မုတ်သုံကျိန်စာ – မိုးလုံးမည်းမျှ မရွာစေချင်ပါပေ

ယခင်ကတော့ နွေအလွန် မုတ်သုံမိုးကို မျှော်ကြသည်။ ယခုတော့ မုတ်သုံဝင်တိုင်း သောကရောက်ရသည်။

နိုင်ငံအနှံ့ မိုးကြီးရေလျှံမှုကြောင့် တောရော၊မြို့ပါမကျန် ဘေးဒုက္ခခံစားရခြင်းကြောင့် ဖြစ်သည်။ ရန်သူမျိုးငါးပါးတွင် တစ်ပါး အပါအဝင်ဖြစ်သည့် ရေဘေးအန္တရာယ်သည် မြန်မာပြည်သူတို့၏ အသက်အိုးအိမ်စည်းစိမ်ကို နှစ်စဉ်ခြိမ်းခြောက် ဖျက်ဆီးလာသည်။

၂၀၀၈ ခုနှစ် နာဂစ်ဆိုင်ကလုန်းမုန်တိုင်းကျရောက်ပြီးနောက်ပိုင်း နှစ်တိုင်းလိုလို မိုးကြီးရေလျှံမှုခပ်စိပ်စိပ် ဖြစ်လာခဲ့သည်။ ၂၀၁၅ ခုနှစ်တွင် အဆိုးရွားဆုံးရေးဘေးအန္တရာယ်ကြုံတွေခဲ့ပြီး မြန်မာ တို့၏ စိုက်ပျိုးရေး၊ မွေးမြူရေး၊ လူမှုစီးပွားဘ၀များနှင့် လမ်းတံတား အခြေခံအဆောက်အဦများ ထိခိုက်ပျက်စီးခဲ့သည်။

၂၀၁၈ မိုးဦးတွင်လည်း မြန်မာပြည်သူသိန်းနှင့်ချီ ရေဘေးဒဏ်ခံစားရပြန်သည်။ အေးမြသော မုတ်သုံမိုးသည် စိုက်ပျိုးရေး ဖြစ်ထွန်းအောင်မြင်စေခြင်းထက် ဘေးဒုက္ခဆီသို့ တွန်းပို့သည်။ မုတ်သုံသည် ကောင်းကျိုးထက် အဆိုးကျိန်စာတစ်ခု ဖြစ်နေပြီလော။

ရေလွှမ်းခံ ပဲခူးသို့

ဇူလိုင်မိုးက အညှာအတာကင်းမဲ့စွာ သည်းထန်လျက်ရှိသည်။

ရှစ်ခွင်တိုင်းတွင် ပိန်းပိတ်မှောင်မည်းနေသော မိုးသားတိမ်လိပ်တို့က သိုင်းခြုံထားသည်။ ထိုမိုးသားထုအောက် ခရီးသည်တင် မီနီဘတ်စ်ယာဉ်ငယ်သည် ရန်ကုန်မြို့စော်ဘွားကြီးကုန်း ဂိတ်ရင်းမှ ပဲခူးမြို့သို့ ခရီးနှင်ရန် ပြင်ဆင်နေသည်။

ယာဉ်ငယ်ပေါ်တွင် ခရီးသည်တစ်ဒါဇင်ခန့် ရှိသည်။ မိုးသည်းချိန်ဖြတ်သန်းလာခဲ့ရသဖြင့် ခရီးသည်များ၏အဝတ်အစားများ စိုစွတ်နေသည်။ ခရီးသည်များ၏ မျက်နှာတွင် စိုးရိမ်မှုအရေးအကြောင်းများ တွေ့ရသည်။ ၎င်းတို့သည် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးရေလျှံနေသည့် ပဲခူးမြို့သို့ ခရီးနှင်ကြမည်။

“ကားခတစ်ယောက်ကို နှစ်ထောင်နော်။ ဘတ်စ်ကားတွေ ဝင်လို့ မရတော့ဘူး။ တစ်မြို့လုံး ရေလျှံနေပြီ။ အခုမြို့ရှောင် လမ်းကနေ ပတ်ပြီး ဝင်ပေးရမှာ”ဟု ခရီးသည်တင်ယာဉ်အကူက ဆိုလိုက်သည်။

ပဲခူး-ရန်ကုန်ယာဉ်စီးခသည် ပုံမှန်ကျပ်တစ်ထောင်ဖြစ်ပြီး ရေကြီး ရေလွှမ်းမှုကြောင့် ခေါက်ချိုးဈေးတက်သွားသည်။ ခရီးသည်အချို့က ကားခဈေးနှုန်းအပေါ် စောဒကတက်သော်လည်း တောင်းသည့် ဈေးကိုသာ ပေးချေလိုက်ရသည်။

“ရေက ကားလမ်းပေါ်မှာတောင် ဒီလောက်ရှိတယ်” ဟု ယာဉ်အကူက သူ၏ခါးကို လက်ဖြင့် ညွှန်ပြရင်းဆိုပြန်သည်။ သူ၏ အဆိုအရ မော်တော်ကားလမ်းပေါ်၌ ရေထုသည် နှစ်ပေခွဲ၊ သုံးပေကျော်ကျော်ရှိနိုင်သည်ဟု မှတ်သားရသည်။

ပဲခူးစက်မှုဇုန်လမ်းကြားများ၊ မြို့ရှောင်ကွင်းလမ်းမျိုးစုံမှ မောင်းနှင်ပြီးနောက် ပဲခူးမြို့ထဲသို့ ရောက်လာသည်။ ပုံမှန်တစ်နာရီသာကြာသည့် ခရီးသည် အချိန်သုံးနာရီခန့်ကြာသည်။ ယာဉ်အကူ ပြောဆိုထားသည့်အတိုင်း ပဲခူးမြို့တွင်း ကားလမ်းမပေါ်တွင် ဝါညစ်ညစ်ရေထုသည် နှစ်ပေခွဲမှ သုံးပေအထိ ရှိသည်။ ရေစီးလည်း သန်သည်။

ယာဉ်ငယ်များ မဖြတ်သန်းနိုင်တော့ဘဲ အကြီးစားမြေသယ်ယာဉ်ကြီးများသာ မောင်းနှင်နိုင်တော့သည်။ လူနေအိမ်များ၊ ဈေးဆိုင်များ၊ ဟိုတယ်နှင့် စားသောက်ဆိုင်များကို ရေလွှမ်းလျက်ရှိသည်။ မြေနိမ့်ပိုင်းရပ်ကွက်များတွင် လူနေအိမ်များ နစ်မြုပ်နေသည်။

“ရေက မြုပ်နေပြီ။ အိမ်အောက်ထပ်မှာ ရေက လူတစ်ရပ်လောက် နက်တယ်” ဟု ပဲခူးမြို့ အေးသာယာရပ်ကွက် နယ်မြေ ၁၁၊ ၁၂ တွင် နေထိုင်သူ ဒေါ်ချိုချိုက ဆိုသည်။

ပဲခူးမြစ်သည် ပဲခူးမြို့လယ်ကို ခွဲ၍ ဖြတ်သန်းစီးဆင်းခြင်းကြောင့် မြစ်ညာဘက်ခြမ်း မြေနိမ့်ပိုင်းရပ်ကွက်များသည် ရေလွှမ်းဒဏ်ခံစားရသည်။ ရေဘေးသင့်သူများသည် နေအိမ်များကိုပစ်ပြီး ရေဘေးကယ်ဆယ်ရေးစခန်းများသို့ ခိုလှုံကြရသည်။

ယင်းသည် ဒေါ်ချိုချိုအပါအဝင် ပဲခူးမြို့နေသူများ ခံစားရသည့် ဇူလိုင်လ မိုးကြီးရေလျှံမှု သဘာဝဘေးဒုက္ခပင်ဖြစ်သည်။ ထိုဒုက္ခသည် ပဲခူးတိုင်းဒေသကြီးတစ်ခုထဲ ထိခိုက်ခံစားရခြင်း မဟုတ်ပေ။ မြန်မာပြည်သူ သိန်းနှင့်ချီ အတိဒုက္ခရောက်ခြင်း ဖြစ်သည်။

အိုးပစ်အိမ်ပစ်

၂၀၁၈ ခုနှစ် ဇူလိုင်လတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်ရှစ်ခုမှ ပြည်သူများ ရေဘေးသင့်သည်။

အိမ်ထောင်စု စုစုပေါင်း ၃၁,၉၂၂စု၊ လူဦးရေ တစ်သိန်းလေးသောင်းကျော် သည် ကယ်ဆယ်ရေးစခန်း ၃၂၇ ခု တွင် ခိုလှုံခဲ့ရသည်။ နေအိမ်များ ရေလွှမ်းသော်လည်း မရွှေ့မပြောင်းသည့် အိမ်ထောင်စု ၅၆၂၆စု၊ လူဦးရေ သုံးသိန်းနီးပါးရှိသည်။

ပဲခူးတိုင်းဒေသကြီးတွင် ပဲခူး၊ က၀၊ ဒိုက်ဦး၊ ညောင်လေးပင်၊ ရွှေကျင်၊ ဝေါ၊ တောင်ငူ၊ ကျောက်ကြီး၊ ဖြူးနှင့် ရွှေတောင်မြို့နယ်တို့တွင် ရေကြီးသည်။ မွန်ပြည်နယ်တွင် မြို့နယ်ပေါင်း ခုနစ်မြို့နယ်တွင် ရေကြီးရေလွှမ်းခဲ့ပြီး ဘီးလင်းနှင့် ကျိုက်ထို မြို့နယ်တို့သည် အဆိုးရွားဆုံးခံစားရသည်။

ကရင်ပြည်နယ်တွင် ဘားအံ၊ လှိုင်းဘွဲ့၊ ကော့ကရိတ်၊ မြ၀တီ၊ ကြာအင်းဆိပ်ကြီး၊ ဖာပွန်မြို့နယ်တို့တွင်ေ ရဘေးသင့်ခဲ့သည်။ တနင်္သာရီတိုင်းဒေသကြီးတွင် ထားဝယ်မြို့ပေါ် ရပ်ကွက်များအပါအဝင် ပုလောနှင့် တနင်္သာရီမြို့နယ်များတွင် ရေကြီးသည်။

 

ရေကြီးမှုကြောင့် တစ်နိုင်ငံလုံးတွင် နေအိမ်အလုံး ၃၀ခန့် ပျက်စီးပြီး လူ ၁၂ ဦးထက် မနည်းသေဆုံးကြောင်း ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနစာရင်းများအရ သိရသည်။

အထူးသဖြင့် မွန်၊ ကရင်ပြည်နယ်၊ တနင်္သာရီနှင့် ပဲခူးတိုင်းဒေသကြီးတို့တွင် အဆိုးရွားဆုံး ထိခိုက်ခံစားခဲ့ရသည်။ မြစ်၊ ဆည်၊ မြောင်း၊ ချောင်း၊ ကန်များ ရေပြည့်လျှံပြီး မိုးစပါးစိုက်ခင်းများသည် ရေအတိလွှမ်းသည်။ ရထားလမ်း၊ အဝေးပြေးလမ်းများ ရေလျှံခဲ့သည်။ ရထားခရီးစဉ်များ ဖျက်သိမ်းထားရသည်။

ဩဂုတ်လ ၁ ရက်အထိ ရေပြန်ကျသော်လည်း ကယ်ဆယ်ရေးစခန်းများ ဆက်လက်ဖွင့်ထားရဆဲဖြစ်ကြောင်း လူမှု ဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနညွှန်ကြားရေးမှူး ဒေါ်ဖြူလဲ့လဲ့ထွန်းက ပြောကြားသည်။

“ကရင်မှာ အချို့စခန်းတွေ ပိတ်ပြီ။ ပဲခူးမှာတော့ အချို့အိမ်ထောင်စုတွေက စခန်းကို ထပ်ရွှေ့လာတာရှိတယ်။ အဲဒီမှာ ရေကျတာတော့ ကျနေပြီ။ အခုကျမှ နေလို့မရတဲ့ အခြေအနေတွေ ရှိတယ်။ခြုံပြောရင်တော့ (ရေဘေးဒုက္ခသည်) လျော့တဲ့ အပိုင်းကို ရောက်နေပါပြီ”ဟု ၎င်းက ဆိုသည်။

စခန်းအချို့ပိတ်သိမ်း၍ နေရပ်ပြန်သူများ ရှိလာပြီဖြစ်သော်လည်း ရေဘေးသင့် တစ်သိန်းကျော်သည် ရေဘေးကယ်ဆယ်ရေး စခန်းတွင် ယာယီခိုလှုံနေရဆဲ ဖြစ်သည်။

ကယ်ဆယ်ရေးအတွက် လိုအပ်သည့် ရေနှင့် အစားအစာ၊ ထောက်ပံ့ရေးပစ္စည်းများ တန်ဖိုးကျပ်သိန်း ၆၀၀၀ဖိုး လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ထောက်ပံ့ထားသည်။

ဝန်ကြီးဌာန အပါအဝင်၊ ပရဟိတအသင်းအဖွဲ့များက ကူညီကယ်ဆယ်ရေးလုပ်သော်လည်း အကူအညီများ လိုအပ်နေဆဲ ဖြစ်ကြောင်း ပဲခူးရေဘေးကူညီကယ်ဆယ်ရေး ဆောင်ရွက်နေသည့် ကျွန်းသာယာရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးမျိုးထွဋ်ဇော်က ဆိုသည်။

“အခုလည်း ကူညီနေကြတာပါပဲ။ ဒီထက် ပိုပြီးကူညီနိုင်မယ်ဆိုရင်တော့ ကောင်းပါတယ်”ဟု ၎င်းက ဆိုသည်။

 

အစားအစာနှင့် ရေများတတ်နိုင်သည့်ဘက်မှ ထောက်ပံ့ပေးရန် ၎င်းက မျှော်လင့်သည်။ ရေပြန်ကျပြီးနောက် ပြန်လည်ထူထောင်ရေးကိုပါ ထောက်ပံ့ရန်လိုကြောင်း ၎င်းက ဆိုသည်။

ရေဘေးကြောင့် လည်ပတ်လုပ်ကိုင်နေရသော စီးပွားရေးလုပ်ငန်းများ ရပ်ဆိုင်းထားရသလို အလုပ်သမားများသည်လည်း လုပ်ငန်းခွင် မဝင်နိုင်ကြပေ။ လုပ်ငန်းခွင် မဝင်နိုင်သဖြင့် ဝင်ငွေမရှိ။ နေအိမ်များ ပျက်စီးသွားပါက ပြန်လည်ထူထောင်ရာတွင် အကျပ်အတည်းကြုံမည် ဖြစ်သည်။

“အရင်က ရေကျသွားတဲ့အခါမှာ ကူညီလာရောက်ပေးတာတွေ ရှိတယ်။ ဆန်ဘယ်လောက်၊ ဆီဘယ်လောက်။ ရိက္ခာအနေနဲ့ စီစဉ်ပေးတာတွေ ရှိတယ်။ ပြောင်းတာ၊ ရွှေ့တာအသုံးစရိတ်ပေးတာ အရင်က လုပ်ပေးတာရှိတော့ ဒါတွေလုပ်ပေးရင် ကယ်ဆယ်ရေးစခန်းက ပြောင်းတဲ့အခါ သူတို့အတွက် အများကြီးအထောက်အပံ့ဖြစ်တယ်” ဟု ၎င်းက ဆိုသည်။

 

ဘေးအန္တရာယ်ကြားက လယ်ယာ

နောက်ထပ်အဓိကကျသည့် ပြန်လည်ထူထောင်ရေးလုပ်ငန်းသည် စိုက်ပျိုးရေးကဏ္ဍဖြစ်သည်။

ရေဘေးအန္တရာယ်ကြုံလျှင် အဓိကထိခိုက်ခံစားရသူသည် တောင်သူလယ်သမားများဖြစ်သည်။ ၎င်းတို့၏ နေအိမ်များ ရေလွှမ်းဒဏ်ခံရပြီး သီးနှံစိုက်ခင်းနှင့် သိုလှောင်ရုံအတွင်းထည့်ထားသော မျိုးစေ့များ ဆုံးရှုံးသည်။

စိုက်ပျိုးရေးလုပ်ငန်းသည် မြန်မာနိုင်ငံ၏ ကျောရိုးစီးပွားရေးဖြစ်ပြီး ပြည်တွင်းကုန်ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုတန်ဖိုး (GDP) ၏ ၂၃ရာခိုင်နှုန်းဖြစ်ခြင်းကြောင့် စိုက်ပျိုးရေးလုပ်ငန်းထိခိုက်လျှင် တိုင်းပြည်၏ စီးပွားရေးကိုပါ သက်ရောက်သည်။

၂၀၁၅-၁၆ဘဏ္ဍာနှစ်တွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အနှံ့ရေကြီးရေလွှမ်းသဖြင့် စီးပွားရေးတိုးတက်နှုန်းနှေးကွေးခဲ့ကြောင်း ကမ္ဘာ့ဘဏ်နှင့် အာရှဖွံ့ဖြိုးရေးဘဏ်တို့က အကဲဖြတ်ခဲ့သည်။

ယခုနှစ် ဇူလိုင်လရေကြီးရေလွှမ်းမှုကြောင့် သီးနှံစိုက်ဧကပေါင်းခုနစ်သိန်းကျော် ရေလွှမ်းခဲ့ပြီး ဧကခြောက်သိန်းကျော် ပြန်ပေါ်သည်။ ပြန်ပေါ်သည့် စိုက်ခင်းများထဲတွင် စုစုပေါင်းသီးနှံစိုက်ဧကသုံးသိန်းကျော် လုံးဝပျက်စီးကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနလက်ထောက် အတွင်းဝန်ဦးမျိုးတင့်ထွန်းက ဆိုသည်။

နှမ်းစိုက်ဧကနှစ်သိန်းကျော်ဖြစ်ပြီး မိုးစပါးစိုက်ဧကတစ်သိန်းကျော်ပျက်စီးခြင်း ဖြစ်သည်။ ပျက်စီးဆုံးရှုံးစာရင်းကို တစ်ပတ်တစ်ကြိမ်ကောက်ယူလေ့ရှိပြီး ပျက်စီးဧကထပ်တိုးဖွယ်ရှိကြောင်း ၎င်းက ဆိုသည်။ ဇွန်လတွင် ရွာသည့် မိုးကြောင့် မိုးနှမ်းနှင့် နွေနှမ်း စိုက်ဧကငါးသောင်းခွဲ ပျက်စီးခဲ့သေးသည်။

မိုးဦးကာလဖြစ်သဖြင့် သက်တမ်းတိုမိုးစပါးများ ပြန်လည်စိုက်ပျိုးလျှင် အထွက်နှုန်းကို မထိခိုက်နိုင်ကြောင်း ၎င်းက ဆိုသည်။

“မိုးစပါးက အထွက်နှုန်းကို မထိခိုက်နိုင်ဘူး။ အခုဖြစ်တာက မိုးဦးပိုင်းမှာ ဖြစ်တာဆိုတော့ ပြန်စိုက်ရင်အချိန်မီတယ်။ သက်တမ်းတို စပါးပေါ့။ ရက်ကိုးဆယ်တို့၊ ရက်တစ်ရာစပါးတို့ ပြန်စိုက်ရင် မီတယ်” ဟု ၎င်းက ဆိုသည်။

ပြန်လည်စိုက်ပျိုးရန်အတွက် လိုအပ်သည့် မိုးစပါးများထောက်ပံ့သွားမည်ဖြစ်သည်။ စိုက်ပျိုးရေးသွင်းအားစုများ၊ မြေယာထွန်ယက်ရာတွင် ဝန်ကြီးဌာနက ပါဝင်ကူညီရန် စီစဉ်ထားသည်။ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် (MRF) ကလည်း ပါဝင်ကူညီမည်ဟု ထုတ်ပြန်ကြေညာထားသည်။

လက်ရှိအချိန်သည် လူ့အသက်ဘေးအန္တရာယ်၊ စားဝတ်နေရေးနှင့် ကူးစက်ရောဂါများမဖြစ်ပွားရန် ကူညီကယ်ဆယ်ရသည့် အချိန်ဖြစ်ပြီး ရေပြန်ကျပါက သီးနှံများပြန်လည်စိုက်ပျိုးနိုင်ရန် ကူညီမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် အထွေထွေ အတွင်းရေးမှူးဦးရဲမင်းအောင်က ပြောဆိုသည်။

“အခက်အခဲရှိတဲ့ တောင်သူလယ်သမားတွေ ဆန်စပါးအသင်းချုပ်နဲ့ ဆက်သွယ်ဖို့ပေါ့။ မျိုးလိုရင် မျိုးပေါ့။ ဓာတ်မြေဩဇာ၊ ပိုးသတ်ဆေးတို့ ဆက်လုပ်ရမယ့်ကိစ္စတွေမှာ ထိထိရောက်ရောက်ကူညီပေးနိုင်ဖို့ အခုကတည်းက ဆောင်ရွက် သွားမယ်”ဟု ၎င်းက ဆိုသည်။

အစိုးရသည် တောင်သူလယ်သမား အခွင့်အရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေးဥပဒေနှင့်အညီ ရေးဘေးဒဏ်ခံစားရသည့် လယ်သမားများကို ကူညီရန်လည်း ၎င်းက တိုက်တွန်းသည်။

ယင်းဥပဒေအရ သဘာဝဘေးကြောင့် သီးနှံများပျက်စီးလျှင် ချေးငွေအပါအဝင် လိုအပ်သည့်အကူအညီများ ထောက်ပံ့ပေးရမည် ဖြစ်သည်။ ကူညီရာတွင် လုပ်ကွက်ငယ် လယ်သမားများပျက်စီးဆုံးရှုံးမှု သက်သာစေရန် ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေမှ ထိုက်သင့်သည့် ပမာဏတစ်ခုသုံးစွဲရန်လည်း ပါရှိသည်။

ဇူလိုင်ရေကြီးမှုသည် နှမ်းစိုက်ဧကများ အဓိကပျက်စီးခြင်းကြောင့် ယခုနှစ်တွင် နှမ်းဆီဈေးမြင့်နိုင်သည်။ ဆန်စပါးသည် ဧကတစ်သိန်းပျက်စီးခြင်းကြောင့် အချိန်မီပြန်စိုက်နိုင်လျှင် မျိုးစရိတ်သာဆုံးရှုံးဖွယ်ရှိသည်။ သို့သော် ပြည်တွင်း စားနပ်ရိက္ခာအတွက် မထိခိုက်နိုင်ကြောင်း ဦးရဲမင်းအောင်က ဆိုသည်။

“ဘာမှစိုးရိမ်စရာတော့မရှိဘူး။ အစ်ကိုတို့ တိုင်းပြည်အနေအထားအရ လုံလောက်တဲ့ စပါးထုတ်လုပ်မှုရှိတယ်။ ပိုလျှံတဲ့အတွက်ကြောင့် ပြည်ပကို တင်ပို့ရောင်းချနေတာ ဖြစ်တယ်။ ပူပန်စရာ အကြောင်းမရှိဘူး” ဟု ၎င်းက ဆိုသည်။

သို့သော် ပြောင်းလဲလာသည် ရာသီဥတုဖြစ်စဉ်များနှင့်အညီ သီးနှံစိုက်ပျိုးရေးလုပ်ငန်းများ ပြောင်းလဲရန် လိုအပ်လာပြီဖြစ်သည်။ နောက်ထပ်ဖော်ဆောင်ရမည့်အချက်မှာ သဘာဝဘေးအန္တရာယ်ထိခိုက်ခံစားရမှုကို လျော့ပါးသက်သာစေမည့် အကာအကွယ်၊ အစီအမံများ ဖြစ်သည်။

ရေဘေးကို အန်တုခြင်း

ကမ္ဘာပေါ်တွင် ရာသီဥတုသဘာဝဘေးထိခိုက်ခံစားရအလွယ်ဆုံး ၁၀ နိုင်ငံ ထဲတွင် မြန်မာနိုင်ငံ ပါဝင်သည်။

နှစ်စဉ်မိုးရွာသွန်းမှုပမာဏမြင့်မားလာကြောင်းလည်း မိုးလေ၀သပညာရှင်များက သတိပေးထားသည်။ သစ်တောများ ပြုန်းတီးလာခြင်း၊ မြစ်ချောင်းများ တိမ်ကောလာခြင်းအကျိုးဆက်သည် ယခုကဲ့သို့ ရေဘေးဒုက္ခများခံစားလာရခြင်း ဖြစ်သည်။

ရေကြီး၊ရေလွှမ်းစေသည့်အကြောင်းအချက်များကို စနစ်တကျပြုစုပြီး ယင်းအကြောင်းအချက်များကို ရေတို၊ ရေရှည်စီမံချက်များ ချမှတ်ဆောင်ရွက်ရမည်ဖြစ်ကြောင်း ပညာရှင်းများက ထောက်ပြကြသည်။ ရေရှည်လုပ်ငန်းတွင် သစ်ပင်များ ပြန်လည်စိုက်ပျိုးရမည်။ မြစ်၊ ချောင်း၊ ရေနုတ်မြောင်းများ ပြန်လည်တူးဖော်ရမည်။

မြစ်ကြောင်းဖွံ့ဖြိုးရေး၊ ဆည်တည်ဆောက်မှုများကို စနစ်တကျ စဉ်းစားတွက်ချက်ကြရမည်ဟု ဆိုကြသည်။

တိကျမှန်ကန်သည့် မိုးလေ၀သသတင်းအချက်အလက်များ ထုတ်ပြန်နိုင်မည့် နည်းပညာများဖြည့်ဆည်းရမည်ဖြစ်ကြောင်း မြန်မာအစိမ်းရောင်ကွန်ရက်ဥက္ကဋ္ဌ ဒေါ်ဒေဝီသန့်စင်က ဆိုသည်။ ပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိရှိရန်လည်း လိုအပ်သည်။

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနကို ဘက်ဂျက်လုံလုံလောက်လောက်ချပေးရန်နှင့် သဘာဝဘေးအန္တရာယ်တုံ့ပြန်ရေး အစီအစဉ်များကို ဟန်ပြမဟုတ်ဘဲ အမှန်တကယ်လေ့ကျင့်ပေးရန်လိုကြောင်း ၎င်းက ဆိုသည်။

မိုးလေ၀သနှင့် တိုက်ရိုက်ဆက်စပ်သည့် စိုက်ပျိုးရေးလုပ်ငန်းကိုလည်း ပြောင်းလဲလာသည့် ဥတုနှင့်အညီ စိုက်နည်းစနစ်များ ပြောင်းလဲရမည်ဖြစ်ကြောင်း မုတ်သုံကျေးလက်ဖွံ့ဖြိုးရေးအဖွဲ့အမှုဆောင်ဒါရိုက်တာ ဒေါက်တာသောင်းထွန်းက ပြောသည်။

“အထူးသဖြင့် ရေကြီးနိုင်တဲ့ ဒေသတွေမှာ ရေမြုပ်ဒဏ်ခံနိုင်တဲ့ စပါးတွေမျိုးသစ်တွေ စမ်းသပ်လုပ်သင့်တယ်။ ဒါတွေကို နိုင်ငံတော်က လုပ်သင့်တယ်” ဟု ၎င်းက ဆိုသည်။

အစိုးရက ဦးဆောင်ပြီး မျိုးစပါးများ စနစ်တကျသိုလှောင်ပြီး သဘာဝဘေးကြုံပါက ပျက်ဆီးဆုံးရှုံးသည့်လယ်ယာများ အချိန်မီစိုက်ပျိုးနိုင်ရန် ထောက်ပံ့ပေးနိုင်ရမည်။ သီးနှံအာမခံစနစ် ပီပီပြင်ပြင်ဖြစ်လာရန်လည်း ၎င်းက တိုက်တွန်းသည်။

ဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးလုပ်ငန်းစဉ်သည် အပြောလွယ်သလောက် အလုပ်ခက်သည့်လုပ်ငန်းများ ရှိသည်။ မြစ်ကြောင်းများ တူးဖော်ရာတွင် ဘဏ္ဍာရေးအရအခက်အခဲရှိနိုင်ကြောင်း ဒေါက်တာသောင်းထွန်းက ဆိုသည်။ သို့သော် မလုပ်ရင်လည်း မဖြစ်။

ကမ္ဘာ့ရာသီဥတုကို စမတ်ကျကျ ရင်ဆိုင်နိုင်မည့် အစီအစဉ်များ မပြင်ဆင်ထားလျှင် မြန်မာတို့၏ လူမှုဘ၀များ ပရုတ်လုံးကဲ့သို့ လုံးပါးပါးတော့မည်။

လက်တလောတွင်မူ မိုးက ကောင်းနေဆဲ ဖြစ်သည်။ ဒေသအချို့တွင် ရေကျသွားပြီဖြစ်သော်လည်း ပြည်သူသိန်းနှင့်ချီ ရေဘေးကယ်ဆယ်ရေးစခန်းများတွင် ခိုလှုံနေရဆဲဖြစ်သည်။ မိုးဆက်လက်ကြီးနေဦးမည်ဆိုလျှင် မြန်မာတို့ ဆက်ကျပ်တည်းဖို့သာရှိသည်။

ယင်းသို့မဖြစ်ရန် မြန်မာသံ တေးသံရှင် စန္ဒာရားလှထွဋ်၏ သီချင်းလေးအတိုင်းဖြစ်လာရန် ဆိုညည်းဆုတောင်းမိသည်။

“ဆည်းမြောင်းချောင်းကန်၊ ပြည့်လျှံတိုးအောင် မိုးလုံးမည်းမျှ မရွာစေချင်ပါပေ …။ ဆည်မြောင်းချောင်းကန်၊ အသင့်အမှန်ဖြိုးရန် ပုလဲလုံးရွဲအလှ ရွာစေချင်ပါပေ …”

နိုင်လင်းအောင်

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *