ်များသို့ ဆက်သွယ်သော်လည်း ဖုန်းပြန်လည် ဖြေဆိုခြင်းမရှိပေ။

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *