ဘားမားစက္ကူ၏ နောက်ဆုံးစာမျက်နှာ

“အရင်ကလိုတော့ ခေတ်မကောင်းတော့ဘူး” ဟု ဦးမြဝင်းက ပြည်တွင်းထုတ်စက္ကူများ ရွှေထီးဆောင်းခဲ့ချိန်ကို သတိတရနှင့် ညည်းတွားလိုက်သည်။

ဦးမြဝင်းသည် ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်(၆၃) ရပ်ကွက်၊ တောင်ဒဂုံစက်မှုဇုန်တွင် တန် ၅၀ ထွက်သည့် ရွှေငွေထွန်း စက္ကူစက်ရုံကို တည်ထောင်ထားပြီး စက္ကူထုတ်လုပ်နေဆဲဖြစ်သည်။ သို့သော် စက်ရုံအခြေအနေမှာ ခပ်ယဲ့ယဲ့။

ပြည်တွင်းတွင် စက္ကူထုတ်လုပ်ခဲ့သည်မှာ နှစ်ပေါင်းလေးဆယ်ကျော် ကြာမြင့်ခဲ့ပြီဖြစ်သော်လည်း ယခင်မှ ယခုအချိန်အထိ ပြည်ပက တင်သွင်းလာသည့် စက္ကူများကိုသာ အဓိကအသုံးပြုခဲ့ကြသည်။

ပြည်ပစက္ကူများမှာ ပြည်တွင်းနှင့် အရည်အသွေးပိုင်းကွာခြားမှုကြောင့် ခေတ်အဆက်ဆက် အသုံးပြုလာခဲ့ကြခြင်း ဖြစ်သည်။

သို့သော် လတ်တလောတွင် ပုဂ္ဂလိကစက်ရုံများ၏ ကုန်ကြမ်းအဖြစ် အသုံးပြုသော ပြည်ပစက္ကူဖြတ်စဈေးမှာလည်း တစ်ရှိန်ထိုး မြင့်တက်နေခြင်းကြောင့် စက်ရုံများအခြေအနေမှာ ယိုင်နဲ့နဲ့ပင် ရှိတော့သည်။

စက္ကူကို အေဒီ ၁၀၅ ခုနှစ်ခန့်ကပင် တရုတ်နိုင်ငံသား T’SAILUN ဆိုသူက စတင်တီထွင်အသုံးပြုခဲ့ခြင်း ဖြစ်သည်။ စက္ကူလုပ်နည်းကို ၇၅၁ ခုနှစ်တွင် အာရပ်တို့ ဖမ်းဆီးသွားသည့် စက္ကူအလုပ်သမားအချို့ထံမှ ရရှိခဲ့ပြီး ၁၂ ရာစုတွင် ဥရောပ အထိ ပျံ့နှံ့သွားခဲ့သည်ဟု စက္ကူသမိုင်းကြောင်းနှင့်ပတ်သက်ပြီး စာအုပ်များတွင် ရေးသားဖော်ပြထားကြသည်။

မြန်မာနိုင်ငံတွင် စက္ကူမပေါ်ခင် ရှေးအဆက်ဆက်က ရွှေ၊ ငွေ၊ ကြေး၊ ကျောက်တို့ကို အသုံးပြုပြီး အက္ခရာများကို ရေးသားပုံဖော်ခဲ့ကြသည်။ အလောင်းမင်းတရားကြီး၏ ရွှေပေလွှာ၊ ပုဂံခေတ်က ကျောက်စာချပ်များမှာ သက်သေပင် ဖြစ်သည်။

ပုဂံခေတ်ကျောက်စာတစ်ချပ်တွင် ပုရပိုက်ဆိုသည့် စကားလုံးကို ထွင်းထုထားသောကြောင့် မြန်မာနိုင်ငံတွင် မှိုင်းကိုင်စက္ကူဟု ခေါ်သည့် ရှမ်းစက္ကူကို အေဒီ၁၂-၁၃ ရာစုဝန်းကျင်က စတင်အသုံးပြုနေပြီဟုလည်း ယူဆကြသည်။

“ရှမ်းပြည်နယ်အရှေ့မြောက်ဘက်ကနေ ထုတ်တာ။ ဒီနေ့ခေတ်စက္ကူတော့ မဟုတ်သေးဘူးပေါ့”ဟု သမိုင်းသုတေသီ တစ်ဦးလည်းဖြစ်သလို ပုံနှိပ်ထုတ်ဝေရေးလုပ်ငန်းလုပ်ကိုင်သူ ဦးဘုန်းတင့်ကျော်က ပြောဆိုသည်။

ကကြီးကညစ် ပေ မှာခြစ်ဟု သူငယ်တန်းမြန်မာဖတ်စာတွင် သင်ကြားခဲ့ဖူးကြမည်။ မြန်မာတို့အတွက် ပုဂံခေတ်တွင် ပေချပ်များကို အသုံးပြုခဲ့သည်။ အင်းဝခေတ်တွင် ပုရပိုက်ကို အသုံးပြုခဲ့သည်။

တရားစာပေများ၊ ဆေးကျမ်း၊သိုင်းကျမ်းများကို ကညစ်ဖြင့် ရေးသားထားသော ပေ၊ ပုရပိုက်များတွေ့ဖူးကြပေလိမ့်မည်။

အေဒီ ၁၆၊ ၁၇ရာစုဘုရင့်နောင်၏ ဟံသာဝတီခေတ်တွင် အင်္ဂလိပ်နှင့်ပြင်သစ် ကုန်သည်များကြောင့် မြန်မာနိုင်ငံသို့ စက္ကူရောက်ရှိလာခဲ့သည်။ သို့သော် အသုံးတွင်ကျယ်လှသည့် အခြေအနေ မဟုတ်သေး။

ထို့နောက် မြန်မာသက္ကရာဇ် ၁၂၃၃ ခုနှစ်တွင် မင်းတုန်းမင်းတည်ထောင်ခဲ့သော စက်ရုံ ၉၀ ကျော်တွင် စာပုံနှိပ်စက်လည်း ပါဝင်ခဲ့ပြီး မြန်မာ့ပထမဆုံးသတင်းစာရတနာပုံသတင်းစာကို ရိုက်နှိပ်ထုတ်ဝေခဲ့သည်။

ထိုမှတစ်ဆင့် လွတ်လပ်ရေးရပြီးနောက်ပိုင်း ၁၉၆၅ ခုနှစ်တွင် စစ်တောင်းစက္ကူစက်ရုံကို တည်ထောင်ခဲ့သည်။

ထို့ပြင် စက္ကူနှစ်တန်ထုတ်နိုင်သောရေနီစက္ကူစက်ရုံကို ၁၉၈၁ ခုနှစ်တွင် ဖွင့်လှစ်ခဲ့သည်။ ၂၀၀၉ ခုနှစ်တွင် ပျော့ဖတ်တန် ၅၀နှင့် ထုပ်ပိုးစက္ကူတန် ၈၀ ထုတ်လုပ်နိုင်သော ရေနီစက်ရုံသစ်ကို ဖွင့်လှစ်ခဲ့သည်။

စစ်တောင်းစက္ကူနှင့် ရေနီစက္ကူနှစ်မျိုးမှ ရေနီမှစက္ကူအမျိုးအစားမှာ ပို၍ ကောင်းမွန်သည်။ ကျောင်းသုံး၊ ရုံးသုံးအဖြစ် များစွာ အသုံးဝင်ခဲ့သည်ပင်။ တက္ကသိုလ်အဆင့်ပြဋ္ဌာန်းစာအုပ်များတွင်သာ ပြည်ပမှ တင်သွင်းသည့် စက္ကူအကောင်းစားကို အသုံးပြုခဲ့ကြသည်။

ထိုအချိန်က သွင်းကုန်၊ ထုတ်ကုန် ကုမ္ပဏီများကို ပိတ်ထားခဲ့သောကြောင့် ပြည်တွင်းစက်ရုံများက ထုတ်လုပ်သည့် စက္ကူများကို အားထားခဲ့ရသည်။ အရည်အသွေးလည်း ကောင်းမွန်ခဲ့သည်။

“ဝတ္ထုစာအုပ်ထုတ်လည်း အဲဒီ စာရွက်ပဲ သုံးတယ်။ ကျောင်းပြဋ္ဌာန်းစာအုပ် တွေဆိုလည်း ရေနီစက္ကူကိုပဲ သုံးတာ။ ရေနီစက္ကူနဲ့ ရိုက်ထားတဲ့ ဖတ်စာအုပ်တွေ အခုထိ ရှိသေးတယ်။ နှစ်လေးဆယ်ကျော်ပြီ”ဟု ဦးဘုန်းတင့်ကျော်က ဆိုသည်။

၁၉၇၆ ခုနှစ်ခန့်က ရိုက်နှိပ်ခဲ့သော ဖတ်စာအုပ်များ ယနေ့တိုင် ၎င်းထံတွင် ရှိနေသည်။ မဆွေးမမြည့်နှင့် အကောင်းအတိုင်းပင်။ ထိုအချိန်က ပြည်ပသို့ ငွေစီးဆင်းမှုမရှိဘဲ သက်သာသော ဈေးနှုန်းဖြင့် ပြည်တွင်းဖြစ်စက္ကူကို အသုံးပြုခဲ့ကြရသည်။

န၀တအစိုးရလက်ထက်ရောက်ချိန်တွင်တော့ သွင်းကုန်၊ ထုတ်ကုန်ကုမ္ပဏီ များကို ပြန်လည်ခွင့်ပြုလိုက်ရာ ပြည်ပမှ စက္ကူများ ပြန်လည်တင်သွင်းခွင့်ရလာခဲ့သည်။

ထိုသို့ တင်သွင်းခွင့်နှင့်အတူပင် အများစုမှီခိုအားထားရသော စစ်တောင်းနှင့်ရေနီစက်ရုံတို့မှာ ကုန်ကြမ်းရှားပါးမှုများ ကြောင့် ပြည်တွင်းလိုအပ်ချက်အတွက် လုံလောက်အောင် မဖြည့်ဆည်းပေးနိုင်တော့ပေ။

ထို့ကြောင့်ပင် ပြည်ပမှ တင်သွင်းသည့် စက္ကူကို မသုံးမဖြစ် သုံးခဲ့ကြရသည်။

ဝါးကိုကုန်ကြမ်းအဖြစ် အဓိကအသုံးပြုရသောကြောင့် အဆိုပါကုန်ကြမ်းရှားပါးလာမှုနှင့်အတူ စက်ရုံများ၏အခြေအနေလည်း ယိမ်းယိုင်လာခဲ့သည်။

ထို့ကြောင့် စက္ကူစက်ရုံခွဲအဖြစ် ပုလိပ်စက္ကူစက်ရုံကို ၂၀၀၁ ခုနှစ်တွင် ဖွင့်လှစ်ခဲ့ပြီး သာပေါင်းစက္ကူစက်ရုံကို ၂၀၀၅ ခုနှစ်တွင် ဖွင့်လှစ်ခဲ့သည်။

သို့သော်အစိုးရက မလည်ပတ်နိုင်သောကြောင့် စစ်တောင်းစက္ကူစက်ရုံကို ရွှေသံလွင်ကုမ္ပဏီသို့ ၂၀၁၁ ခုနှစ်တွင် ငှားရမ်းခဲ့ပြီး လုပ်ငန်းအခြေအနေမကောင်းသောကြောင့် ၂၀၁၄ ခုနှစ်တွင် အစိုးရသို့ ပြန်လည်အပ်နှံခဲ့သည်။

ယခုအချိန်တွင် လုံးဝရပ်ဆိုင်းထားပြီး မွန်ပြည်နယ်အစိုးရသို့ စက်ရုံကို ပြန်လည်အပ်နှံထားသည်။

ရေနီသည်လည်း ထိုအတိုင်းပင် ၂၀၁၃ ခုနှစ်တွင် အစိုးရက လုပ်ငန်းရပ်နားလိုက်ပြီး ပြည်တွင်းကုမ္ပဏီတစ်ခုဖြစ်သော လက်ဝါးကုမ္ပဏီက နှစ်သုံးဆယ်စာချုပ်ဖြင့် ငှားရမ်းကာ လည်ပတ်လျက် ရှိသည်။

ထပ်မံဖွင့်လှစ်သည့် သာပေါင်းစက်ရုံမှာလည်း ၂၀၁၃ တွင် ရပ်နားထားခဲ့ပြီး လက်ရှိတွင် ပုဂ္ဂလိကလုပ်ကိုင်လိုသူများကို တင်ဒါခေါ်ယူဆဲအခြေအနေတွင် ရှိသည်။ ထို့အတူ ပုလိပ်စက္ကူစက်ရုံမှာလည်း ပုဂ္ဂလိက ကုမ္ပဏီတစ်ခုသို့ ငှားရမ်းထားကာ လုပ်ငန်းလည်ပတ်နေရသည်။

အစိုးရစက္ကူစက်ရုံများ၏ အနာဂတ်ကား မှုန်ဝါးဝါးပင်။

“သာပေါင်းစက္ကူစက်ရုံက သဘာဝဓာတ်ငွေ့သုံးပြီး လည်ရတာဖြစ်လို့ အခက်အခဲရှိတယ်။ ပုဂ္ဂလိကငှားချင်တဲ့သူတွေကို ကျွန်မတို့ ဖိတ်ခေါ်ထားပါတယ်”ဟု အမှတ်(၃)အကြီးစားစက်မှုလုပ်ငန်းမှ လက်ထောက်မန်နေဂျာ ဒေါ်မြမြချယ်က ပြောကြားသည်။

အစိုးရစက္ကူစက်ရုံများယိုင်နဲ့လာချိန်တွင်တော့ ဘားမားစက္ကူထုတ်လုပ်သည့် ပုဂ္ဂလိကစက္ကူစက်ရုံများစွာ ပေါ်ထွက်လာသည်။

ဘားမားစက္ကူဆိုသည်မှာ ပုဂ္ဂလိက စက္ကူစက်ရုံများမှ ထုတ်လုပ်သည့် စက္ကူများကို ၎င်းတို့လောကတွင် အပြောင်အပျက်ခေါ်ရာမှ နာမည်တွင်ခဲ့ခြင်းပင်။

အစိုးရစက်ရုံများ ရပ်နားသွားချိန်တွင် ပုဂ္ဂလိကစက်ရုံများမှ စက္ကူများကို ပြည်တွင်းမှ ပုံနှိပ်ထုတ်ဝေရေးလုပ်ငန်းများက အားထားခဲ့ရသည်။

“စက်ရုံတွေ ပိတ်လိုက်ချိန်မှာ ပြင်ပ ဝန်ထမ်းနဲ့ စက်ရုံဝန်ထမ်းနဲ့ ပေါင်းပြီးတော့ ပုဂ္ဂလိကစက်ရုံတွေ ဖွင့်ပြီး လုပ်ခဲ့ကြတယ်”ဟု ကျော်မင်းစက္ကူစက်အပိုပစ္စည်းထုတ်လုပ်ရေးလုပ်ငန်းပိုင်ရှင် ဦးကျော်မင်းက ဆိုသည်။

အစိုးရစက်ရုံများမှ စက္ကူလုံလောက်စွာ မရတော့သည့်အချိန်တွင် ရန်ကုန်မြို့တော်၌ ပုဂ္ဂလိကဘားမားစက္ကူစက်ရုံများစွာ ပေါ်ပေါက်လာခဲ့ပြီး ထိုစက္ကူများကို ပုံနှိပ်ထုတ်ဝေရေးလုပ်ငန်းများ၊ စာရေးဆရာ၊ ကဗျာဆရာများက အားထားခဲ့ရသည်။ အလုအယက်ကြိုတင်မှာယူစနစ်ဖြင့် ဝယ်ယူခဲ့ကြရသည်။

ပုဂ္ဂလိကစက်ရုံများ ပေါ်ပေါက်လာသော်လည်း မဆလခေတ်တွင် စာပေစိစစ်ရေးလုပ်ငန်းက စာရေးဆရာများအတွက် ထုတ်ဝေမည့် စာအုပ်အရေအတွက်ပေါ်မူတည်ကာ စစ်တောင်းနှင့် ရေနီမှ ထွက်သော စက္ကူကို ခွဲတမ်းဖြင့် အသုံးပြုစေခဲ့သည်။

“ဖေဖေ့စာအုပ်က အုပ်ရေ သုံးသောင်းလောက် ထုတ်မှာ။ ဒါပေမဲ့ စာပေစိစစ်ရေးက ရှစ်ထောင်ပဲပေးတော့ ကျန်တာကို အပြင်က စက္ကူကိုပဲ ဝယ်သုံးရတာပေါ့”ဟု စာရေးဆရာတက္ကသိုလ်ဘုန်းနိုင်၏ သားဖြစ်သူ ဦးဘုန်းတင့်ကျော် က ကိုယ်တိုင် ကြုံတွေ့ခဲ့ရသည့် စက္ကူသမိုင်းကြောင်းကို ပြောပြသည်။

ဘားမားစက္ကူမှာ ဘားဖြူ၊ ဘားပြာနှင့် ဘားညိုဟူ၍ အမျိုးအစားသုံးမျိုးရှိသည်။ ဘားဖြူဆိုသည်မှာ စာမျက်နှာနှစ်ဖက်ချော အဖြူရောင်အမျိုးအစားဖြစ်ပြီး ဘားပြာမှာ အပြာရောင်တစ်ဖက်ချောနှင့် ဘားညိုမှာ အညိုရောင်အကြမ်းသုံး တစ်ဖက်ချောများ ဖြစ်သည်။

စက်ရုံမှ၃၅ လက်မ/၄၁ လက်မဆိုဒ်အရွက်ရေ ငါးရာပါသော စက္ကူအုပ်တစ်အုပ်ကို ငွေကျပ် ၉၀၀၀ ရှိပြီး A4 , Legal ဆိုဒ်များအဖြစ် ပြန်လည်ရောင်းချပါက စာရွက်ရေ ၅၀၀ ပါသော ဘားညိုနှင့် ဘားပြာမှာ ငွေကျပ် ၁၁၀၀ မှ ၁၅၀၀ အတွင်းရှိနေပြီး ဘားဖြူမှာ ၁၅၀၀ မှ၂၀၀၀ အထိ ဈေးနှုန်းများရှိသည်။

ပြည်ပစက္ကူများထဲက အများဆုံးအသုံးပြုကြသည်မှာ အင်ဒိုနီးရှားနိုင်ငံမှ တင်သွင်းသော AA အမှတ်တံဆိပ်စက္ကူချောများ ဖြစ်သည်။

“ဘားညိုနဲ့ ဘားပြာနဲ့က နည်းနည်းညံ့တယ်။ တစ်ဖက်ချောပေါ့။ ဘားဖြူကတော့ အမြင့်ဆုံးပေါ့။ နံပါတ်တစ်ပဲ။ အဲဒီ ဘားဖြူအတွက်က ပြည်ပက သွင်းတဲ့စက္ကူက ဖြတ်စကို သုံးရတာ”ဟု ဦးမြဝင်းက ဆိုသည်။

သို့သော် ထိုဘားမားစက္ကူများအတွက် ကုန်ကြမ်းများမှာ ဘားဖြူအတွက် ပြည်ပမှတင်သွင်းသော စက္ကူများမှ ထွက်လာသည့် သန့်ရှင်းပြီး စာလုံးမပါသော ဖြတ်စများကို အသုံးပြုရသလို ဘားပြာနှင့် ဘားညိုအတွက် ပြည်တွင်းရှိ သုံးစွဲပြီးသော ဗလာစာအုပ်များကို အသုံးပြု၍ ထုတ်လုပ်နေကြရခြင်း ဖြစ်သည်။

ထိုကုန်ကြမ်းများကို ပြည်တွင်းမှာ တစ်ပိဿာလျှင် ငွေကျပ်သုံးရာနှင့် ပေးဝယ်ရသည်။ သို့သော် ထိုကုန်ကြမ်းများ ရှားပါးလာနေသည်။ အဘယ်ကြောင့်ဆိုသော် ကုန်ကြမ်းရောင်းသူများက ဈေးနှစ်ဆရသည့် တရုတ်နယ်စပ်သို့ တင်ပို့ရောင်းချလာနေသည့် အတွက်ပင်။

“တရုတ်က ၆၀၀ ပေးတယ်။ ဒီမှာက အလုပ်သမားခနဲ့ မီးပြတ်ရင် စက်က လည်လို့မရတာနဲ့ လောင်စာဖိုးနဲ့ဆိုတော့ အဲဒီထက်လည်း ပိုမပေးနိုင်ဘူး။ အဲဒီတော့ ပြည်တွင်းမှာ မရောင်းကြတော့ဘူး”ဟု ရွှေငွေထွန်းစက္ကူစက်ရုံလုပ်ငန်းရှင် ဦးမြဝင်း က ဆိုသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၁၂ ရက်နေ့ကပင် မြန်မာနိုင်ငံပျော့ဖတ်နှင့် စက္ကူအသင်းက ဦးဆောင်ပြီး လုပ်ငန်းရှင်များစုပေါင်း၍ ကုန်ကြမ်းရှားပါးလာမှုနှင့် ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲတစ်ခု ကျင်းပခဲ့သေးသည်။

ထိုကုန်ကြမ်းများမှာ ရှမ်းပြည်တောင်ပိုင်း၊ မြောက်ပိုင်းတို့မှတစ်ဆင့် တရုတ်နိုင်ငံအတွင်းသို့ ဝင်ရောက်နေသည်ဟု စက္ကူစက်ရုံလုပ်ငန်းရှင်များက ထိုပွဲတွင် ပြောကြားခဲ့ကြသည်။

ထို့ပြင်ပြည်ပမှတင်သွင်းသည့် စက္ကူအချောမှာလည်း ဒေါ်လာဈေးမြင့်တက်သည်နှင့်အညီ ဈေးတက်နေခြင်းမှာလည်း ဘားမားစက္ကူထုတ်လုပ်သူများအတွက် စိန်ခေါ်မှုတစ်ခုပင်။

စက္ကူအချော၏ဖြတ်စများကို ဘားဖြူထုတ်ရာတွင် အသုံးပြုရသည့်အတွက် ထိုဖြတ်စဈေးမှာ တစ်ပိဿာလျှင် ငွေကျပ် ၇၀၀ ပေးဝယ်ရသည်။ ထိုစက္ကူဈေးတက်သည်နှင့်အမျှ ထုတ်လုပ်သူများအတွက် တွက်ခြေက မကိုက်လှ။

မြန်မာနိုင်ငံပျော့ဖတ်နှင့် စက္ကူအသင်း၏ ၂၀၁၈ ခုနှစ်စာရင်းအရ အထက်မြန်မာပြည်နှင့် အောက်မြန်မာပြည်တွင် ပုဂ္ဂလိက စက္ကူစက်ရုံ စုစုပေါင်း ၁၅၀ ခန့် ရှိနေသည်။ ထိုအထဲမှ စက်ရုံနှစ်ဆယ်ခန့် ပိတ်သိမ်းထားရသည့် အခြေအနေတွင်ရှိပြီး အချို့စက်ရုံများမှာ လုပ်ငန်းလည် တစ်ရက် မလည်တစ်ရက်။

“စက်မှုဇုန်တွေက ပြောတဲ့စာရင်းအရ စက်ရုံနှစ်ဆယ်လောက်ပိတ်သိမ်း သွားတယ်။ အခု အဲဒီအတိုင်း နိုင်ငံတော်ကို တင်ပြထားတယ်။ ကုန်သွယ်ခွင့်ပိတ်တဲ့ စာရင်းမှာလည်း ဒီစက္ကူကုန်ကြမ်းက မပါဘူးလေ”ဟု မြန်မာနိုင်ငံပျော့ဖတ်နှင့် စက္ကူအသင်း၏ ဒုဥက္ကဋ္ဌလည်းဖြစ်အတွင်းရေးမှူးလည်းဖြစ်သူ ဦးကျော်မင်းက ပြောကြားသည်။

နည်းပညာလိုအပ်ချက်ကြောင့် ပြည်တွင်းစက္ကူကို အသုံးပြုသူများမှာ စိတ်ကျေနပ်မှုမရခဲ့သော်လည်း ရုံးလုပ်ငန်းများတွင် ဘောင်ချာစာအုပ်အဖြစ်တော့ သုံးနေကြသေးသည်။

သို့သော် ထိုဘောင်ချာကိုပင် ဒီဂျစ်တယ်စနစ်ဖြင့် အသုံးပြုလာကြသည့် အခြေအနေတွင် ဘားမားစက္ကူထုတ်လုပ်သည့် စက်ရုံများအတွက် အနာဂတ်မှာ စိုးရိမ်စရာ။

န၀တအစိုးရခေတ်သည် ဘားမားစက္ကူထုတ်လုပ်ရေး ရွှေရောင်လွှမ်းသောအချိန်များဖြစ်ခဲ့ပြီး ယခုမူ အနာဂတ်အတွက် မရေရာသော အဆုံးသတ်စာမျက်နှာကို ရင်ဆိုင်ရလျက်ရှိသည်။

“ပြည်ပက စက္ကူကို မီဖို့ကတော့ နည်းပညာတွေ အများကြီး လိုနေသေးတယ်။ နည်းပညာလက်လှမ်းမီရင်တောင် ငွေကြေးပိုင်းကရှိသေးတယ်။ အခုက စက္ကူကုန်ကြမ်း အခြေအနေကလည်း မကောင်းဘူးလေ” ဟု ဦးမြဝင်းက ဆိုသည်။

“တန်ချိန် သိပ်အများကြီး မထုတ်ရဲဘူး။ အခြေအနေကြည့်ပြီး လှုပ်ရှားနေရတာပဲ”

မေသက်ဇင်

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *