အခြေခံဥပဒေပြင်ဆင်ရေးနှင့် သုံးပွင့်ဆိုင်အကျိုးစီးပွား

မြန်မာ့ဒီမိုကရေစီအကူးအပြောင်းတွင် အသံအကျယ်ဆုံးကိစ္စ တစ်ခုရှိသည်။ ယင်းမှာ ‘၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး’ ဟူသောကိစ္စဖြစ်သည်။ အများစုက ပြင်မည်ဟုအော်ကြသည်။ သို့နှင့်တိုင် ‘အော်သာအော် ပုံမပေါ်’ သော ကိစ္စတစ်ခုဖြစ်နေသည်။ တစ်လောက လက်ရှိအာဏာရ NLD ပါတီ၏ ညီလာခံတွင် ၂၀၀၈ ဖွဲ့ စည်းပုံအခြေခံဥပဒေကိုပြင်မည်ဟူသောအသံကို တိတိကျကျ ကြားလိုက်ရသည်။ အတော်လေး စိတ်ဝင်စားမိပါသည်။ သည်လောက်ပြင်ဆင်ဖို့ ခက်ခဲအောင် ရေးဆွဲထားသော အခြေခံဥပဒေကိုပြင်မည်ဟုဆိုသည်ကိုး။ သို့နှင့် သိလိုစိတ်တို့က ထိပ်တက်သွားသည်။ မေးခွန်းတွေလည်း တသီကြီးလျှံကျလာတော့သည်။ ဘာတွေပြင်မည်လဲ …၊ ဘယ်လိုပြင်မည်လဲ …၊ ဟူ၍ …။

၂၀၀၈ ခြေ/ ဥ ပဋိသန္ဓေယူခြင်း

၁၉၉၂ခုနှစ် ဧပြီလတွင် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအစိုးရအဖွဲ့၏ အမျိုးသားညီလာခံ ခေါ်ယူရေးအမိန့်ကြေညာစာ အမှတ် ၁၁/၉၂ ကို ထုတ်ပြန်သည်။ ထို့နောက်မှာတော့ လက်ရှိဖွဲ့စည်းပုံအခြေခံဥပဒေ ပေါ်ပေါက်လာဖို့အတွက် ၁၉၉၃ ခုနှစ် ဇန်နဝါရီလ ၉ ရက်နေ့တွင် အလုံလမ်းရှိသမ္မတအိမ်တော်မှာ အမျိုးသားညီလာခံကို စတင်ကျင်းပခဲ့ကြပါသည်။ NLD ပါတီမှ ဦးအောင်ရွှေအပါအဝင် ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသော်လည်း ၁၉၉၅ ခုနှစ် နိုဝင်ဘာတွင် NLD ကိုယ်စားလှယ် ၈၆ ဦး က အမျိုးသားညီလာခံကို သပိတ်မှောက်ကျောခိုင်းခဲ့ကြသည်။ ဤသို့ဖြင့် ရွေးကောက်ပွဲအနိုင်ရပါတီကြီးတစ်ခု၏ နိုင်ငံအရေးအနာဂတ်ဖြစ်စဉ်များအပေါ် မူဘောင်ရေးဆွဲနိုင်သည့် အခွင့်အရေးကို ဆုံးရှုံးခဲ့ရလေသည်။ ထို့နောက် ၁၉၉၆ ခု မတ်လတွင် ညီလာခံကို ရပ်နားခဲ့ပြီး နောက်ထပ်ရှစ်နှစ်အကြာ ၂၀၀၄ ခုနှစ်တွင် ပြန်လည်ကျင်းပနိုင်ခဲ့သည်။ ၂၀၀၇ ခုနှစ် စက်တင်ဘာတွင် အခြေခံမူများအားလုံး ရေးဆွဲပြီးစီးခဲ့ပြီးနောက် နေပြည်တော်တွင် အခြေခံဥပဒေမူကြမ်းကို ဆက်လက်ရေးဆွဲခဲ့ကြသည်။ ၎င်းနောက်မှာတော့ ၂၀၀၈ ခုနှစ် မေလ ၂၉ ရက်နေ့တွင် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေကို အတည်ပြုခဲ့ကြပါသည်။ ဤသည်ကား ဇာတ်လိုက်ကျော် ‘ခြေ/ဥ’၏ ပဋိသန္ဓေယူခြင်းအကြောင်း …။

ဘာတွေပြင်မှာလဲ

NLD ပါတီခေါင်းဆောင်များက ဖွဲ့စည်းပုံအခြေခံဥပဒေကိုပြင်မည်ဟု ဆိုသည်။ သို့သော် ဘာတွေပြင်မှာလဲဆိုသည်ကိုတော့ အတိအကျ အဖြေမပေး။ နိုင်ငံရေးအရ လျှို့ဝှက်ထားခြင်းလည်း ဖြစ်နိုင်သည်။ ရှိစေတော့။ သို့နှင့် ပြင်ဆင်မည်ဆိုသော အခြေခံဥပဒေကို စိတ်ကူးဖြင့် ပိုင်းဆစ်ကြည့်မိသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေတွင် အဓိကကျသောအစိတ်အပိုင်းကြီး သုံးခု ပါဝင်သည်။

၁။ ရည်ရွယ်ချက် (Intentions)
၂။ ဖွဲ့စည်းတည်ဆောက်ပုံ (Structure)
၃။ အာဏာပိုင်းခြားသတ်မှတ်ခြင်း (Power-Separation)ဟူ၍။

အတိုချုပ်ရှင်းပါမည်။ ရည်ရွယ်ချက်ဆိုသည်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေကို မည်သည့်အကြောင်းအရာများအတွက် ရည်ရွယ်ရေးဆွဲထား သလဲဆိုသည့်အချက်ဖြစ်ပါသည်။ သို့ဆိုလျှင် ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖြစ်တည်ပေါ်ပေါက်စေခဲ့သော အမျိုးသားညီလာခံ၏ ရည်မှန်းချက်များကို လေ့လာရပေမည်။တို့တာဝန်အရေးသုံးပါးအပါအဝင် တရားမျှတ၍ လွတ်လပ်ခြင်း၊ ပါတီစုံဒီမိုကရေစီစနစ် ထွန်းကားရေး၊ အနာဂတ်နိုင်ငံတော်၏ ဦးဆောင်မှုအခန်းကဏ္ဍတွင် တပ်မတော်က ပါဝင်နိုင်ရေးဟူသော ရည်ရွယ်ချက်ခြောက်ခုသည် လက်ရှိဖွဲ့စည်းပုံအခြေခံဥပဒေ၏ ရည်ရွယ်ချက်များဖြစ်သလို အနှစ်သာရများဟုလည်း ဆိုနိုင်သည်။

အခြေခံဥပဒေ၏ တည်ဆောက်မှုအပိုင်းကတော့ ၎င်း၏ ရည်ရွယ်ချက်များကို အကောင်အထည်ဖော်နိုင်ဖို့ ဒီဇိုင်းဆင်ထားခြင်းဖြစ်သည်။ အုပ်ချုပ်ရေးနှင့် ဥပဒေပြုရေးတွင် တပ်မတော်က အတိုင်းအတာတစ်ခုထိ ပါဝင်ထားသည်ကို တွေ့ရပေလိမ့်မည်။ အများသိပြီးဖြစ်သည့်အတွက် အကျယ်မဖွင့်လိုတော့ပါ။

အာဏာဖြန့်ခွဲပုံကိုလေ့လာကြည့်လျှင် ဒီမိုကရေစီစနစ်၏ အသက်သွေးကြောဖြစ်သည့် မဏ္ဍိုင်ကြီးသုံးရပ်ကို အာဏာခွဲဝေအပ်နှင်းထားပြီး အပြန်အလှန်ထိန်းကျောင်းမှုကို အားပေးသည်။ ပြည်ထောင်စုပုံစံဖြစ်သော်လည်း ဗဟိုချုပ်ကိုင်မှုကဲထားသော ပုံစံဖြစ်သည်။ တိုင်းဒေသကြီး၊ ပြည်နယ်နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများကို လုပ်ပိုင်ခွင့်များအထိုက်အလျောက် ပေးအပ်ထားသော်လည်း ပါးလျလွန်းသည်။ (ဇယား၂ ဇယား ၃ ၊ ဇယား ၅ အရ ) တစ်ပြည်ထောင်ဆန်သော ပြည်ထောင်စုစနစ်ပုံစံ ဖြစ်သည်။

သို့ဆိုပါလျှင် အထက်ပါအကြောင်းအရာကြီး သုံးခုထဲမှ ဘာကို ပြင်ကြမည်နည်း။ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်မည်ဆိုလျှင် ပုဒ်မတစ်ခု ချင်းကို ပြင်ဖို့ထက် ၎င်းတွင်ပါဝင်နေသော သဘောသဘာဝအကြောင်း အရာများထဲက တစ်ခုခုကို ရွေးချယ်ပြင်ဆင်ခြင်းသည်သာ အဓိပ္ပာယ်ရှိသော ပြင်ဆင်မှုဖြစ်ပါသည်။ အဘယ့်ကြောင့်ဆိုသော် အခြေခံဥပဒေများ၏ သဘာဝမှာ အကြောင်းအရာများကို ပုဒ်မများစွာဖြင့် ဆက်စပ်တည် ဆောက်ထားသောကြောင့်ဖြစ်ပါသည်။ ပြင်မည်ဆိုသော NLD ပါတီအနေဖြင့်လည်း Plan တစ်ခုခုတော့ ရှိနှင့်ပြီးသားဖြစ်လိမ့်မည်ထင်ပါသည်။

ဘယ်လိုပြင်မှာလဲ

NLD ပါတီအာဏာရလာတော့ စာရေးသူစိုးရိမ်မိတာ တစ်ခုရှိခဲ့ သည်။ ယင်းမှာ ၎င်းတို့၏ကြွေးကြော်သံဖြစ်သော အခြေခံဥပဒေပြင်ဆင်ရေးကိစ္စကြောင့်ဖြစ်သည်။ ခြေ^ဥ ပြင်ဆင်ရေးကို ထောက်ခံသည်။ တပ်မတော်နှင့် ပြဿနာတက်မှာကိုတော့ စိုးရိမ်မိသည်။ သို့သော် စိုးရိမ် သလိုဖြစ်မလာခဲ့ပါ။ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ကပင် ခြေ/ဥ ကို ပြည်သူမနာစေတဲ့နည်းလမ်းဖြင့်ပြင်မည်ဟု ပြောလာခဲ့သည်။ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲအပြီး လွှတ်တော်တွင်းမှ ပြင်ဆင်နိုင်ဖို့ကြိုးစားရာမှာ မအောင်မြင်ခဲ့ရသည့် လက်တွေ့သာဓကကြောင့်လည်းဖြစ်နိုင်သည်။ မည်သို့ပင်ဆိုစေကာမူ အရပ်ဘက်စစ်ဘက်ဆက်ဆံရေး ထိခိုက်ပြီး ဒီမိုကရေစီကတိမ်းကပါးဖြစ်မည့်အရေးကို စိုးရိမ်ပူပန်နေမိသည့် သာမန်ပြည်သူတစ်ယောက်အနေနှင့်တော့ ဇွတ်မတိုးခဲ့ခြင်းကို ဝမ်းသာမိသည်။ ကျေးဇူးလည်းတင်သည်။

ပြင်မည်ဆိုလျှင် အကြောင်းအရာပိုင်းကို အရင်ရွေးချယ်ရမည်ဖြစ်သည်။ အကြောင်းအရာပိုင်း သတ်မှတ်ပြီးလျှင် ဘယ်လိုပြင်မလဲဆိုတာ နည်းလမ်းရှာရမည်။ အားလုံးသိကြသည့်အတိုင်း ၂၀၀၈ အခြေခံဥပဒေမှာ တပ်မတော်၏ သဘောတူညီချက်မပါဘဲ ပြင်ဖို့မလွယ်။တပ်မတော်မှာလည်း ကိုင်စွဲထားသော အခြေခံမူဝါဒများရှိနေသည်ဖြစ်ရာ ပြင်ဆင်လိုသောအချက်များသည် ၎င်းတို့၏မူဝါဒများနှင့် သဟဇာတမဖြစ်သည့်တိုင် ဝိရောဓိဖြစ်နေလို့တော့မရပေ။ သို့ဆိုလျှင် တပ်မတော်ဘက်က သဘောတူညီချက်နှင့် ပြင်လို့ရအောင် ဘယ်လိုနည်းလမ်းရှာကြမည်နည်း …။

စာရေးသူ၏စဉ်းစားချက် နှစ်ခုရှိပါသည်။

၁။ တပ်မတော်ဘက်က သဘောတူညီနိုင်မည့်အချက်တို့ကို အရင်ပြင်ကြမလား …
၂။ မိမိတို့ပြင်ဆင်လိုသည့်အချက်တို့ကို တပ်မတော်ဘက်က သဘောတူလာအောင် လုပ်ယူကြမလား …

ဒုတိယနည်းလမ်းကတော့ ကြာနိုင်သည်။ မိမိတို့ပြင်ဆင်လိုသော အချက်များသည် တပ်မတော်ဘက်က လတ်တလောအနေအထားအရ လက်ခံလို့မရသော အခြေအနေများဖြစ်နေခဲ့လျှင် အထပ်ထပ်အဖန်ဖန် ညှိနှိုင်းရဖို့ရှိသည်။ နှစ်ဖက်ယုံကြည်မှု နားလည်မှု အပြန်အလှန်တည်ဆောက်ဖို့လိုသည်။ ယုံကြည်မှုတည်ဆောက်သည်ဆိုခြင်းမှာ အပြောလွယ်သလောက် အလုပ်ကခက်သည်။ အနည်းဆုံးတော့ အခ်ျိန်ယူရသည်။ သို့ဆိုလျှင် ပထမနည်းလမ်းက အဆင်ပြေဖို့ ပိုလွယ်နိုင်သည်။ ပထမနည်းလမ်းကိုရွေးလျှင် နိုင်ငံရေးမှာ အစိုးရနှင့် တပ်မတော်၏ ‘ဘုံတူညီချက်’ နှင့် ‘ဘုံလိုအင်ဆန္ဒ’ ကို ရှာရမည်။ ဘယ်အကြောင်းအရာ ဖြစ်မည်နည်း။

စာရေးသူကတော့ ‘ငြိမ်းချမ်းရေး’ ကိစ္စကို လှမ်းမြင်သည်။ အစိုးရက ငြိမ်းချမ်းရေးအတွက်အားစိုက်ကြိုးပမ်းနေသလို တပ်မတော်ကလည်း ငြိမ်းချမ်းရေးရဖို့ လိုလားနေသည်။ ငြိမ်းချမ်းရေးကိုလိုချင်သော ဆန္ဒမှာ အစိုးရနှင့် တပ်မတော်၏ တူညီစွာပြင်းပြနေသောချဉ်ခြင်း တစ်ခုဖြစ်သည်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် ဆက်စပ်ပတ်သက်နေသော အကြောင်းအရာတို့ကို ပြင်မည်ဆိုလျှင် အဆင်ချောနိုင်မည်ဟု မျှော်လင့်ရသည်။

ခြေ/ဥ ပြင်ဆင်ခြင်းနှင့် ငြိမ်းချမ်းရေးရလဒ်များ

ငြိမ်းချမ်းရေးနှင့်ပတ်သက်လျှင် ဘယ်အချက်တွေပြင်မလဲဆိုတာကိုတော့ အားလုံးညှိကြရမည့်ကိစ္စသာဖြစ်သည်။ အဓိကတော့ ဗဟိုချုပ်ကိုင်မှုကိုလျှော့ချပြီး Power and Resource Sharing   ကိစ္စများကို စဉ်းစားသင့်သည်။ တိုင်းဒေသကြီးနှင့် ပြည်နယ်များ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများကို အုပ်ချုပ်ရေးနှင့် ဥပဒေပြုရေးကိစ္စများအတွက် လုပ်ပိုင်ခွင့်ပိုမိုပေးအပ်ခြင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များ၏ ဝန်ကြီးချုပ်များခန့်အပ်ရာတွင် ပြည်နယ်နှင့်တိုင်းမှ မဲဆန္ဒရှင်များ၏ သဘောထားအတိုင်းဖြစ်စေခြင်း၊ ဘတ်ဂျက်ခွဲဝေမှုနှင့် ဘတ်ဂျက်စီမံခန့် ခွဲမှုဆိုင်ရာကိစ္စများတွင် ပြည်နယ်များအတွက် လုပ်ပိုင်ခွင့်ပိုပေးဖို့ အစရှိသော အကြောင်းအရာများကို ပြင်ဆင်ပေးနိုင်လျှင် တိုင်းရင်းသားများ အထူးလိုလားနေသော တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အတွက် အထိုက်အလျောက် ဖြေလျှော့ပေးပြီးသား ဖြစ်သွားပါလိမ့်မည်။

ထိုအခါ လက်တွေ့ရလဒ်ထွက်လာသည့်အတွက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ယခုထက်ပိုပြီး မြန်ဆန်ချောမွေ့သွားဖွယ်ရာ ရှိပါသည်။
ငြိမ်းချမ်းရေးအတွက်ရည်ရွယ်ပြီး ခြေ/ဥ ပြင်ဆင်နိုင်မည်ဆိုပါက အစိုးရ၊ တပ်မတော်၊ တိုင်းရင်းသားအဖွဲ့အစည်းများနှင့် ပြည်သူများ အားလုံးအတွက် အကျိုးရှိပါလိမ့်မည်။ အစိုးရအနေနှင့် ခြေ/ဥ ပြင်ဆင်မည်ဟူသော ရွေးကောက်ပွဲကတိကဝတ်ကို အကောင်အထည်ဖော်ပေးရာ ရောက်မည်ဖြစ်မည်ဖြစ်သလို ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ အောင်မြင်ခြင်းအတွက်လည်း ပါတီမှာ ထောက်ခံမှုပိုပြီးရရှိလာနိုင်သည်။တပ်မတော်အနေနှင့်လည်း ခြေ/ဥ ပြင်ပေးနိုင်ခြင်းအတွက် နိုင်ငံရေးအရဂုဏ်သိက္ခာ ပိုတက်သွားမည်ဖြစ်သလို တပ်မတော်၏ နိုင်ငံရေးလိုက်လျောမှုကိုပြသနိုင်သည့်အတွက် တိုင်းရင်းသားပြည်သူများ၏ ယုံကြည်မှုနှင့်မေတ္တာကို ပိုမိုရရှိသွားနိုင်ပါသည်။ ယင်းလက်တွေ့ရလဒ်ကြောင့် ငြိမ်းချမ်းရေးဖြစ်စဉ်တွင် မပါဝင်သေးသောအဖွဲ့များအတွက်လည်း တွန်းအားတစ်ခုဖြစ်သွားစေနိုင်ပြီး လက်ရှိလုပ်ငန်းစဉ်တွေလည်း အဆင်ပြေပြေဖြင့် ရှေ့ဆက်ဖို့လမ်းပွင့်သွားလိမ့်မည်။ ထိုအခါ သုံးပွင့်ဆိုင်အဆင်ပြေစေသော ပြင်ဆင်ရေးလုပ်ငန်းစဉ်ဖြစ်သွားပြီး ယင်း၏ အကျိုးသက်ရောက်မှုကတော့ ပြည်သူလူထုအတွက် တန်ဖိုးမဖြတ်နိုင်သော ရလဒ်တွေများစွာ ရရှိလာနိုင်ပါလိမ့်မည်။

အချုပ်ဆိုရလျှင် မြန်မာနိုင်ငံ၏ နိုင်ငံရေးပြဿနာများကို အဖြေရှာရာတွင် ငြိမ်းချမ်းရေးက အဓိကလိုအပ်ချက်ဖြစ်သည်။ သို့အတွက် တန်းတူညီမျှရေးနှင့် ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးကို ပြိုင်တူအာရုံပြုကြဖို့လိုသည်။ သို့ဆိုလျှင် အခြေခံဥပဒေပြင်ဆင်ရေးကိစ္စက ကပ်ပါလာသည်။ NLD ခေါင်းဆောင်တွေကတော့ လွယ်တာက စပြင်မည်။ ပြည်သူမနာအောင် ပြင်မည်ဟု ဆိုကြသည်။ လွယ်မည်။ အစိုးရ၊ တပ်မတော်၊ တိုင်းရင်းသားအဖွဲ့အစည်းများနှင့် ပြည်သူများအားလုံး အကျိုးရှိစေသောနည်းလမ်းဖြင့် ပြင်ဆင်နိုင်ကြမည်ဆိုလျှင်တော့ အတိုင်းထက်အလွန် ဖြစ်ပါလိမ့်မည်။ 

 

ဝင်းကို

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *