မြန်မာ့စီးပွားရေး အစိုးရတွင်တက်၍ ပုဂ္ဂလိကတွင် ကျနေသည်

ကမ္ဘာကြီးသည် ကျောင်းတွင်လုံး၍ အိမ်တွင်ပြားပါသည်ဆိုသော စကားတစ်ခုမှာထင်ရှားသည်။

ယခုလည်း မြန်မာ့စီးပွားရေးမှာ အစိုးရတွင်တက်၍ ပုဂ္ဂလိကတွင် ကျနေသည့်အနေအထားမျိုးဖြစ်နေသည်။

မြန်မာ့စီးပွားရေး တိုးတက်မှုရှိ မရှိကို တိုင်းတာသည့်စံနှုန်းများရှိပြီး ပြီးခဲ့သည့်ဘဏ္ဍာနှစ်တွင် စီးပွားရေးတိုးတက်မှုနှုန်း (ဂျီဒီပီတိုးတက်မှုနှုန်း) ၆ ဒသမ ၈ ရာခိုင်နှုန်းရှိကြောင်း စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းကဆိုသည်။

တိုးတက်မှုနှုန်းအားဖြင့် စီးပွားရေးတက်နေသော်လည်း စီးပွားရေးလုပ်ငန်းများလည်ပတ်ရာတွင် အထစ်အငေါ့များရှိနေသည့်အတွက် စီးပွားရေးကျပ်တည်းနေခြင်းသာဖြစ်ကြောင်း ၎င်းက ဇူလိုင်လ ၂၅ ရက်နေ့ကပြုလုပ်သော ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် မီဒီယာများကိုဖြေကြားခဲ့သည်။

အဆိုပါ အထစ်အငေါ့များဆိုသည်မှာ အဘယ်နည်း။ မြန်မာ့စီးပွားရေးမှာ အမှန်တကယ် ကျဆင်းနေပြီလား။

နှစ်အလိုက် မြန်မာ့စီးပွားရေးတိုးတက်မှုနှုန်းမှာ ကမ္ဘာ့တိုးတက်မှုအများဆုံး နိုင်ငံများစာရင်းတွင်ပါဝင်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှုတိုးမြှင့်ရန် မကြာသေးမီက ပြုလုပ်သွားသည့် Myanmar Insight 2018 ဟောပြောပွဲတွင် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်ဥက္ကဋ္ဌ ဦးသောင်းထွန်းကပြောကြားခဲ့သည်။

ပြီးခဲ့သည့် ဘဏ္ဍာနှစ် ငါးနှစ်တာအတွင်း ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်တွင် ဂျီဒီပီတိုးတက်မှုနှုန်း ၈ ဒသမ ၄ ရာခိုင် နှုန်းဖြင့် အမြင့်ဆုံးဖြစ်ခဲ့ပြီး ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် ၅ ဒသမ ၉ ရာခိုင်နှုန်းဖြင့် အနိမ့်ဆုံးဖြစ်ခဲ့သည်။

ယမန်ဘဏ္ဍာနှစ်တွင်မူ ဂျီဒီပီတိုးတက်မှုနှုန်း မူလခန့်မှန်းချက် ၇ ရာခိုင် နှုန်းအောက်လျော့နည်းကာ ၆ ဒသမ ၈ ရာခိုင်နှုန်းတိုးတက်ခဲ့ကြောင်း စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၏ စာရင်းများအရ သိရသည်။

လက်ရှိ ခြောက်လသက်တမ်း ၂၀၁၈ ဘဏ္ဍာနှစ်အတွက် စီးပွားရေးတိုးတက်မှုနှုန်းကို ၇ ဒသမ ၂ ရာခိုင်နှုန်း ရရှိနိုင်ရန် ခန့်မှန်းထားကြောင်း အဆိုပါဌာနက ထုတ်ပြန်ထားသည်။

စုစုပေါင်း ပြည်တွင်းထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုတန်ဖိုး (ဂျီဒီပီ) တိုးတက်မှုနှုန်းအရကြည့်မည်ဆိုလျှင် မြန်မာ့စီးပွားရေးမှာ ယမန်နှစ်ထက် ပိုမိုတိုးတက်လာမည်ဖြစ်ကြောင်း အစိုးရက ကြေညာလိုက်ခြင်းဖြစ်သည်။

ဤသို့ဆိုလျှင် မြန်မာ့စီးပွားရေး တက်နေသည်လား။

“အန်ကယ့်အမြင်မှာတော့ စီးပွားရေးက နှေးကွေးသွားတယ်။ မူဝါဒကြောင့်လား၊ လုပ်ငန်းရှင်တွေကြောင့်လား။ အကြောင်းတစ်ခုခုတော့ ရှိမှာပေါ့လေ” ဟု ထွန်းကော်မာရှယ်ဘဏ် အပါအဝင် မီဒီယာလုပ်ငန်း၊ အဖျော်ယမကာလုပ်ငန်း၊ အိမ်ခြံမြေလုပ်ငန်း၊ ဖြန့်ချိရေးလုပ်ငန်း စသည့် လုပ်ငန်းနယ်ပယ်ပေါင်းစုံတွင် လုပ်ကိုင်နေသူ ပြည်တွင်းလုပ်ငန်းရှင် ဦးသိန်းထွန်းကဆိုသည်။

လုပ်ကိုင်နေသည့် လုပ်ငန်းနယ်ပယ်များစွာအနက် ထွန်းကော်မာရှယ်ဘဏ်နှင့် ထွန်းဖောင်ဒေးရှင်းငွေရေးကြေးရေးကုမ္ပဏီနှစ်ခုသာ အမြတ်အစွန်းရနေပြီး ကျန်လုပ်ငန်းများမှာ လက်ရှိအခြေအနေတွင် တောင့်ခံနေရသည့် အခြေအနေဖြစ်ကြောင်း Forbes မဂ္ဂဇင်းနှင့် အင်တာဗျူးတွင်လည်း ဦးသိန်းထွန်းက ဖြေဆိုထားသည်။

တိုင်းပြည်စီးပွားရေးဖွံဖြိုးမှုကို အစိုးရက ဂျီဒီပီတိုးတက်မှုဖြင့် တိုင်းတာနေသော်လည်း ပြည်တွင်းလုပ်ငန်းအများစုမှာ ယခင်နှစ်များထက် စီးပွားရေးလုပ်ကိုင်ရ ပိုမိုခက်ခဲလာကြောင်း ညည်းညူနေကြသည်။

ဂျီဒီပီတိုးတက်မှုနှုန်းတစ်ခုတည်းဖြင့် တိုင်းပြည်စီးပွားရေး အမှန်တကယ် တိုးတက်ခြင်းရှိမရှိကို အတိအကျပြောရန် မဖြစ်နိုင်ကြောင်း ဝါရင့်ဘဏ်နှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကျွမ်းကျင်ပညာရှင် ဦးဂျော့ခ်ျစိုးဝင်းက မှတ်ချက်ပေးသည်။

“ဂျီဒီပီတစ်ခုတည်းကြည့်ပြီး ပြောလို့မရဘူး။ တခြားစီးပွားရေးနဲ့ဆိုင်တဲ့အချက်တွေ အများကြီးရှိသေးတယ်။ ဂျီဒီပီတိုးနှုန်း ဘယ်လောက်ရှိတယ်ဆိုတာ အရေးမကြီးဘူး။ အန်ကယ့်အမြင်ကတော့ တစ်ဦးချင်း ပျမ်းမျှဝင်ငွေ၊ ထုတ်လုပ်နိုင်မှုတန်ဖိုးတွေ ဘယ်လောက်တက်သလဲဆိုတာ ပိုအရေးကြီးတယ်” ဟု ၎င်းကဆိုသည်။

မြန်မာနိုင်ငံ၏ တစ်ဦးချင်းပျမ်းမျှ အသားတင်ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုတန်ဖိုး (Per Capita GDP) မှာ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် တစ်နှစ် ကျပ် ၁၇ သိန်းခန့်ရှိပြီး ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်ထက် ၁၃ ဒသမ ၅ ရာခိုင်နှုန်းခန့် ပိုမိုမြင့်တက်လာကြောင်း စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနက ထုတ်ပြန်သော စာရင်းများအရ သိရသည်။

ပြီးခဲ့သည့် ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်မှ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အထိ လေးနှစ်အတွင်း တစ်ဦးချင်းပျမ်းမျှ အသားတင်ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုတန်ဖိုးမှာ ကျပ်လေးသိန်းခွဲ၊ ၃၆ ဒသမ ၂၁ ရာခိုင်နှုန်းခန့် မြင့်တက်လာသည်။

တစ်ဖက်တွင်မူ ထိုလေးနှစ်အတွင်း မြန်မာကျပ်ငွေတန်ဖိုး ကျဆင်းမှုမှာလည်း ဗဟိုဘဏ်ရည်ညွှန်းနှုန်းအရ ၃၆ ဒသမ ၂၁ ရာခိုင်နှုန်းပင် ဖြစ်နေသည်။

တိုင်းပြည်စီးပွားရေး ဖွံဖြိုးတိုးတက်မှုကို နိုင်ငံခြားငွေလဲနှုန်း၊ ငွေကြေးဖောင်းပွမှုနှုန်း၊ ဘတ်ဂျက်ပိုငွေလိုငွေ၊ ကုန်သွယ်မှုပိုငွေလိုငွေ စသည့် စီးပွားရေးဆိုင်ရာ အရေးကြီးကိန်းဂဏန်းများကိုလည်း ထည့်သွင်းစဉ်းစားရမည်ဖြစ်ကြောင်း ဦးဂျော့ခ်ျစိုးဝင်းကဆိုသည်။

စီးပွားရေးလုပ်ကိုင်ရခက်ခဲခြင်း၊ အခွန်အတုပ်ဝန်ပိခြင်း၊ စီးပွားရေးကျပ်တည်းလာခြင်း၊ ငွေကြေးအရင်းအနှီး အလုံအလောက်မရခြင်းစသည့် အတားအဆီး အခက်အခဲများကို လုပ်ငန်းရှင်များက ထောက်ပြကြသည်။

ပြည်တွင်းစီးပွားရေးလုပ်ငန်း ၁၅၀၀ ခန့်ကို စစ်တမ်းကောက်ထားသည့် အချက်အလက်များအရ စီးပွားရေးလုပ်ငန်း အခြေအနေကျဆင်းနေသည်ဟုဖြေဆိုမှု မှာ ၁၂ ရာခိုင်နှုန်းရှိပြီး အတက်အကျမရှိ တန့်နေသည်ဆိုသော ဖြေဆိုမှုမှာ ၅၄ ရာခိုင်နှုန်းရှိကြောင်း Business Sentiment Survey အစီရင်ခံစာတွင် ဖော်ပြထားသည်။

အဆိုပါစစ်တမ်းကို မြန်မာနိုင်ငံ ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်နှင့် မြန်မာမားကက်တင်းသုတေသနနှင့်ဖွံဖြိုးရေးကုမ္ပဏီ (MMRD) တို့ ပူးပေါင်းကောက်ယူထားခြင်းဖြစ်သည်။

ယင်းအပြင် လာမည့်တစ်နှစ်အတွင်း စီးပွားရေးလုပ်ငန်းများ တိုးတက်မှုအပေါ် ယုံကြည်မှုတွင်လည်း ၂၆ ရာခိုင်နှုန်းက ယုံကြည်မှုမရှိကြောင်း ဖြေဆိုထားပြီး လုပ်ငန်းတိုးတက်လာနိုင်မှုအပေါ် ယုံကြည်မှုကျဆင်းနေခြင်းကို အဆိုပါစစ်တမ်းက ဖော်ပြထားသည်။

စီးပွားရေးအခြေအနေ မကောင်းရသည့် အကြောင်းအချက်များတွင် အခွန်အကောက်နှုန်းများ ရှိသင့်သည်ထက် များပြားနေမှု၊ ငွေကြေးအရင်းအနှီးနှင့် ချေးငွေရယူနိုင်မှု၊ ကျပ်ငွေတန်ဖိုးကျဆင်းမှု၊ ဥပဒေ၊ စည်းမျဉ်းစည်းကမ်းများ မကြာခဏ ပြောင်းလဲမှုတို့က အဓိကအကြောင်းအရာများဖြစ်ကြောင်း စီးပွားရေးလုပ်ငန်းများက ဖြေဆိုကြသည်။

ပြည်တွင်းစီးပွားရေးလုပ်ငန်းများ၏ လုပ်ငန်းတိုးတက်မှုအပေါ် ယုံကြည်ချက် ကျဆင်းနေခြင်းနှင့် မြန်မာ့စီးပွားရေး နှေးကွေးမှုကြောင့် အနုတ်လက္ခဏာအမြင်များ တဖြည်းဖြည်းတိုးလာနေခြင်းဖြစ်သည်။

ကုန်စည်၊ ဝန်ဆောင်မှုများကို ယခင်ထက် ပိုမိုလွတ်လပ်စွာ စီးဝင်ခွင့်ပြုလိုက်ချိန်တွင် ပြည်တွင်းထုတ်ကုန် များများစားစား မရှိသည့်အချက်မှာလည်း ပြည်တွင်းလုပ်ငန်းများအတွက် ထိုးနှက်ချက်တစ်ခုဖြစ်ကြောင်း စီးပွားရေးလုပ်ငန်းရှင် ဦးမြတ်သင်းအောင်ကဆိုသည်။

စိုက်ပျိုးရေးအခြေခံ မြန်မာနိုင်ငံတွင် စိုက်ပျိုးရေးထွက်ကုန်များ အထွက်နှုန်းတိုးတက်ရေး ဦးစွာဆောင်ရွက်ပြီး ယင်းစိုက်ပျိုးရေးထွက်ကုန်များကို တန်ဖိုးမြင့်ထုတ်ကုန်များအဖြစ် ပြောင်းလဲထုတ်လုပ်နိုင်မှသာ ယှဉ်ပြိုင်နိုင်စွမ်းရှိကာ ပြည်တွင်းလုပ်ငန်းများ အခြေအနေကောင်းမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

မြန်မာနိုင်ငံ၏ ထွက်ကုန်အမျိုးအစားနှင့် ပမာဏမှာလည်း အနည်းငယ်သာရှိသည့်အပြင် ထုတ်လုပ်နိုင်စွမ်းမှာလည်း နည်းပါးနေသည်။

“ ပြည်တွင်းမှာ လုပ်နေသူတွေရဲ့ ထုတ်လုပ်နိုင်စွမ်းကလည်း တခြားနိုင်ငံတွေနဲ့ယှဉ်ရင် နည်းတယ်။ ဥပမာ စပါးစိုက်တာချင်းအတူတူ မျိုးလည်းမကွာဘဲ တစ်ဧကထွက်နှုန်းမှာ သူများတွေထက် အများကြီးနည်းနေတယ်။ တစ်ဦးချင်း ထုတ်လုပ်နိုင်စွမ်းတွေ မြင့်လာအောင်လုပ်ဖို့ အရေးကြီးတယ်”ဟု ဦးမြတ်သင်းအောင်ကပြောသည်။

မြန်မာ့ထွက်ကုန် နည်းပါးသောကြောင့်ပင် ပြည်တွင်းစီးပွားရေးမှာ အကြမ်းမခံနိုင်သည့် အခြေအနေဖြစ်နေရသည်။

ထွက်ကုန်နည်းပါးပြီး သွင်းကုန်များပြားသည့်အတွက် ငွေလဲနှုန်းအတက်အကျကြမ်းသည့် ယခုလိုအချိန်မျိုးတွင် မြန်မာ့စီးပွားရေး အသက်ရှူကျပ်လာခြင်းဖြစ်သည်။

“ ငွေလဲနှုန်း ဂယက်ကလည်း ရှိနေတယ်။ ကိုယ့်တစ်ကိုယ်ရည်သုံးနေတာကို ကြည့်ရင်တောင် ဘယ်လောက် အချိုးအဆက သွင်းကုန်တွေလဲဆိုတာ သိသာနေတာပဲ”  ဟု ဒေါက်တာသီတာကြူကဆိုသည်။

ငွေလဲနှုန်းအတက်ကြမ်းသည့်နောက်တွင် ကပ်ပါလာသည်က ကုန်ဈေးနှုန်းကြီးမြင့်မှုဖြစ်သည်။

စီးပွားရေးကျဆင်းနေသည်ဆိုသော အမြင်များရှိနေသည့်အပြင် တစ်ဖက်တွင် ပြည်ပထုတ်ကုန်များကို မှီခိုအားထားစားသုံးနေရသည့် မြန်မာနိုင်ငံအတွက် ငွေလဲနှုန်းမြင့်တက်မှု ဂယက်က ကုန်ဈေးနှုန်းကို အကြီးအကျယ် ရိုက်ခတ်လာတော့မည်ဖြစ်သည်။

သို့သော် ရန်ကုန်မြို့တော်တွင် ကုန်ဈေးနှုန်းများမြင့်တက်ခြင်းမရှိကြောင်း ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက သတင်းမီဒီယာ အင်တာဗျူးတစ်ခုတွင် မကြာသေးမီကဖြေကြားထားသည်။

ပြည်ထောင်စုအဆင့် အစိုးရကထုတ်ပြန်သော တရားဝင်ကိန်းဂဏန်းများကိုကြည့်လျှင်မူ ကုန်ဈေးနှုန်းများမြင့်တက်လာပြီး ငွေကြေးဖောင်းပွမှုလည်းမြင့်လာကြောင်း ဗဟိုစာရင်းအင်းအဖွဲ့၏ လအလိုက် အစီရင်ခံစာများအရ သိရသည်။

ပြီးခဲ့သည့် ဇွန်လကုန်တွင် တစ်နိုင်ငံလုံးအတိုင်းအတာ ကုန်ဈေးနှုန်းမြင့်တက်မှုမှာ မသိသာသော်လည်း ရန်ကုန်၊ မန္တလေးကဲ့သို့ မြို့ကြီးပြကြီးများတွင် ကုန်ဈေးနှုန်းသိသိသာသာ မြင့်တက်လာကြောင်း ဗဟိုစာရင်းအင်းအဖွဲ့ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဝါဝါမောင်ကဆိုသည်။

ယခုနှစ် မတ်လတွင် စားသုံးသူ ဈေးဆနှုန်း (CPI) မှာ ၁၃၉ ဒသမ ၁၁ ရှိရာမှ ဇွန်လတွင် ၁၄၁ ဒသမ ၁၃ သို့ မြင့်တက်ခဲ့ပြီး CPI မြင့်တက်မှုမှာ သုံးလအတွင်း ၁ ဒသမ ၅ ရာခိုင်နှုန်းရှိကြောင်း ဗဟိုစာရင်းအဖွဲ့က လစဉ်ထုတ်ပြန်သော စားသုံးသူဈေးဆနှုန်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

ထို့အတူ ယခုနှစ် မတ်လတွင် ပျမ်းမျှငွေကြေးဖောင်းပွမှုနှုန်းမှာ ၄ ဒသမ ၀၃ ရာခိုင်နှုန်းရှိရာမှ ဇွန်လတွင် ၄ ဒသမ ၅၈ ရာခိုင်နှုန်းသို့ မြင့်တက်လာသည်။

အစားအစာအုပ်စုနှင့် လောင်စာဆီဈေးနှုန်းများ မပါဝင်သော ငွေကြေးဖောင်းပွမှုနှုန်း (Core Inflation) မှာလည်း ယခုနှစ် မတ်လတွင် ၃ ဒသမ ၈၃ ရာခိုင်နှုန်းမှ ဇွန်လတွင် ၄ ဒသမ ၃၇ ရာခိုင်နှုန်းသို့မြင့်တက်လာကြောင်း ဗဟိုစာရင်းအင်းအဖွဲ့၏ လအလိုက် အစီရင်ခံစာများအရ သိရသည်။

နှစ်အလိုက် ငွေကြေးဖောင်းပွမှုနှုန်းမှာ ၂၀၁၇ ခုနှစ် ဇွန်လတွင် ၂ ဒသမ ၉၂ ရာခိုင်နှုန်းသာရှိသော်လည်း ယခုနှစ် ဇွန်လတွင် ၆ ဒသမ ၄၅ ရာခိုင်နှုန်းအထိ မြင့်တက်လာကြောင်း ဗဟိုစာရင်းအင်းအဖွဲ့က ထုတ်ပြန်ထားသည်။

ရန်ကုန်တိုင်းဒေသကြီး၏ စားသုံးသူဈေးဆနှုန်း (ကုန်ဈေးနှုန်း) မှာ ယမန်နှစ် ဇွန်လတွင် ၁၂၇ ဒသမ ၈၁ ရှိရာမှ ယခုနှစ် ဇွန်လအတွင်း ၁၃၅ ဒသမ ၂၆ သို့ မြင့်တက်လာပြီး ၆ ရာခိုင်နှုန်းနီးပါး မြင့်တက်လာကြောင်း ဗဟိုစာရင်းအင်းအဖွဲ့၏ ယခုနှစ် ဇွန်လအစီရင်ခံစာတွင် ဖော်ပြထားသည်။

မြန်မာ့စီးပွားရေးသည် အစိုးရတွင်တက်၍ ပုဂ္ဂလိကတွင်ကျနေသည့်နည်းတူ ကုန်ဈေးနှုန်းမှာ ရန်ကုန်မြို့တွင်မတက်ဘဲ ဗဟိုစာရင်းအင်းအဖွဲ့တွင် မြင့်တက်နေသည်ကိုတွေ့ရပြန်သည်။

ကမ္ဘာ့ဘဏ်၊ အာရှဖွံဖြိုးရေးဘဏ်တို့ကဲ့သို့ နိုင်ငံတကာအဖွဲ့အစည်းကြီးများ၏ မြန်မာ့စီးပွားရေးအပေါ် ခန့်မှန်းချက်၊ ရှုမြင်ချက်များမှာမူ အကောင်းဘက်တွင်ရှိနေသည်။

မြန်မာအစိုးရ၏ စီးပွားရေးတိုးတက်မှုနှုန်း ခန့်မှန်းချက်နည်းတူ မတိမ်းမယိမ်း ခန့်မှန်းထားကြသည်။

ကမ္ဘာ့ဘဏ်က ယခုနှစ် မေလတွင်ထုတ်ပြန်သော မြန်မာ့စီးပွားရေး စောင့်ကြည့်အစီရင်ခံစာတွင် မသေချာမှုများကြားမှ ဖွံဖြိုးတိုးတက်မှုဟု မြန်မာ့စီးပွားရေးကို ခေါင်းတပ်ထားသည်။

အထူးသဖြင့် ရခိုင်ပြည်နယ်အရေး၊ လျော့နည်းလာသော နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဝင်ရောက်မှုနှင့် ဘဏ်လုပ်ငန်းကဏ္ဍ၏စိန်ခေါ်မှုများမှာ မြန်မာ့စီးပွားရေး အဓိကရင်ဆိုင်ရမည့် အချက်များဖြစ်ကြောင်း အဆိုပါအစီရင်ခံစာတွင် ဖော်ပြထားသည်။

“ရခိုင်အရေးက အန်ကယ်တို့ရဲ့နိုင်ငံပုံရိပ်ကို ထိခိုက်စေပြီး စီးပွားရေးမှာပါ သက်ရောက်မှုတွေရှိခဲ့တယ်” ဟု ထွန်းကော်မာရှယ်ဘဏ်ဥက္ကဋ္ဌ ဦးသိန်းထွန်းကမှတ်ချက်ပေးသည်။

ပြီးခဲ့သည့် ဘဏ္ဍာနှစ် ၂ နှစ်အတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအသစ် ခွင့်ပြုရမှုမှာလည်း လျော့နည်းခဲ့ပြီး ငွေကြေးဈေးကွက်တွင်လည်း မြန်မာကျပ်ငွေတန်ဖိုးမှာ အမေရိကန်ဒေါ်လာနှင့်ယှဉ်လျှင် အကျကြမ်းနေသည်။

ယခုလိုကာလမျိုးတွင် ပြည်သူ၏ မြန်မာ့စီးပွားရေးအပေါ် ရှုမြင်ပုံမှာ အရေးကြီးလာသည်။

“စီးပွားရေးမကောင်းတော့ဘူးလို့ပြောရင် လူတွေကကြောက်ပြီး ပိုပြီးတော့ ၀ရုန်းသုန်းကား ပိုဖြစ်တတ်တယ်။ လူတွေရဲ့ Expectation ကို သတိထားရမယ်”ဟု မိတ္ထီလာစီးပွားရေးတက္ကသိုလ် ဒုတိယ ပါမောက္ခချုပ် ဒေါက်တာသီတာကြူကဆိုသည်။

အမှန်တကယ်တွင် မြန်မာ့စီးပွားရေးမှာ ကျဆင်းနေခြင်းမဟုတ်ဘဲ စီးပွားရေးတိုးတက်မှုနှုန်း နှေးကွေးခြင်းနှင့် ယခင်နှစ်များဖြင့် နှိုင်းယှဉ်လျှင် လျှော့နည်းခြင်းမျိုးသာ ဖြစ်နိုင်ကြောင်း ၎င်းကဆက်လက်ပြောသည်။

စီးပွားရေးတိုးတက်မှု မြန်ဆန်လာစေရေးအတွက် ဥပဒေ၊ လုပ်ထုံးလုပ်နည်းများ ရှင်းလင်းလွယ်ကူစေရန်နှင့် ကောင်းမွန်ပြီး လုပ်သာကိုင်သာရှိသည့် စီးပွားရေးရပ်ဝန်းဖြစ်လာရန် အစိုးရက အဓိကလုပ်ဆောင်ပေးရန်လိုကြောင်း ၎င်းကအကြံပြုသည်။

လက်ရှိအစိုးရ စတင်တာဝန်ယူစဉ်က မြန်မာ့စီးပွားရေး တစ်ဟုန်ထိုး တိုးတက်သွားမည်ဟု နိုင်ငံတကာနှင့် ပြည်တွင်းကပါ မျှော်လင့်ထားကြသော်လည်း အစိုးရသက်တမ်း နှစ်နှစ်ခွဲအတွင်း ငြိမ်းချမ်းရေးကိုသာ ဦးစားပေးပြီး စီးပွားရေးပိုင်းတွင် အာရုံစိုက်မှုအားနည်းခဲ့ကြောင်း ပြည်တွင်းလုပ်ငန်းရှင်များက ထောက်ပြကြသည်။

ကုန်ခဲ့သည့် အစိုးရသက်တမ်း တစ်ဝက်အတွင်း မြန်မာ့စီးပွားရေးမှာ မျှော်မှန်းသလို ထူးခြားပြောင်းလဲမလာဘဲ ယခုအတိုင်း ရှေ့ဆက်သွားမည်ဆိုလျှင် ပြည်တွင်းလုပ်ငန်းများအတွက် ရပ်တည်ရန် ခက်ခဲလာမည်ဖြစ်ကြောင်း ဦးမြတ်သင်းအောင်က ဆိုသည်။

“အာလူးမဟုတ်ဘဲ တကယ်လုပ်နေတဲ့ စီးပွားရေးသမားတွေနဲ့တွေ့ဆုံပြီး အောက်ခြေမှာ ဘာတွေဖြစ်နေတယ်ဆိုတာ သိအောင်လုပ်ဖို့၊ အဖြေရှာဖို့ လိုမယ်ထင်တယ်” ဟု ၎င်းကပြောသည်။

ကျန်သည့်အရေးအရာများထက် မြန်မာ့စီးပွားရေးကိုသာ ပိုမိုမောင်းတင်သင့်ပြီဖြစ်ကြောင်း ပြည်တွင်းလုပ်ငန်းရှင်ကြီးတစ်ဦးဖြစ်သူ ဦးသိန်းထွန်းကလည်း ဆိုလေသည်။

“အန်ကယ်မြင်တာကတော့ ခုလိုအချိန်ခါမျိုးမှာ အစိုးရအနေနဲ့ တွန်းအားတော်တော်များများနဲ့ကို စီးပွားရေးကို မောင်းတင်နိုင်မှဖြစ်တော့မယ်”

ကျောင်းတွင်လုံး၍ အိမ်တွင်ပြားသော ကမ္ဘာကြီးကဲ့သို့ပင် ယခုဖြစ်နေသည်။

ယခုလည်း မြန်မာ့စီးပွားရေးမှာ အစိုးရတွင်တက်၍ ပုဂ္ဂလိကတွင်ကျနေသည်။ 

စစ်ငြိမ်းသူ

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *