ဟောင်းရာမှသစ်သော ဗဟိုဘဏ်ဥက္ကဋ္ဌ

ဗဟိုဘဏ်ဥက္ကဋ္ဌ သက်တမ်းစေ့ပြီ။ ဗဟိုဘဏ်ဥက္ကဋ္ဌသည် တစ်တိုင်းတစ်ပြည်လုံးတွင် အရေးကြီးဆုံးနေရာများအနက် တစ်နေရာဖြစ်သည်။ တစ်နိုင်ငံလုံး စီးပွားရေးအတွက် အရေးကြီးသည်။ ယခင်ဦးသိန်းစိန်အစိုးရလက်ထက် ၂၀၁၃ ကခန့်ခဲ့သည့် လက်ရှိဥက္ကဋ္ဌ အသက် ၈၀ နီးပြီဖြစ်သော ဦးကျော်ကျော်မောင်ကိုပင် ယခုအစိုးရက ပြန်ခန့်သည်။ အဟောင်းက အသစ်ဖြစ်ခြင်းသည် ဘာကိုပြောနေသလဲ။

လက်ရှိ ဗဟိုဘဏ်သွားနေသော မူဝါဒလမ်းကြောင်းအတိုင်းပင် ဆက်သွားမည့်သဘော။ Change နှင့် Continuity တွင် Continuity ကို ရွေးလိုက်ခြင်းဟု မြင်သည်။ ရွေးကောက်ပွဲလည်းနီးပြီ။ ထို့ကြောင့် စီးပွားရေးတွင် အရေးကြီးသောနေရာတွင် လက်ရှိလူကိုခန့်ခြင်းက ပိုကောင်းမည်ဟု တွက်ပုံရသည်။

ခန့်စရာ လူမရှိ၍လား။ ဒါလည်း ဖြစ်နိုင်သည်။ မြန်မာနိုင်ငံတွင် လူရှားသည်။ ဗဟိုဘဏ်ဥက္ကဋ္ဌဖြစ်ရန် နီးစပ်သူအများအပြားက တစ်ပေးကြသည့် ဦးစိုးဝင်းသည် လွန်ခဲ့သောနှစ်လကပင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဝန်ကြီးနေရာတွင် ခန့်အပ်ခံလိုက်ရသည်။ ဥက္ကဋ္ဌနေရာကိုလာမည့်သူသည် ပြင်ပကလာမည်ဆိုပါက လက်ရှိဒုဥက္ကဋ္ဌများထက် ပညာရပ်အားဖြင့် မြင့်ရန်လိုသည်၊ သို့မဟုတ် အာဏာရပါတီက ယခုဥက္ကဋ္ဌများထက် ယုံကြည်သူဖြစ်ရမည်။ ထိုအချက်များတွင် လက်ရှိဒုဥက္ကဋ္ဌများထက်သာသောသူ အပြင်တွင်သိပ်မတွေ့ပါ။ စင်စစ် ဗဟိုဘဏ်တွင်း လူအပြောင်းအလဲသည် လွန်ခဲ့သောတစ်နှစ် ၂၀၁၇ ကတည်းက လုပ်ပြီးသားဟုလည်း ဆိုနိုင်သည်။ ဗဟိုဘဏ်ဒုဥက္ကဋ္ဌများအဖြစ် ဦးဘိုဘိုငယ်နှင့် ဦးစိုးသိမ်းတို့ ဝင်လာကြပြီးနောက်တွင် ဗဟိုဘဏ်သည် လှုပ်လှုပ်ရှားရှား ဖြစ်လာသည်။

ဗဟိုဘဏ်ဥက္ကဋ္ဌသည် လစာအားဖြင့်လည်း ဗဟိုဘဏ်ကပေးသောလစာဖြင့် တင်းတိမ်သူဖြစ်ရမည်။ ဗဟိုဘဏ်ဥက္ကဋ္ဌတာဝန်သည် ဘဏ္ဍာရေးအဖွဲ့အစည်းများတွင် တာဝန်ထမ်းဆောင်နေပြီး အရေးပါအရာ ရောက်လိုသူများ မက်မောသည့်ရာထူးကြီးဖြစ်သော်လည်း လစာငွေကြေးအားဖြင့်မူ ပုဂ္ဂလိကဘဏ်များ၊ ဘဏ္ဍာရေးအဖွဲ့အစည်းများက ပေးသည့်လစာကို မယှဉ်နိုင်ပေ။

စင်စစ် ဗဟိုဘဏ်ဥက္ကဋ္ဌလုပ်မည့်သူသည် အတော်လေးကင်းရသည်။ အကျိုးအမြတ်ယူသောအဖွဲ့အစည်းများ၏ ဒါရိုက်တာအဖွဲ့ဝင်၊ ဝန်ထမ်းမဖြစ်ရ။ ဘဏ် သို့မဟုတ် ဘဏ္ဍာရေးအဖွဲ့အစည်းတစ်ခု၏ ရှယ်ယာ ၅ ရာခိုင်နှုန်းအထက် ပိုင်သူမဖြစ်ရ။ ယင်းအချက်များသည် ဗဟိုဘဏ်ဒုဥက္ကဋ္ဌများအပါအဝင် ဗဟိုဘဏ်ဘုတ်အဖွဲ့ဝင်များအားလုံးနှင့် အကျုံးဝင်သည်။

ဦးကျော်ကျော်မောင်ကို ပြန်ခန့်ခြင်းသည် စံချိန်အများအပြားကို ချိုးသွားသည်ကား သေချာသည်။

သူသည် သက်တမ်း ၁၅ နှစ် တာဝန်ယူဖူးသော ဗဟိုဘဏ်ဥက္ကဋ္ဌ ဖြစ်လာသည်။ ၁၉၉၇ မှ ၂၀၀၇ အထိ တစ်ကြိမ်၊ ၂၀၁၃ မှ ၂၀၁၈ အထိ တစ်ကြိမ်။ ယခု ၂၀၁၈ မှ နောက်ငါးနှစ်သက်တမ်းသည် ၂၀၂၃ တွင် ကုန်ဆုံးသည့်အခါ နှစ်၂၀ တာဝန်ထမ်းဆောင်ဖူးသူ ဖြစ်လာမည်။

ဦးကျော်ကျော်မောင်သည် ဗဟိုဘဏ်ဥက္ကဋ္ဌနေရာနှင့် ကံစပ်ပုံ ပေါ်သည်။ ဦးသိန်းစိန်လက်ထက် ဗဟိုဘဏ်ဥက္ကဋ္ဌ ပြန်ဖြစ်သည့်အခါတွင် သူသည် ၂၀၀၇ တွင် အငြိမ်းစားယူပြီး ခြောက်နှစ်ရှိနေရာမှ ပြန်ထလာရ ခြင်းဖြစ်သည်။

ယခင်က ဗဟိုဘဏ်ဥက္ကဋ္ဌများသည် ယခုခေတ် ဗဟိုဘဏ်ဥက္ကဋ္ဌနှင့်မတူပါ။ ယခင်ဗဟိုဘဏ်ဥက္ကဋ္ဌများသည် ဘဏ္ဍာရေးဝန်ကြီးဌာန လက်အောက်တွင်သာ တည်ရှိသည်။ ထို့ကြောင့် လွတ်လပ်သော ဗဟိုဘဏ်ဥက္ကဋ္ဌအသစ်အဖြစ် သက်တမ်းပြည့်တာဝန်ယူဖူးသူမှာ ဦးကျော် ကျော်မောင်တစ်ယောက်တည်းသာ ရှိသည်။ လွတ်လပ်သော ဗဟိုဘဏ်ဆိုသည်မှာလည်း ၂၀၁၃ တွင် ဗဟိုဘဏ်ဥပဒေသစ် စတင်အသက်ဝင်သောအခါမှ ပေါ်လာသည်မဟုတ်ပါလား။

ဗဟိုဘဏ်ဥက္ကဋ္ဌသည် သူ၏အဖွဲ့ဝင်များနှင့်အတူ ဘဏ်များကို ကြီးကြပ်ထိန်းသိမ်းရသောတာဝန်၊ ငွေကြေးမူဝါဒ Monetary Policy  တာဝန်၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင် အစိုးရကို အကြံပေးရသော တာဝန်တို့အပါအဝင် နိုင်ငံ့စီးပွားရေးအတွက် အရေးကြီးသော တာဝန်များကို ထမ်းဆောင်ရသည်။ ယင်းတာဝန်အားလုံးသည် တာဝန်ကြီးများဖြစ်ကြောင်း စီးပွားရေးအကြောင်းမသိသူပင် အလွယ်တကူ အကဲခတ်နိုင်သည်။

ဗဟိုဘဏ်၏ တာဝန်တစ်ရပ်ဖြစ်သောဘဏ်များကို စည်းကမ်းလိုက်နာအောင် ထိန်းသိမ်းရခြင်းသည်ပင် တွေးကြည့်ရုံဖြင့် မလွယ်ကြောင်း သိနိုင်သည်။ စည်းမျဉ်းစည်းကမ်းများ ချမှတ်ပြီး ထိန်းလိုက်လျှင် မရပေဘူးလားဟု မေးစရာရှိသည်။ အပြောလွယ်သလောက် အလုပ်ခက်သည်။ မြန်မာပြည်တွင် ဘဏ်ထောင်သူများသည် စီးပွားရေးအင်ပါယာကြီးများ၏ ပိုင်ရှင်များဖြစ်သည်။ ဘဏ်သည် ယင်းတို့၏ အမည်ပေါက်၊ မပေါက် အခြားစီးပွားရေးလုပ်ငန်းများအတွက် အရင်းငွေရှာပေးသည့် လုပ်ငန်းများ ဖြစ်မသွားစေရန်မှာ အရေးကြီးလှသည်။ ဘဏ်သည် လုပ်ငန်းများသို့ ချေးငွေအတွက် အဂတိတစ်မျိုးမျိုးကြောင့် သေချာစွာ မစိစစ်ဘဲ ချေးလိုက်မိလျှင် ထိုလုပ်ငန်းများတစ်ခုခုဖြစ်သည့်အခါ ဘဏ်သာမကဘဲ ဘဏ်တွင် ငွေအပ်ထားသူများပါ ထိမည်။ ဘဏ်သည် ကြီးလျှင် ကြီးသလို ထိုအထိအခိုက်သည် တစ်နိုင်ငံလုံးသို့ မီးခိုးကြွက်လျှောက် ရိုက်ခတ်နိုင်သည်။ ထိုသို့ အန္တရာယ်ကြီးသော်လည်း ဘဏ်ပိုင်ရှင်များသည် ပေါက်ရောက်သူများဖြစ်ရာ သူတို့ကို စည်းကမ်းကိုင်လျှင်ပင် ကိုယ့်ထံ ပြန်မပတ်အောင် မနည်းလုပ်ကြရမည်။ ဤကား ဘဏ်များကို ကြီးကြပ် ခြင်းတစ်ခုတည်းသာ ရှိသေးသည်။

နိုင်ငံများစွာတွင် ဗဟိုဘဏ်ဥက္ကဋ္ဌသည် အရေးကြီးလှသဖြင့် ရင်းနှီးမြှုပ်နှံသူများ၊ မီဒီယာများက သူ၏နှုတ်ထွက်စကားများကို တစ်လုံးမကျန် မျက်စိဒေါက်ထောက် ကြည့်နေကြသည်။ သူ၏ စကားတစ်ခွန်းသည် ဈေးကွက်ကို လှုပ်လှုပ်ခါခါဖြစ်စေနိုင်သည်၊ စတော့ဈေးများ အတက်အကျ ဖြစ်စေနိုင်သည်၊ ဒေါ်လာဈေးအတက်အကျ ဖြစ်စေနိုင်သည်။ ဗဟိုဘဏ်ဥက္ကဋ္ဌများ၏ ဟန်ပန်မှာ မတူကြပေ။ အချို့ဗဟိုဘဏ်ဥက္ကဋ္ဌများသည် သတင်းမီဒီယာများနှင့် အတွေ့အဆုံများသည်၊ သတင်းမီဒီယာများမှတစ်ဆင့် ပြည်သူလူထုသို့ ဗဟိုဘဏ်၏ လုပ်ရပ်များကို သတင်းစကား ဖြန့်ဝေသည်။ အချို့ဗဟိုဘဏ်ဥက္ကဋ္ဌများမှာမူ မဖြစ်မနေမှသာ မီဒီယာနှင့်တွေ့ဆုံသည်။ ဦးကျော်ကျော်မောင်သည် ဒုတိယအမျိုးအစားထဲတွင် ပါဝင်ပုံရသည်။

စိန်ခေါ်မှုများ

မြန်မာနိုင်ငံသည် ဖွံ့ဖြိုးဆဲနိုင်ငံဖြစ်သည်။ သာမန်ဖွံ့ဖြိုးဆဲနိုင်ငံလည်းမဟုတ်ဘဲ ဈေးကွက်စီးပွားရေးစနစ်နှင့် ဒီမိုကရေစီစနစ်သို့ ပြောင်းလဲနေသော နိုင်ငံဖြစ်သည်။ နိုင်ငံရေးတည်ငြိမ်အောင်ပင် မနည်းလုပ်နေရသည့်အတွက် စီးပွားရေးတည်ငြိမ်အောင်၊ တိုးတက်အောင်လုပ် ရန်လည်း ခက်ခဲသည်။ လွတ်လပ်သော ဗဟိုဘဏ်အဖြစ် စတင်ခဲ့သည်မှာ ငါးနှစ်သက်တမ်းသာ ရှိသေးသည်။ ကမ္ဘာ့ရေးရာများကို မျက်ခြည်မပြတ်ဘဲ ဘဏ္ဍာရေးသဘောကိုသိသော လူသားရင်းမြစ်လည်း နည်းသည်။ ထိုအခြေအနေများကိုကြည့်လျှင် မြန်မာ့ဗဟိုဘဏ်ဥက္ကဋ္ဌသည် အခြားတည်ငြိမ်ပြီးနိုင်ငံများ၏ ဗဟိုဘဏ်ဥက္ကဋ္ဌများထက် ထက်မြက်ရန်လိုကြောင်း မြင်နိုင်သည်။

တစ်ဖန် နဂိုကပင် ကြီးမားများပြားသော ဗဟိုဘဏ်ဥက္ကဋ္ဌ၏ တာဝန်သည် ယနေ့ နည်းပညာခေတ်တွင် ပိုမိုရှုပ်ထွေးသိမ်မွေ့လာသည်။ Digital Money ခေတ်၊ Fintech ခေတ်တွင် ငွေကြေးမူဝါဒကို ဆောင်ရွက်ရန်၊ ဘဏ္ဍာရေးအဖွဲ့အစည်းများကို ကြီးကြပ်ရန် တာဝန်သည် အဓိပ္ပာယ်ဖွင့်ဆိုရန်ပင် ခက်ခဲလှသည်။ လုပ်ငန်းများသည်လည်း ယခင်ကကဲ့သို့ သီးသန့်ကိုယ့်နယ်ပယ်အလိုက် ရပ်တည်နေခြင်းမဟုတ်တော့ပေ။ ဥပမာ – တယ်လီဖုန်းကုမ္ပဏီ Telecom ထံမှ ငွေချေးနိုင်လျှင် ထိုကုမ္ပဏီသည် ဘဏ္ဍာရေးအလုပ်ကို ဝင်လုပ်ခြင်းဖြစ်သည်။ ထိုကုမ္ပဏီသည် ဘဏ္ဍာရေးကုမ္ပဏီလား၊ တယ်လီဖုန်းကုမ္ပဏီလား။

နည်းပညာခေတ်တွင် ဗဟိုဘဏ်ဥက္ကဋ္ဌသည် စီးပွားရေးမူဝါဒများအကြောင်းကို နားလည်ရုံသာမက နည်းပညာအကြောင်းကို ခေတ်နှင့် အညီလိုက်နိုင်သောသူ ဖြစ်ရန်လိုလာသည်။ နည်းပညာနှင့် ဘဏ္ဍာရေး အဆက်အစပ်ကို သဘောပေါက်သူဖြစ်ရန်လိုသည်။ နည်းပညာကို ကြောက်သူ မဖြစ်သင့်သလို နည်းပညာကို ကိုးကွယ်လွန်းသူလည်း မဖြစ်သင့်။

လက်ရှိအစိုးရနှင့် ဗဟိုဘဏ်ဥက္ကဋ္ဌ ဦးကျော်ကျော်မောင် လက်တွဲခဲ့သည်မှာ ၂ နှစ်ခွဲရှိပြီ။

လက်ရှိဗဟိုဘဏ်ဥက္ကဋ္ဌကို မြန်မာ့စီးပွားရေးအခက်အခဲများ၊ ယနေ့ခေတ်၏ စိန်ခေါ်မှုများကို ရင်ဆိုင်ဖြေရှင်းနိုင်သည်ဟု အစိုးရက ယုံကြည်သဖြင့် ပြန်လည်ခန့်အပ်လိုက်ခြင်း ဖြစ်နိုင်သည်။ ခန့်အပ်လိုက်သည့် ထိုဆုံးဖြတ်ချက်သည် မြန်မာ့စီးပွားရေးကို ပြဋ္ဌာန်းပေလိမ့်မည်။

ဇေယျသူ

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *