Myanmar Idol ပြိုင်ပွဲဝင် ဖြိုးမြတ်အောင်နှင့်တွေ့ဆုံခြင်း

“ကျွန်တော်က အဲဒီအပေါ်တွေမှာ လိုက်မခံစားတော့ဘူး။ ကျွန်တော့်အလုပ်ပဲ ဆက်လုပ်နေတယ်။ သီချင်းတွေအပေါ်မှာပဲ အာရုံစိုက်နေတဲ့အတွက် သူတို့တွေဘယ်လိုပဲပြောပြော မခံစားဖြစ်ဘူး။ ဝေဖန်တဲ့သူတွေအားလုံးကို ကျွန်တော်ချစ်ပါတယ်”

ယခုလက်ရှိပြိုင်နေတဲ့ Myanmar Idol သီချင်းဆိုပြိုင်ပွဲမှာ ပရိသတ်အားပေးမှုရနေတဲ့ ပြိုင်ပွဲဝင် ဖြိုးမြတ်အောင်ကို ပြိုင်ပွဲမှာကြုံတွေ့ရတဲ့ အတွေ့အကြုံတွေ၊ ဒိုင်တွေရဲ့မှတ်ချက်နဲ့ပတ်သက်ပြီး ဝေဖန်မှုအပေါ်ခံစားချက်တွေကို မေးမြန်းထားတာဖြစ်ပါတယ်။

Voice : ပြိုင်ပွဲမှာ ဒိုင်ဖြစ်တဲ့ ဦးသိန်းတန်ရဲ့ မှတ်ချက်တွေအပေါ် ပြိုင်ပွဲဝင်တစ်ယောက်အနေနဲ့ ခံစားချက်က ဘယ်လိုဖြစ်မိလဲ။

PMA : ကျန်တဲ့ညီအစ်ကိုမောင်နှမ တွေအတွက်တော့ စိတ်တော့မကောင်း ဘူး။ ကျွန်တော်ပါ နေရထိုင်ရတာ စိတ်က ကျဉ်းကျပ်လာတယ်။

Voice : ကိုယ့်ကိုယ်ကိုယ် ဘယ်လိုပြောင်းလဲမှုတွေ ဖြစ်လာတယ်လို့ သုံးသပ်မိလဲ။

PMA : ကျွန်တော် အရင်ကထက် တော်တော်လေး ပြောင်းလဲလာတယ်။ ဘာတွေလဲဆိုတော့ စကားပြောဆိုတာတွေ၊ ပေါင်းသင်းဆက်ဆံရေးတွေကအစ တော်တော်လေး အဆင်ပြေလာတယ်။ ကိုယ့်ကိုယ်ကိုယ် အဲဒီအရာတွေက တော်တော်လေးပြောင်းလဲလာတယ်လို့ ထင်တယ်။

Voice : ပြိုင်ပွဲမှာအဆင့်တိုင်းကို ဘယ်လိုမျိုးတွေကြိုးစားခဲ့ရလဲ။

PMA : အဆင့်တစ်ဆင့် တက်လာတိုင်း ဖိအားကပိုများတယ်။ သီချင်းတွေက ပိုပိုပြီးတော့ ခက်လာတယ်။ ဆရာနဲ့ ဆရာမကရှိနေတော့ သူတို့သင်ကြားမှုတွေကို အကောင်း ဆုံးကြိုးစားလိုက်ရင်အဆင်ပြေသွားပါတယ်။

Voice : ဒီတစ်ပတ်က Bottom စထိုင်ရတာဆိုတော့ အဲဒီအပေါ်ခံစားချက်က ဘယ်လိုဖြစ်မိလဲ။

PMA : ကျွန်တော်ကအစကတည်းက Bottom မထိုင်ရဘူးဆိုပြီး ဝမ်းသာနေတာမျိုးလည်း မရှိဘူး။ သူငယ်ချင်းတွေထိုင်ရလည်း စိတ်မကောင်းဖြစ်မိနေတာ အခုထိုင်ရလို့လည်း ဒီအပေါ်မှာအရမ်းခံစားချက် မဖြစ်ပါဘူး။

Voice : ပရိသတ်တွေက Winner အထိ မှန်းထားတာမျိုးတွေရှိနေတော့ ကိုယ်တိုင်က ဘယ်လောက်အထိ မျှော်မှန်းထားလဲ။

PMA : ကျွန်တော် Myanmar Idol  လာပြိုင်ကတည်းက အဲဒီလိုဖြစ်ရမယ်လို့ စိတ်နဲ့ ပြိုင်ခဲ့တာမဟုတ်ပါဘူး။ ကျွန်တော် ရောက်တဲ့အဆင့်တိုင်း အဆင့်တိုင်းမှာတော့ အကောင်းဆုံးနဲ့ အမှားနည်းအောင် သီဆိုမယ်။ ရောက်တဲ့အဆင့်ထိတော့ ဆက်သွားမယ်။ တကယ်လို့ Winner မရခဲ့ရင်လည်း ဂီတလမ်းကြောင်းမှာတော့ ဆက်လျှောက်နေဦးမှာပါ။ ဒါပေမဲ့ ပရိသတ်အပေါ်မူတည်ပါတယ်။ ပရိသတ်ကပေးရင်တော့ ရမှာပေါ့။ ကျွန်တော့်ဘက်ကလည်း ရောက်တဲ့အဆင့်တိုင်း အဆင့်တိုင်းမှာ အကောင်းဆုံးကြိုးစားပြီးတော့ အားပေးနေတဲ့ မိသားစုတွေအပေါ်မှာ တာဝန်ကျေအောင်အကောင်းဆုံး ကြိုးစားသွားမှာပါ။

Voice : ပြိုင်ပွဲမှာ Winner ရခဲ့ရင် ဘုရားထီးတင်မယ်ဆိုတာ အစကတည်းက ရည်ရွယ်ထားတာလား။

PMA : မပြိုင်ခင်ကတည်းကတွေးထားတာပါ။ ဒီအတွေးက ကြာပါပြီ။ ဒီပြိုင် ပွဲမှာ Winner ရခဲ့သည်ဖြစ်စေ၊ မရခဲ့သည်ဖြစ်စေ ဘုရားထီးတင်မှာပါ။ ဒါကကျွန်တော့်အိပ်မက်ဖြစ်နေတော့ လုပ်ဖြစ်အောင်ကို လုပ်မှာပါ။

Voice : ဖြိုးမြတ်အောင်က စင်ပေါ်တက်လာတာနဲ့ လက်အုပ်ချီတာ ဘယ်လိုကြောင့်လဲ။

PMA : ရှေ့မှာလည်း ကျွန်တော်လေးစားအားကျရတဲ့ အဆိုတော်ကြီးတွေရှိတယ်။ သူတို့ကလည်း စင်ပေါ်တက်ခါနီး လက်အုပ်လေးချီတော့ သူတို့ကိုအားကျတာကြောင့် လက်အုပ်ချီဖြစ်တာပါ။ ပြီးတော့ ပရိသတ်ကို ဂါရ၀တရားထားတာ ကောင်းတယ်ဆိုပြီး လုပ်ဖြစ်တာပါ။

Voice : ဦးသိန်းတန် မှတ်ချက်ပေးတာတွေနဲ့ပတ်သက်ပြီး ဝေဖန်မှုတွေကရှိလာတော့ အဲဒီအပေါ်မှာ ခံစားချက်က ဘယ်လိုဖြစ်မိလဲ။

PMA : ကျွန်တော်က အဲဒီအပေါ်တွေမှာ လိုက်မခံစားတော့ဘူး။ ကျွန်တော် အလုပ်ပဲဆက်လုပ်နေတယ်။ သီချင်းတွေအပေါ်မှာပဲ အာရုံစိုက်နေတဲ့အတွက် သူတို့တွေ ဘယ်လိုပဲပြောပြော မခံစားဖြစ်ဘူး။ ဝေဖန်တဲ့သူတွေအားလုံးကို ကျွန်တော် ချစ်ပါတယ်။

Voice : ဘာများဖြည့်စွက်ပြောချင်လဲ။

PMA : ကျွန်တော်ကို အနယ်နယ် အရပ်ရပ်ကနေ အမြဲတမ်းအားပေးနေတဲ့ ပရိသတ်ကြီးကို ကျေးဇူးတင်ပါတယ်။ တကယ်လို့များ ထပ်ကြိုးစားခွင့်ရှိရင်လည်း အများကြီးကြိုးစားသွားမှာပါ။ ကျွန်တော်ကိုချစ်တဲ့သူတွေ၊ ဝေဖန်တဲ့သူတွေကို ချစ်တယ်လို့ပဲ ပြောချင်ပါတယ်။

 

ဆုအိနြေ္ဒဦး

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *