မစ္စတာ ဝူဒီ

သစ်သားအပိုင်းအစလေးများကို လိုရာပုံသွင်းကာ လှပသေသပ်သော အနုပညာလက်ရာများကို သူဖန်တီး၏။

သူ့ကို ခင်မင်သူများက မစ္စတာဝူဒီ ဟုခေါ်ကြသည်။

ပြင်ဦးလွင်တွင် မွေးဖွားခဲ့သည့် မစ္စတာဝူဒီ၏ အမည်ရင်းမှာ ဟိန်းကိုကိုဖြစ်ပြီး ကိုဟိန်းဟုလည်း ခေါ်သည်။ အလယ်တန်း ကျောင်းသားဘ၀ သက်မွေးသင်ခန်းစာများက သူ့ကို မစ္စတာဝူဒီအဖြစ် အထောက်အကူများစွာ ဖြစ်စေခဲ့သည်။

သစ်သား၊ ဖော့ပြားစသည်များကို အသုံးပြုပြီး လှေ၊ သင်္ဘောစသည် ပုံစံများချိုးကာ မော်တာတပ်ရင်း ရေထဲအမှန် တကယ်လွှတ်၍ ရသည်အထိ လုပ်ခဲ့ကြရသည်။ ထိုအချိန်ကတည်းက Miniature ဟုခေါ်သည့် ပုံစံငယ်လေးများ လုပ်ဆောင်ရမှုကို သူ နှစ်သက်ခဲ့သည်။ နွေရာသီဆိုလျှင် ပန်းချီသင်တန်းတက်၊ ပုံစံငယ်မော်ဒယ်ချိုးသည့် နည်းများကို ပြင်ပမှဆရာ၊ ဆရာမတို့ဖြင့် လေ့လာရင်းဝါသနာရှင်အဆင့်ကို ဖြတ်ကျော်ခဲ့သည်။

၂၀၀၆ ခုနှစ်မှစ၍ အပျော်တမ်းပြုလုပ်ခဲ့ရာမှ ၂၀၁၂ ခုနှစ်တွင် Wooden Art ဟု အမည်ပေးကာ အနီးဝန်းကျင်တွင် ရှာဖွရလွယ်ကူသည့် သစ်သား၊ သစ်ဖြတ်စများဖြင့် ဖန်တီးသည့် အနုပညာရှင်ဘ၀ကို သူ ခံယူခဲ့သည်။

သစ်ပန်းချီဟု ခေါ်ဆိုရမည့် Wooden Art ကို မြန်မာပြည်တွင် မစ္စတာဝူဒီစတင် လုပ်ကိုင်ခဲ့ခြင်းတော့ မဟုတ်။ ရှေးဆရာကြီးများက လုံမပျိုရေခပ်ဆင်းသည့် ပုံ၊ နေဝင်ချိန်ရှုခင်း၊ အင်းလေးရှုခင်းစသည့် မြင်ကွင်းအသားပေးသည့် မြန်မာမှုပုံတို့ကို သစ်ပန်းချီ၊ ကောက်ရိုးပန်းချီအဖြစ် ဖန်တီးခဲ့မှုများ ရှိသည်။

သို့သော် လူပုံ ပေါ့ထရိတ်ကိုမူ ကိုဟိန်း (ခေါ်)မစ္စတာဝူဒီက လမ်းဖောက်ခဲ့သည်။

“လူပုံ ပေါ့ထရိတ်ကို သစ်နဲ့ လုပ်တာ မရှိတဲ့အချိန်မှာ အိုင်ဒီယာရသွားတယ်။ လူပုံကို သစ်နဲ့လုပ်မယ်ဆိုရင် လိုင်းတစ်ခု ထိုးဖောက်နိုင်မယ်ပေါ့”ဟု သူ ရွေးချယ်ခဲ့သည့် လူပုံ ပေါ့ထရိတ်သစ်ပန်းချီအကြောင်းကို မစ္စတာဝူဒီက ရှင်းပြသည်။

သစ်ပန်းချီဖန်တီးရသည်မှာ အမြင် လှသလောက် လွယ်ကူသည့် အလုပ်တော့ မဟုတ်။ ပန်းချီအတတ်ကို တတ်ရသည်။ သစ်သားအမျိုးအစားအကြောင်း နားလည်ရသည်။ အဖြတ်အတောက် ကျွမ်းကျင်ရသည်။

သစ်ပြားပေါ်တွင် ကိုယ်လိုချင်သည့် ပန်းချီပုံ အရင်ဆွဲသည်။ ယင်းနောက် Cut (ဖြတ်တောက်) ချရသည်။ ပြီးလျှင် ထိုဖြတ်စများကို သူ့နေရာနှင့် သူ ပြန်ကပ်သည်။ ထိုအခါတွင် ပြီးပြည့်စုံသည့် သစ်ကပ်ပန်းချီကားတစ်ချပ် ရသည်။

မစ္စတာဝူဒီသည် သစ်ကပ်ပန်းချီကားများကို တော်တော်များများ ပြုလုပ်ခဲ့သည်။ ယင်းအထဲတွင် ဗိုလ်ချုပ်အောင်ဆန်း၊ ဒေါ်အောင်ဆန်းစုကြည်၊ မွန်ရိုး၊ မာသာထရီဆာ စသူတို့လို ကမ္ဘာကျော်ပုဂ္ဂိုလ်များလည်း ပါသည်။

ဒေါ်အောင်ဆန်းစုကြည်၏ မတူညီသည့် မျက်နှာလေးမျိုးကိုအနက်ရောင်နောက်ခံတွင် တစ်ဖြတ်ချင်းကပ်ကာ ဖန်တီးထားသည့် ပန်းချီကားများ၊ မေမြို့ကန်တော်ကြီးအတွင်းမှ လိပ်ပြာပြတိုက်ရှိ သစ်ပန်းချီများမှာ မစ္စတာဝူဒီ၏ ပြောင်မြောက်သည့် လက်ရာများဖြစ်သည်။

သူ့လက်ရာများကို စိတ်ဝင်စားလျှင် Wooden art Ko Hein Facebook မှတစ်ဆင့် ဝင်ရောက်လေ့လာနိုင်ကြသည်။

သစ်ပန်းချီကို လူကြိုက်များလာသည့် အချိန်တွင် အမှာများရှိလာသဖြင့် ဝါသနာမှတစ်ဆင့် အသက်မွေးဝမ်းကျောင်းတစ်ခု အဖြစ် လမ်းကြောင်းတစ်ခုဖြစ်လာသည်။ သင်တန်းများကိုလည်း ပြန်လည်ပို့ချပေးသဖြင့် လိုက်လံပြုလုပ်သူများလည်း ရှိလာခဲ့သည်။

ထိုအချိန်တွင် သူ တစ်ခုတွေးမိလာသည်။ နိုင်ငံတော်တော်များများတွင် ၎င်းတို့နိုင်ငံ၏ အထင်ကရနေရာများ၊ အထင်ကရအိမ်များ၊ ကာတွန်းကားဇာတ်ကောင်ရုပ်များကို မီနီးရှား (Miniature)ခေါ် အသေးစားပုံစံတူလေးများ ဖန်တီးမှုက ခေတ်စားသည်။ မြန်မာပြည်တွင်တော့ သိပ်မရှိ။

ထို့ကြောင့် မြန်မာပြည်မှ အထင်ကရတစ်ခုခုကို သစ်သားဖြင့် ပုံစံငယ်ဖန်တီးမည်ဟု စိတ်ကူးမိသဖြင့် အင်းဝရှိ မယ်နုအုတ်ကျောင်းသို့ သွားရောက်လေ့လာ ဖြစ်ခဲ့သည်။ လိုအပ်သည့် စကေးအတိုင်းအတာများ၊ ကျောင်းနှင့် သက်ဆိုင်သည့် သမိုင်းအချက်အလက်များ စုဆောင်းကာ မိမိဘာသာ စကေးပြန်ချသည်။ ပုံကြမ်း ပြန်ဆွဲသည်။

ယင်းနောက် သူ့ဘ၀ကို ပြောင်းလဲသွားစေမည့် မယ်နုအုတ်ကျောင်းပုံစံငယ်လေးကို ၂၀၁၃ ခုနှစ်ထဲတွင် သူ ဖန်တီး ဖြစ်ခဲ့လေသည်။ အချိုးအစားကျနပြေပြစ်မှု၊ မြန်မာမှုဟန်ပန်များ အပြည့်ပါဝင်မှုတို့ကြောင့် ရန်ကုန်မြို့ရှိ ပဒုမ္မာ Showroom က အားပေးသွားခဲ့သည်။ ထိုမှတစ်ဆင့် တဖြည်းဖြည်းလူသိများလာပြီး မယ်နုအုတ်ကျောင်းပုံစံငယ်လေးများကို ဆက်တိုက်ဖန်တီးပေးလာရသည်။

အချို့ကလည်း မယ်နုအုတ်ကျောင်းတစ်ခုတည်းမဟုတ်ဘဲ အခြားမြန်မာမှုများ ပါဝင်သည့် ပုံစံများကို ဖန်တီးရန် တိုက်တွန်းကြသဖြင့် ရှေးဘုန်းကြီးကျောင်းပုံစံငယ်များကိုလည်း လေ့လာကာဖန်တီး ဖြစ်သည်။

ယင်းသို့ဖန်တီးနိုင်ရန်အတွက် မြန်မာမှုဆရာဆိုင်၏ စာအုပ်များ၊ မြန်မာမှုဗိသုကာပညာရှင် တမ္ပ၀တီဦးဝင်းမောင်၏ စာအုပ်များ၊ အွန်လိုင်းတွင် ရေးသားချက်များကို လေ့လာရသည်။ ဆရာဦးဝင်းမောင်က မြန်မာမှုချစ်မြတ်နိုးသူများအတွက် အထောက်အကူဖြစ်စေရန် Facebook Group တစ်ခု ဖန်တီးကာ ယင်းတွင် သူ့ အတွေ့အကြုံများကို မျှဝေလေ့ရှိသည်။

“ကျွန်တော်တို့ ငယ်ငယ်တုန်းက ဒီလိုမျိုး တကူးတကသင်ပေးမယ့်သူတွေ မရှိဘူး။ ကိုယ်က လက်လှမ်းမီသလောက် လေ့လာရတယ်။ လိုအပ်တဲ့ အချက်အလက်တွေကို ခက်ခက်ခဲခဲစုဆောင်းရတယ်”ဟု သူလျှောက်ခဲ့သည့် လမ်းမှ အတွေ့အကြုံများကို ပြောပြနေသည်။

ဆရာကြီး တမ္ပ၀တီဦးဝင်းမောင်၏ ကျေးဇူးကြောင့် မြန်မာမှုပုံစံငယ်များစွာကို သူ ဖန်တီးနိုင်ခဲ့လေသည်။

မြန်မာမှုအပိုင်းကို နားလည်သွားသည့်အခါ နောက်တစ်ဆင့်သို့ သူ တက်လှမ်းသည်။ သူ့ ဇာတိမေမြို့ နာရီစင်၊ မြင်းလှည်းစသည်တို့ကို မီနီးရှားပုံစံငယ်လေးများအဖြစ် ဖန်တီးခဲ့ပြန်သည်။ ယင်း ပုံစံငယ်လေးများကို မေမြို့ (ပြင်ဦးလွင်) ဒေသခံတို့က အမှာများပြီး အချို့ကလည်း ဆိုင်တွင် ခင်းကျင်းပြသထားကြသည်။

နှစ်သက်သူများသဖြင့် မကြာခဏပြုလုပ်ပေးရသည့် မီနီးရှားတစ်ခုက စက်ချုပ်စက် ပုံစံငယ်ဖြစ်သည်။

မေမြို့စင်ရော်စာပေမှ အစ်မတစ်ဦးက စက်ချုပ်စက်ပုံစံငယ်လေးဖန်တီးပေးရန် တောင်းဆိုသဖြင့် ပြုလုပ်ပေးခဲ့ရာမှ အလုံးရေ ၁၀၀လောက်အထိ ဆက်တိုက်ပြုလုပ်ပေးခဲ့ရသည်။ ထိုမျှမကသေး၊ ဒီဇိုင်နာ အစ်မတစ်ဦးကလည်း ယင်းစက်ချုပ်စက်ကိုပဲ ထပ်မံဖြည့်စွက်ကာ နောက်ဘက်တွင် အဝတ်ဘီရိုငယ်လေးများပါ ဖန်တီးပေးရန် တောင်းဆိုသဖြင့် ပြုလုပ်ပေးခဲ့ရပြန်သည်။

“အဲဒီ ဒီဇိုင်းလေးကလည်း ပေါက်ပါတယ်။ လူကြိုက်များတယ်”ဟု မစ္စတာဝူဒီ က ဆိုသည်။

စက်ချုပ်စက်ငယ်လေးများကို ယနေ့အထိ ပြုလုပ်ပေးနေရဆဲ ဖြစ်သည်။

နောက်ပိုင်းတွင်တော့ မီနီးရှားများထဲတွင် မီးဆင်သည့် အနုပညာကိုပါ ထည့်သွင်းဖန်တီးဖြစ်လာသည်။ အပ်ချုပ်ဆိုင် တစ်ခု၏ မြင်ကွင်း၊ ကောင်တာ၊ အင်္ကျီချုပ်သည့် အခန်း၊ အဝတ်လဲခန်း၊ အရုပ်မော်ဒယ်လ်သေးသေးလေးများအထိ အသေးစိတ် လုပ်ခဲ့သည်။ အလှပြင်ဆိုင်ပုံစံငယ်များ၊ ကိတ်မုန့်ဆိုင်ပုံစံငယ်များအထိ သစ်သားကိုပဲ အခြေခံ၍ အနီးစပ်ဆုံးတူညီအောင် ဖန်တီးနိုင်ခဲ့သည်။

ယင်းအပြင် အင်းသားရိုးရာအိမ်ငယ်များ၊ လှေများ၊ စက်ဘီးငယ်လေးများ၊ မြင်းလှည်းများကိုပါ ဆက်လက်ဖန်တီးဖြစ်ခဲ့သည်။

“အခုချိန်ထိ ဖန်တီးဖြစ်ခဲ့တဲ့ လက်ရာပေါင်းဆိုရင် ပစ္စည်းအမျိုးအစားပေါင်း ၃၀၀ကျော်လောက် ရှိတယ်။ တစ်မျိုး စီကို ရာချီရှိတယ်ပေါ့နော်”ဟု သူဖန်တီးခဲ့သည့် အနုပညာပစ္စည်းများအကြောင်းကို ဂုဏ်ယူစွာဖြင့် ပြောပြနေသည်။

မေမြို့သားဖြစ်သည့်အတွက် မေမြို့နှင့် ပတ်သက်သည့် အမှတ်တရတစ်ခု ဖန်တီးနေသည်ဟု မစ္စတာဝူဒီက ဖွင့်ဟလာသည်။

မေမြို့အမှတ်အသားမြို့လယ်ခေါင်ရှိ ပါဆယ်တာဝါနာရီစင်ကြီးမှသည် မေမြို့၏ အကွက်တစ်ခုချင်း၊ ဘလောက်တစ်ခုချင်းစီကို အပြင်တွင် မြင်ရသည့် အတိုင်း သစ်သားဖြင့် ဖန်တီးနေခြင်းဖြစ်သည်။ အထင်ကရလမ်းမကြီးများ၊ ဒူးကြားလမ်းများသာမက ကွမ်းယာဆိုင်ငယ်လေးများပါ ပါဝင်မည်ဖြစ်သည်။

“အခုမှ ဆယ်ပုံပုံ တစ်ပုံတောင် မပြီးသေးဘူး။ အချိန်ယူရသလို ကိုယ့်မြို့ပုံစံပြန်လုပ်ရတာဖြစ်တဲ့အတွက် တာဝန်လည်း ကြီးတယ်။ လောလောဆယ်တော့ ထုတ်မပြသေးဘူး။ ၅၀ရာခိုင်နှုန်းလောက်ပြီးမှ ချပြသွားမယ်”ဟု သူဖန်တီးနေသည့် အနုပညာတစ်ခုအကြောင်းကို ပြောပြသည်။

ထို့ကြောင့်ပင် မီနီးရှားနှင့် သစ်ပန်းချီများ အော်ဒါလက်ခံခြင်းကို လျှော့ချပစ်ပြီး နောက်ဆုံးတွင် ရပ်နားရန်အထိပါ သူ စဉ်းစားထားသည်။ ၂ နှစ်အတွင်း အကုန်ရပ်နားကာ သတ်မှတ်ချက်ဖြင့်သာ ထုတ်လုပ်တော့မည်ဟု ဆိုသည်။

လူတိုင်းဝယ်နိုင်သည့်ပုံစံမဟုတ်ဘဲ တစ်ခုနှင့် တစ်ခုကို စိတ်နှစ်ပြီး အနုပညာမြောက်အောင် ဖန်တီးမည်။ ပြီးလျှင် ပြပွဲပြုလုပ်မည်ဟု မစ္စတာဝူဒီက ပြောသည်။

“သူများမှာလို့ သူများ စိတ်ကြိုက်ဖန်တီးပေးရတဲ့ပုံစံမျိုးကို ရပ်လိုက်တော့မယ်”ဟု ၎င်းက ဆိုသည်။

ဆန်းသစ်သည့် ဖန်တီးမှုအဖြစ် မိုးကုတ်ဒေသထွက် နီလာ၊ ပတ္တမြားစသည့် ကျောက်မျက်ရတနာတို့ကို အသုံးပြုကာ ရတနာဆိုင်၊ စိန်ဆိုင်အသေးစားများကို အမှာရှိသဖြင့် ဖန်တီးပေးခဲ့ရမှုလည်း ရှိသေးသည်။

မစ္စတာဝူဒီလက်ရာများသည် သစ်သားကိုသာ အဓိကအသုံးပြုထားပြီး ပစ္စည်းတစ်ခု၏ တန်ဖိုးမှာ ကျပ်နှစ်သောင်း မှစ၍ ဈေးအမျိုးမျိုးရှိသည်။

ထိုမျှမကသေး။ Wooden Art ကို စိတ်ဝင်စားသူများအတွက် သင်တန်းများလည်း ပို့ချပေးလျက်ရှိသည်။ သင်တန်း တစ်ခုအတွက် ကျပ်နှစ်သိန်းနှုန်းသတ်မှတ်ထားပြီး သစ်ပန်းချီ၏အခြေခံမှစ၍ သင်ကြားပေးနေသည်။ ပြင်ဦးလွင်နှင့် တောင်ကြီးမြို့တို့တွင် သင်တန်းများ၊ ပညာဒါနသင်တန်းများ ပို့ချပေးခဲ့ပြီး ဩဂုတ်လကုန်တွင် ရန်ကုန်မြို့တွင် ပို့ချရန်စီစဉ်လျက်ရှိသည်။

မိမိတို့ငယ်စဉ်က သစ်ပန်းချီများစတင်လုပ်ကိုင်သည့်အခါ အချိန်ဖြုန်းသည့် အလကားအလုပ်ဟု ထင်ကြပြီး အားမပေးသူများလည်း ရှိခဲ့သဖြင့် ယနေ့ခေတ်လူငယ်များတွင် ဝါသနာပါသူများကိုလည်း သူက လက်တွဲခေါ်လျက်ရှိသည်။ မိဘများ အနေနှင့်လည်း မိမိတို့ကလေးကို ဖုန်း၊ ဂိမ်းစသည်တို့တွင် အချိန်ကုန်မည့်အစား အနုပညာတစ်ခုခုတွင် စိတ်နှစ်နေခြင်းကို တွန်းအားပေးသင့်သည်ဟု အသက်၂၆နှစ်သာရှိသေးသည့် ဟိန်းကိုကို (ခေါ်) မစ္စတာဝူဒီသည် တိုက်တွန်းသည်။

လက်ရှိတွင်မူ ပြင်ဦးလွင်မြို့တွင် နေထိုင်ရင်း သစ်သားဖြတ်အပိုင်းအစများအကြား ပျော်မွေ့နေသည့် မစ္စတာဝူဒီသည် မကြာမီကာလတွင် တစ်ကိုယ်တော်ပြပွဲများပြုလုပ်ကာ နိုင်ငံတကာပြပွဲများအထိ တက်လှမ်းရန် စဉ်းစားထားသည်ဟု သူ့ ရည်မှန်းချက်ကို ပြောပြလေသည်။

မြတ်(ကလေး)

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *