ကမ္ဘာ့ဖလားရဲ့ ဧကရီ

၂၀၁၈ ခုနှစ် ရုရှားကမ္ဘာ့ဖလားပြိုင်ပွဲကြီးကတော့ ပြီးသွားခဲ့ပါပြီ။ ပြင်သစ်အသင်းက နှစ် ၂၀ ကြာပြီးနောက် သူတို့ရဲ့ ဒုတိယမြောက်ချန်ပီယံအဖြစ် ရုရှားမြေမှာ အောင်ပွဲခံခဲ့ပါတယ်။

ကမ္ဘာ့ဖလားပြိုင်ပွဲတိုင်းမှာ ဝင်ရောက်ယှဉ်ပြိုင်ကြတဲ့ နိုင်ငံလက်ရွေးစင်အသင်းတွေ၊ ကစားသမားတွေသာမက တခြားထူးထူးခြားခြားအရာတွေနဲ့ ပြောစမှတ်တွင် ကျန်ခဲ့တာတွေလည်း အမြဲလိုလို ရှိခဲ့ပါတယ်။

ဥပမာအားဖြင့် ၂၀၁၀ ကမ္ဘာ့ဖလားတုန်းက အနိုင်အရှုံးခန့်မှန်းမှုကြောင့် နာမည်ကြီးသွားတဲ့ ရေဘဝဲလေး ပေါလ်လို အဲဒီပြိုင်ပွဲရဲ့ Theme Song Waka Waka သီချင်းကြောင့် လူပိုသိသွားတဲ့ အဆိုတော် ရှကီရာတို့လိုမျိုးပေါ့။

ဒီနှစ် ၂၀၁၈ ခုနှစ် ကမ္ဘာ့ဖလားမှာလည်း ကစားသမားတွေ၊ ယှဉ်ပြိုင်ကြတဲ့အသင်းတွေထက် လူတွေရဲ့ စိတ်အာရုံကို ဖမ်းစားနိုင်ခဲ့သူတစ်ယောက် ပေါ်ထွက်လာပြန်ပါတယ်။

ဟုတ်ပါတယ် သူကတော့ ဒီနှစ်ကမ္ဘာ့ဖလားမှာ ပထမဆုံးအကြိမ် ဗိုလ်လုပွဲရောက်ခဲ့တဲ့ ခရိုအေးရှားနိုင်ငံရဲ့ သမ္မတပဲဖြစ်ပါတယ်။ ငယ်ရွယ်နုပျိုတဲ့ အမျိုးသမီးသမ္မတဖြစ်ရုံသာမက ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ခရိုအေးရှားလက်ရွေးစင်အသင်းဂျာစီကိုဝတ်ပြီး အရူးအမူးအားပေးခဲ့တဲ့ သူ့ရဲ့ပုံရိပ်တွေကြောင့်ပဲဖြစ်ပါတယ်။ ဒါ့အပြင် သူ့ရဲ့ ပြင်ပလူနေမှုပုံစံထဲက ရေကူးဝတ်စုံနဲ့ ပုံရိပ်များကြောင့်လည်း တစ်စိတ်တစ်ပိုင်း ပါဝင်ပါတယ်။ ဒါကြောင့် ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ ဧကရီအဖြစ် လူအများရဲ့ အာရုံစိုက်မှုကို ရယူသိမ်းပိုက်ခဲ့ပါတယ်။
သူ့အကြောင်း လေ့လာမိသလောက် အကျဉ်းချုပ်ဖော်ပြချင်ပါတယ်။

သူ ဘယ်သူလဲ

နာမည်အပြည့်အစုံ Kolinda Grabar Kitarovi- ကိုလင်ဒါ ဂရေဘာ ကီတာရိုဗီလို့အမည်ရတဲ့ သူ့ကို ၁၉၆၈ ဧပြီလ ၂၉ ရက်မှာ မွေးဖွားခဲ့ပါတယ်။ မွေးဇာတိကတော့ အဲဒီအချိန်က ယူဂိုဆလားဗီးယားပြည်ထောင်စုရဲ့ အစိတ်အပိုင်းဖြစ်ခဲ့တဲ့ ခရိုအေးရှားနိုင်ငံ၊ ရီဂျီကာမြို့ဖြစ်ပါတယ်။

ပညာရေး

၁၉၉၃ ခုနှစ်မှာ ဇာဂရက် တက္ကသိုလ်ကနေ အင်္ဂလိပ်နဲ့ စပိန် ဘာသာဗေဒ ဝိဇ္ဇာဘွဲ့ကို ရရှိခဲ့ပါတယ်။ ၁၉၉၅ မှ ၉၆ ထိ ဗီယင်နာသံတမန်ရေးရာကျောင်းမှာ ဒီပလိုမာသင်တန်းတက်ခဲ့ပါတယ်။ ၂၀၀၀ ခုနှစ်မှာတော့ ဇာဂရက်တက္ကသိုလ်ကနေ နိုင်ငံတကာဆက်ဆံရေး မဟာဘွဲ့ရရှိခဲ့ပါတယ်။

၂၀၀၂ ကနေ ၂၀၀၃ ထိ ဂျော့ဝါရှင်တန်တက္ကသိုလ်မှာ Fulbright Scholar အနေနဲ့ တက်ရောက်ခဲ့ပါတယ်။ ဟားဗက်တက္ကသိုလ် Kennedy School of Governance မှာလည်း Visiting Scholar အဖြစ် တက်ရောက်ဖို့ Luksic Fellowship ကို ရရှိခဲ့ပါတယ်။ ၂၀၁၅ ခုနှစ်မှာတော့ သူ့ရဲ့ နိုင်ငံတကာဆက်ဆံရေးပါရဂူဘွဲ့ကို စတင်ပြုစုလေ့လာနေတယ်လို့ သိထားရပါတယ်။ သူဟာ ခရိုအေးရှား၊ အင်္ဂလိပ်၊ စပိန်နဲ့ ပေါ်တူဂီဘာသာစကားတွေကို ကျွမ်းကျင်စွာပြောဆိုနိုင်ပြီး ပြင်သစ်နဲ့ ဂျာမန်စကားတွေကိုလည်း အတန်အသင့် နားလည်ပါတယ်။

မိသားစုဘဝ

ဂရေဘာ ကီတာရိုဗီဟာ နိုင်ငံရေးလောကထဲ စတင်ဝင်ရောက်တဲ့ အစောပိုင်းကာလ ၁၉၉၆ ခုနှစ်မှာ သူ့ရဲ့ခင်ပွန်း ဂျက်ကော့ ကီတာရိုဗီနဲ့ လက်ထပ်ခဲ့ပါတယ်။ သူ့ခင်ပွန်းကလည်း သမ္မတရွေးလောင်းတစ်ဦး ဖြစ်ခဲ့ဖူးပါတယ်။ သူတို့မှာ ကက်ထရီနာဆိုတဲ့ သမီး (၂၀၀၁ ခုနှစ် မွေး)နဲ့ လုကာဆိုတဲ့ သား(၂၀၀၃ ခုနှစ်မွေး) တို့ ထွန်းကားခဲ့ပါတယ်။

နိုင်ငံရေးလောက

ဂရေဘာဟာ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမှာ ခရိုအေးရှားနိုင်ငံရဲ့ စတုတ္ထမြောက် သမ္မတဖြစ်လာခဲ့ပါတယ်။ သူဟာ ခရိုအေးရှားနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီးသမ္မတလည်း ဖြစ်ပါတယ်။ ခရိုအေးရှားနိုင်ငံရဲ့ သမ္မတသက်တမ်းက ငါးနှစ်ဖြစ်ပါတယ်။

သမ္မတမဖြစ်ခင်မှာတော့ သူဟာ ခရိုအေးရှားနိုင်ငံရဲ့ ဥရောပရေးရာဝန်ကြီး (၂၀၀၃ မှ ၂၀၀၅)၊ နိုင်ငံခြားရေးနှင့် ဥရောပရေးရာဝန်ကြီး (၂၀၀၅ မှ ၂၀၀၈)၊ အမေရိကန်နိုင်ငံဆိုင်ရာ သံအမတ် (၂၀၀၈ မှ ၂၀၁၁)၊ မြောက်အတ္တလန္တိတ်စာချုပ်အဖွဲ့ – NATO ရဲ့ ပြည်သူ့ဆက်ဆံရေး လက်ထောက်အထွေထွေအတွင်းရေးမှူးချုပ် (၂၀၁၁ မှ ၂၀၁၄) တို့အဖြစ် အသီးသီး တာဝန်ထမ်းဆောင်ခဲ့တာ ဖြစ်ပါတယ်။

၂၀၁၈ ကမ္ဘာ့ဖလား အုပ်စုပွဲတွေအပြီး ခရိုအေးရှားအသင်းရဲ့ရှုံးထွက်ပွဲတိုင်းကို လာအားပေးခဲ့တဲ့ သူဟာ အင်္ဂလန်နဲ့ ကစားခဲ့တဲ့ အကြိုဗိုလ်လုပွဲကိုတော့ အားမပေးဖြစ်ခဲ့ပါဘူး။ အကြောင်းကတော့ ဘယ်လ်ဂျီယံနိုင်ငံ၊ ဘရပ်ဆဲလ်မြို့မှာ ကျင်းပတဲ့ NATO အဖွဲ့ရဲ့ ထိပ်သီးအစည်းအဝေး တက်ရောက်နေခဲ့ရတာကြောင့်ဖြစ်ပါတယ်။

လူမှုရေးပေါ်လစီ

ဂရေဘာဟာ ရိုမန်ကက်သလစ်ဘာသာကို သက်ဝင်ယုံကြည်သူဖြစ်ပေမယ့် လိင်တူချစ်သူများကို ထောက်ခံပေးတဲ့သူတစ်ယောက်ဖြစ်ပြီး ကိုယ်ဝန်ဖျက်ချခွင့်ကိုလည်း ထောက်ခံသူဖြစ်ပါတယ်။ ကမ္ဘာ့လုံခြုံရေးနဲ့ သဘာဝပတ်ဝန်းကျင်အတွက် ရာသီဥတုပြောင်းလဲမှု အန္တရာယ်ကို အစိမ်းရောင်ကနဦးလှုပ်ရှားမှုများနဲ့ ထောက်ပံ့ပေးဖို့ သူကပြောဆိုခဲ့ဖူးပါတယ်။ ၂၀၁၆ ခုနှစ်က နယူးယောက်မြို့ ကုလသမဂ္ဂရုံးချုပ်မှာပြုလုပ်ခဲ့တဲ့ ပဲရစ်သဘောတူညီမှုစာချုပ်မှာ ဂရေဘာ လက်မှတ်ရေးထိုးခဲ့ပါတယ်။ ကုလသမဂ္ဂမှာ မိန့်ခွန်းပြောကြားခဲ့စဉ်က ရာသီဥတုပြောင်းလဲမှုတွေဟာ လူအစုလိုက်အပြုံလိုက်သေစေတဲ့ အင်အားပြင်းလက်နက်ဖြစ်တယ်လို့ သူက ဆိုခဲ့ဖူးပါတယ်။

မင်းမင်းစံ (၁၇.၇.၂၀၁၈)

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *