လျှို့ဝှက်ချက်မရှိသော မြန်မာနိုင်ငံ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်

ကျွန်တော့်အတွေ့အကြုံအရပြောရရင် မြန်မာနိုင်ငံ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ လျှို့ဝှက်ချက်နည်းပါတယ်။ အချို့နေရာတွေမှာ မရှိသလောက်ဖြစ်ပြီး လျှို့ဝှက်ချက်တွေကို ဖုံးကွယ်ထားဖို့ခက်ပါတယ်။ တစ်ခါတစ်ရံမှာတော့ လုံးဝလျှို့ဝှက်အဖြစ်ထားလို့မရဘူးလို့တောင် ထင်ပါတယ်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ တစ်ဖွဲ့ချင်းဆွေးနွေးမှုတွေရှိလို့ လျှို့ဝှက်ချက်တွေ ရှိကောင်းရှိနိုင်ပါတယ်။ ဒါပေမဲ့ ဒီလျှို့ဝှက်ချက်တွေ၊ အပြင်ကမသိစေလိုတဲ့ အချက်တွေကို ကြာကြာဖုံးထားလို့ မရပါဘူး။ တစ်ခါတစ်ခါ ဖုံးထားတဲ့အချက်တွေဟာ Open Secret တွေ ဖြစ်နေတတ်ပါတယ်။

အချို့သောအချက်များဟာ နာရီအနည်းငယ်သာ ဖုံးကွယ်ထားနိုင်ပြီး အချို့အချက်တွေကိုတော့ ရက်ပိုင်းလောက်ပဲ ဖုံးကွယ်ထားနိုင်ပါတယ်။ အတွေ့အကြုံအရပြောရရင် အသည်းအသန် ဖုံးကွယ်ထားတဲ့ အချက်တွေဟာလည်း နောက်ဆုံးမှာ ထွက်လာရတာပါပဲ။

ဘာဖြစ်လို့လဲဆိုတော့ အကြောင်းတွေရှိပါတယ်။

ပထမဦးဆုံးအချက်ကတော့ ဆွေးနွေးပွဲတွေပြီးတိုင်းမှာ မီဒီယာတွေကို တွေ့ဆုံရှင်းပြတာတွေရှိတယ်။ မရှင်းပြရင်လည်း မီဒီယာက သူ့နည်းသူ့ဟန်နဲ့ မေးမြန်းတာရှိတယ်။ ဘက်နှစ်ဖက် သို့မဟုတ် ပါဝင်သူ လေး၊ ငါးယောက်ကို မေးလိုက်တာနဲ့ ဆွေးနွေးပွဲတစ်ခုလုံးက အကြောင်းကို ကောင်းကောင်းရေးလို့ရပါတယ်။ သတင်းသမားကောင်းတစ်ယောက်အနေနဲ့ တစ်ဖွဲ့၊ တစ်ဦးစီက အစတစ်ခုဆွဲထုတ်ပြီး ဒီအစပေါ်အခြေခံကာ သဲလွန်စလိုက်နိုင်တယ်။

တစ်ခါတစ်ရံ ဆွေးနွေးပွဲမှာ ပါဝင်သူတွေက ‘Off the Record’  ဆိုပြီး မကိုးကားဖို့ ပြောသင့်လို့ ပြောပြလိုက်တာလည်း ရှိတယ်။ ပြောတဲ့ အချိန်မှာတော့ မကိုးကားပေမယ့် နောက်တစ်ဆင့် ထပ်ပြောလိုက်တဲ့ အချိန်မှာတော့ ‘Off the Record’  မရှိတော့ဘူး။ ဒါပေမဲ့ အလွတ် သဘောလို့ပြောလိုက်တာနဲ့ လျှို့ဝှက်ချက်မရှိတော့တဲ့ သဘောပါ။

နောက်တစ်ချက်က ဆွေးနွေးပွဲမှာ ပါဝင်သူတွေ ဆွေးနွေးပွဲ အကြောင်းအရာတွေကို ပြည်သူတွေသိအောင် ပြောပြချင်တယ်။ ကျေနပ်ချက်၊ မကျေနပ်ချက်တွေကို ဖော်ပြလိုတဲ့အတွက် မီဒီယာကို အားကိုးကြတယ်။ အကုန်လုံးပြောကြတယ်။ ဒါကလည်းမဆန်းဘူး ဖြစ်နေကြပဲ။

နောက်တစ်ချက်က ဆွေးနွေးပွဲတိုင်းကို တက်ရောက်တဲ့သူတွေ၊ အထောက်အကူပြုအဖွဲ့တွေ အားလုံးပေါင်းလိုက်ရင် ဆွေးနွေးပွဲတွေထဲ မှာ လူအနည်းဆုံး ၃၀ လောက်ကနေ ၁၀၀ ကျော် ၁၅၀ လောက်အထိ ရှိတယ်။ အဲဒီပါးစပ်ပေါက်အားလုံးကို ဘယ်လိုပိတ်မလဲ။ KIO နဲ့ မြစ်ကြီးနားဆွေးနွေးပွဲတွေဆိုရင် အခန်းထဲမှာလူ ၂၀၀ ကျော်လောက်ရှိတယ်လို့ ခန့်မှန်းရတယ်။

ဆွေးနွေးပွဲလုပ်တဲ့အခါ အစိုးရ၊ လွှတ်တော်၊ တပ်မတော်၊ EAO၊ နိုင်ငံရေးပါတီတွေ စုံအောင်ပါတော့ တစ်ဖက်ဘက်က လျှို့ဝှက်မှုကို ထိန်းသိမ်းရင်တောင် နောက်တစ်ဖွဲ့က ထိန်းသိမ်းပါ့မလား မေးခွန်းမေးစရာ ဖြစ်လာတယ်။

၂၀၁၅ မတ်လ NCA အတည်ပြုမူကြမ်းရပြီးတော့ ကျွန်တော်တို့ဆီမှာ တရားဝင်လာတောင်းကြတယ်။ ပေးလို့မရဘူး မှောင်ခိုဈေးမှာတော့ရှိတယ် ရှာလို့ရတယ်လို့ ပြောလိုက်တယ်။ မကြာပါဘူး တိုင်းရင်းသားအဖွဲ့တစ်ဖွဲ့က NCA ကို အင်တာနက်ပေါ် တင်လိုက်တယ်။

အပြစ်တင်တာမဟုတ်၊ ဖြစ်တတ်တဲ့ သဘောသဘာဝ တစ်ခုကို ပြောပြတာ။

တတိယအချက်ကတော့ ငြိမ်းချမ်းရေးဆွေးနွေးသူတွေရဲ့ ခရီးစဉ်တွေ။ ဥပမာ – ချင်းမိုင်၊ မဲဆောက်၊ ရွှေလီ စသည်တို့ကို သွားတက်တာတွေဟာ လျှို့ဝှက်သွားလို့မရဘူး။ လေဆိပ်ကမထွက်ခင်ကတည်းက သိနေပြီ။ လုံခြုံရေးအရ ဒီအချက်တွေကို သိရမှဖြစ်လို့ ခရီးသွားတာလည်း လျှို့ဝှက်လို့မရဘူး။

ဒါနဲ့ဆက်စပ်လို့ ထိုင်းနိုင်ငံကို ကျွန်တော်တို့ MPC တုန်းက ဘယ်အချိန်၊ ဘယ်နှယောက် သွားသွား မသွားခင်ကတည်းက သိနေပြီ။ သိဆို ဟိုဘက်က တိုင်းရင်းသားတွေကိုတွေ့ဖို့ ပြောရတယ်။ သူတို့သိရင် ထိုင်းထောက်လှမ်းရေးသိမယ်။ သူတို့အားလုံးနဲ့သိတဲ့ ထိုင်းနိုင်ငံအခြေစိုက်မီဒီယာတွေသိမယ်။ ဆွေးနွေးပွဲမှာ လာစောင့်နေမယ်။ ဘာမှ လျှို့ဝှက်ချက် မရှိဘူး။

ထိုင်းနိုင်ငံမှာ အတိုက်အခံတွေအနေနဲ့ အကြာကြီးနေခဲ့တဲ့ ကျွန်တော်တို့အတွက် ဘာမှမဆန်းပါဘူး။ ကျွန်တော်တို့နဲ့ တိုင်းရင်းသားအဖွဲ့တွေရဲ့ ဆွေးနွေးပွဲတွေတိုင်းရဲ့ အပြင်မှာ ထိုင်းထောက်လှမ်းရေးက အမြဲစောင့်နေတာ။ ကိုယ်တောင်မသိရင် သူ့ကိုမေးရတယ်။ တစ်ခါတစ်ခါ ကိုယ်လွတ်သွားတဲ့ ကိစ္စတွေကို သူက လှမ်းပြီး Confirm လုပ်မှ ကိုယ် သိရတာတွေတောင် ရှိတယ်။

ဝန်ကြီးတွေနဲ့သွားရင် ပိုဆိုးသေးတယ်။ လေဆိပ်မှာ VIP အခန်း ကနေလာကြို၊ ပြန်ပို့ ဆွေးနွေးပွဲတစ်ခုလုံးကို စောင့်ရှောက်ပေး။ ကျေးဇူး တင်စရာပါ။ ဒါပေမဲ့ လျှို့ဝှက်ချက်တော့ မရှိတော့ဘူး။ တစ်ခါတစ်ရံ ဒီကသွားမယ့် သူကတောင် မသွားရသေးဘူး။ ထိုင်းတွေက သိနေပြီ။ အဲဒီတော့ ဒီကသွားတဲ့လူက ကိုယ့်အဖွဲ့ကို ကိုယ်မပြောဘဲ လျှို့ဝှက်သွားဖို့ ကြိုးစားလို့ကတော့ ပြဿနာတက်ပြီသာမှတ်။

တရုတ်ပြည်သွားလည်း ဒီသဘောပဲ ဘာမှလျှို့ဝှက်ချက် မရှိဘူး။

အဲဒီတော့ သင်ခန်းစာကဘာလဲ။

လျှို့ဝှက်ချက် ပေါက်ရမလားဆိုပြီးစိတ်ဆိုးလို့မရ။ လျှို့ဝှက်ချက်မရှိဘူး သို့မဟုတ် နည်းတယ်ဆိုတဲ့အချက်ကို ဆင်ခြင်တတ်ရမယ်။ ဒါပေမဲ့ လုံးဝထိန်းသိမ်းသင့်တဲ့ကိစ္စတွေကိုတော့ တာဝန်အရ သော်လည်းကောင်း၊ သိက္ခာကျင့်ဝတ်များအရသော်လည်းကောင်း၊ ဆွေးနွေးပွဲတွေမှာ စောင့်ထိန်းသင့် စောင့်ထိန်းအပ်သောအချက်ကို စောင့်ထိန်းရမှာ ဖြစ်ပါတယ်။

လျှို့ဝှက်ချက်ပေါက်လို့ဆိုပြီး လက်ညှိုးထိုးရင် အချင်းချင်းမှာသော်လည်းကောင်း၊ တစ်ဖက်အဖွဲ့နဲ့ သော်လည်းကောင်း ရန်ဖြစ်တတ်တယ်။ မိတ်ပျက်တတ်တယ်။ သတိထားဆင်ခြင်ရမယ်။

ချင်းမိုင် သို့မဟုတ် တရုတ်ပြည်ကို လျှို့ဝှက်မသွားပါနဲ့။ အနည်းဆုံးတော့ ကိုယ့်အချင်းချင်း အရင်ပြောပြပြီးမှ သွားပါ။ မသွားခင်က ပေါ်နေ မယ်။ အထူးသဖြင့်တော့ လိုအပ်လို့ လျှို့ဝှက်ဆွေးနွေးရမယ်ဆိုရင်တောင် မိမိအဖွဲ့အတွင်း အသိပေးသွားဖို့လိုမယ်။ အဖွဲ့တွင်းလိုအပ်တဲ့ Communication ရဲ့ သဘောသဘာဝကို နားလည်ရမယ်။

ဆွေးနွေးပွဲရဲ့ Stakeholders တွေလို့ပြောရင် ကျွန်တော်တို့ မြန်မာပြည်ကတင်သာမကပါဘူး၊ ငြိမ်းချမ်းရေးအပေါ် စိတ်ဝင်စားတဲ့ သံတမန်တွေ၊ NGO ၊ INGO တွေလည်း ရှိပါတယ်။ သူတို့ဟာ အဖွဲ့ပေါင်းစုံနဲ့ အချိန်တိုင်းပြောနေတာပါ။

တစ်ခါတစ်ရံ အလုပ်များနေလို့ တချို့ဆွေးနွေးပွဲတွေမှာပါတဲ့ သူတွေကို သိချင်လို့ ကိုယ်တောင် မမေးရသေးဘူး နိုင်ငံခြားသားတွေက သိနေပြီ။ ဘယ်မှာလဲ လျှို့ဝှက်ချက်။

အထူးသဖြင့် မြန်မာနိုင်ငံဆွေးနွေးပွဲလုပ်ငန်းစဉ်မှာ အဖွဲ့ပေါင်းများ စွာပါနေတယ်။ ပြည်သူတွေကလည်း သိချင်နေမယ်။ သံတမန်တွေ၊ အိမ်နီးချင်းနိုင်ငံတွေ၊ NGO တွေ အကုန်လုံးက သိချင်နေမယ်။ ဒါကြောင့် အကောင်းဆုံးပေါ်လစီကတော့ ပွင့်လင်းမြင်သာမှုပါပဲ။ ပွင့်လင်းမြင်သာမှုအပေါ် အခြေခံပြီးဆောင်ရွက်ရင် သိပ်လျှို့ဝှက်စရာ မရှိဘူး။

အကယ်၍ တကယ့်ကို လျှို့ဝှက်ချင်တယ်။ မီဒီယာကိုလည်း ပေးမသိချင်ဘူးဆိုရင်တော့ ကိုလံဘီယာနိုင်ငံက လုပ်သလို၊ ကျူးဘားလိုနေရာမျိုးမှာ တံခါးပိတ်ပြီးဆွေးနွေးပေါ့။ ဒါပေမဲ့ သတိချပ်ဖို့က ကိုလံဘီယာက အဲဒီတုန်းက FARC တစ်ဖွဲ့တည်းနဲ့ ဆွေးနွေးတာပါ။ ကျွန်တော်တို့ဆီမှာ အဖွဲ့ကများသား။

အဲဒီတော့ လျှို့ဝှက်ချက်နည်းတဲ့ သို့မဟုတ် မရှိတဲ့သဘာဝကို ဆင်ခြင်ပြီး ပွင်းလင်းမြင်သာမှုနဲ့ဆောင်ရွက်ရင် ပြဿနာနည်းနိုင်တယ်လို့ ထင်မိပါတယ်။ 

အောင်နိုင်ဦး

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *