မြေကြီးထဲက ပင့်ကူထောင်ချောက် 

သူ၏တည်ရှိမှုကို သတိမထားမိသည့်ကာလက နှစ်ပေါင်းတစ်ရာကျော်ကြာခဲ့ပြီ။ နှစ်ပေါင်းတစ်ရာကျော်အကြာတွင်မူ ပြန်လည်မှတ်တမ်းတင်နိုင်ခဲ့ပြီဖြစ်သည်။ ပန်းချီမှတ်တမ်းမှ ဓာတ်ပုံမှတ်တမ်းသို့ ကူးပြောင်းနိုင်ပြီ။

မြန်မာ့မျိုးစိတ်အဖြစ်လွန်ခဲ့သည့် နှစ်တစ်ရာကတည်းက စာရင်းဝင်ထားသည့် ပင့်ကူထောင်ချောက်မျိုးစိတ်နှစ်မျိုး ရှိသည်။ မြန်မာ့မျိုးရင်းစိတ်အသစ်များအဖြစ် ကမ္ဘာသိပ္ပံအဖွဲ့အစည်းက အသိအမှတ်ပြုထားသည်။

ထိုမျိုးစိတ်များမှာ အမေရိကန်သိပ္ပံပညာရှင် Thorell ၁၈၉၇ခုနှစ်တွင် ရှာဖွေတွေ့ရှိထားသည့် Liphistius birmanicus နှင့် ဆွီဒင်ပညာရှင်နှစ်ဦး ဖြစ်သော Platnick နှင့် Sedgewick တို့က ၁၉၈၄ ခုနှစ်တွင် ရှာဖွေတွေ့ရှိသည့် Liphistius Lordae တို့ ဖြစ်သည်။

အင်္ဂလိပ်နာမည်ကား Trapdorrspider ။

အဆိုပါပင့်ကူများကို ရှာဖွေတွေ့ရှိသည့် ၁၈၉၇ နှင့် ၁၉၈၄ ခုနှစ် မှတ်တမ်းများနောက်ပိုင်းတွင် ပင့်ကူထောင်ချက်များ တည်ရှိမှုကို သတိမထားကြ။ စိတ်မဝင်စားကြပေ။ အကောင်ရေ လျော့နည်းသွားလော၊ တိုးလာသလော စသည့် မှတ်တမ်းများလည်း မရှိပေ။

နှစ်ပေါင်းတစ်ရာအကြာတွင် ထိုသို့ မဟုတ်ချေ။

ထိုသို့ပုန်းကွယ်နေထိုင်သည့် ပင့်ကူထောင်ချောက်ကလေးများကို ရှာဖွေဖော်ထုတ်မည့်သူများ ထွက်ပေါ်လာသည်။ မြန်မာပညာရှင်များနှင့် စင်ကာပူပညာရှင်များ ပူးပေါင်းပြီး ပင့်ကူထောင်ချောက် (Trapdoorspider) ကို ယခုနှစ်တွင် ပြန်လည်ရှာဖွေလာခဲ့သည်။

ပြင်ဦးလွင်မြို့နယ်၊ တောင်ကြီးမြို့နယ်၊ လွိုင်ကော်မြို့နယ်၊ ပင်လောင်းမြို့နယ်နှင့် ဘားအံမြို့နယ်တို့တွင် ရှာဖွေခဲ့သည်။ ယင်းနေရာများထဲမှ ပြင်ဦးလွင်မြို့နယ် ဓာတ်တော်ချိုင့်ရေတံခွန်အနီးနှင့် တောင်ကြီးမြို့နယ်တို့တွင် တွေ့ရှိခဲ့သည်။

အဆိုပါ ပင့်ကူမျိုးစိတ်နှစ်မျိုးသည် ရှားပါးစာရင်းဝင်နေပြီး အကောင်ရေ ကျဆင်းလျက်ရှိသည်။

မျိုးစိတ်နှစ်မျိုးလုံး မျိုးသုဉ်းပျောက်ကွယ်မသွားစေရန် ထိန်းသိမ်းရေးလုပ်ငန်းများနှင့် သုတေသနလုပ်ငန်းများ လုပ်ရန်လိုအပ်ကြောင်း ရန်ကုန်တက္ကသိုလ်သတ္တဗေဒဌာန၊ ပါမောက္ခဌာနမှူး ဒေါက်တာသီတာလေးသွယ်က ဆိုသည်။

ယင်းပင့်ကူလေးများကို ထိန်းသိမ်းခြင်းဖြင့် ဇီဝမျိုးစုံမျိုးကွဲများ၏ ဂေဟစနစ်မြင့်မားရေးကို များစွာအထောက်အကူပြုနိုင်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

“သူက စိုက်ပျိုးသီးနှံတွေ ဖျက်ဆီးတဲ့ အင်းဆက်တွေကို ဖမ်းစားနိုင်တယ်။ အကျိုးကျေးဇူးရှိတယ်” ဟု ဒေါက်တာဝေဝေလွင်က ဆိုသည်။

သစ်တောပြုန်းတီခြင်းနှင့် စိုက်ပျိုးရေးလုပ်ငန်းသုံး ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေးများကြောင့် ထိခိုက်ပြီး ပင့်ကူအကောင်ရေ ကျဆင်းခြင်းဖြစ်ကြောင်း အဆိုပါပညာရှင်များက သုံးသပ်ထားသည်။

၎င်းတို့ ကျက်စားသည့် နေရာများထဲတွင် ပျက်စီးသွားသည့်နေရာများလည်း တွေ့ရကြောင်း ပင့်ကူလေ့လာရေးတွင် ပါဝင်သူ ဒေါက်တာဝေဝေလွင်က ဆိုသည်။

“အခုရှာတွေ့တာ ဓာတ်တော်ချိုင့်မှာပဲ အကောင်ရေခန့်မှန်း ၅၀ နဲ့ ၆၀ အတွင်းမှာ ရှိတယ်။ ရှားပါးမျိုးစိတ်။ ဘားအံဆိုရင် လုံးဝမတွေ့ဘူး”ဟု ၎င်းက ဆိုသည်။

မြန်မာ့ရှားပါးမျိုးစိတ်ပင့်ကူနှစ်ကောင်တွင် လက်နှင့် ခြေမှာ တစ်ဖက်ငါးချောင်းစီဖြင့် ဆယ်ချောင်းရှိသည်။ ပင့်ကူနှစ်ကောင်၏ အရွယ်အစားအားဖြင့် တစ်စင်တီမီတာခန့်သာ ရှိသည်။ အဆိုပါ Liphistius brimanicus မှာ ခြေနှင့် လက် အရောင်မှာ အဝါဖျော့ရောင်ဖြစ်ပြီး ခန္ဓာကိုယ်အလယ်ပိုင်းမှာ အညိုရောင်ဖြစ်သည်။

မြန်မာ့ရှားပါးမျိုးစိတ်ဖြစ်သည့် Liphistius Lordae ပင့်ကူထောင်ချောက်မှာ ခြေ၊ လက်တိုတိုတုတ်ထုတ်နှင့် အမည်းရောင် အစင်းသဏ္ဌာန် ရှိသည်။

အဆိုပါ ရှားပါးမျိုးစိတ်ပင့်ကူထောင်ချောက်အကောင်များ၏ နေထိုင်မှုပုံစံကမူ ထူးခြားသည်။ ပင်လယ်ရေမျက်နှာပြင်မှ ပေ ၃၀၀၀ အထက် မြေကြီးထဲတွင် တွင်းဖောက်နေသည့် သတ္တဝါအမျိုးအစား ဖြစ်သည်။

“သူက အိမ်ကိုက မြေကြီးနဲ့ ပင့်ကူမျှင်နဲ့ တည်ဆောက်ထားတယ်။ ထူးဆန်းတယ် တော်ရုံတန်ရုံ မတွေ့နိုင်ဘူး။ အိမ်ကို အဖုံးနဲ့ ဆောက်ထားတယ်။ မြေကြီးနဲ့ လုပ်ထားတဲ့ အိမ်”ဟု ဒေါက်တာဝေဝေလွင်က ဆိုသည်။

အဆိုပါပင့်ကူထောက်ချောက်မျိုးစိတ် Liphistius birmanicus နှင့် Liphistius Lordae တို့ကို အရှေ့တောင်အာရှနိုင်ငံများ၊ ဂျပန်နိုင်ငံနှင့် တရုတ်နိုင်ငံတို့တွင် တွေ့ရသည်။

အာဆီယံနိုင်ငံဖြစ်သည့် မလေးရှားနိုင်ငံရှိ Batu Caves Dark Cave တွင် အဆိုပါ ပင့်ကူအမျိုးအစားများ၏ နေရာကို စနစ်တကျ ပြသထားသည်။ ကမ္ဘာ့ရှားပါးမျိုးစိတ်ဖြစ်ကြောင်း အသိပေးဆိုင်းဘုတ်ကပ်ထားသည်။

မြန်မာနိုင်ငံတွင် ပင့်ကူထောင်ချောက် ယခုနှစ်မှ ပြန်လည်ရှာဖွေနိုင်ခဲ့သည်။ ရှာဖွေနိုင်သည့်နေရာများကို ထိန်းသိမ်းရန်လည်း လိုအပ်ကြောင်း ပညာရှင်များက ဆိုသည်။

မြန်မာနိုင်ငံတွင် ပင့်ကူမျိုးစိတ်များကို မှတ်တမ်းတင်ထားရာတွင် မျိုးစိတ် ၄၀ ခန့် ရှိကြောင်း ရန်ကုန်တက္ကသိုလ်၊ သတ္တဗေဒဌာထံမှ သိရသည်။ ပုံမှန်ပင့်ကူတစ်ကောင်သည် လက်နှင့် ခြေထောက်ရှစ်ချောင်း ရှိသည်။

နှစ်ပေါင်းတစ်ရာကျော်ကြာမှ ရှာဖွေတွေ့ရှိရသည့် ပင့်ကူထောင်ချောက်ကလေးများ၏ နေရာများကို ထိန်းသိမ်းရန် လိုအပ်နေပြီ ဖြစ်သည်။

ယင်းအပြင် ရန်ကုန်တက္ကသိုလ်၊ သတ္တဗေဒဌာနနှင့် စင်ကာပူအမျိုးသားတက္ကသိုလ်၊ ဇီဝသိပ္ပံဌာနတ ပူးပေါင်းပြီး ပင့်ကူသုတေသနလုပ်ငန်းများ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတ္တဗေဒဌာနမှူးဒေါက်တာသီတာလေးသွယ် က ဆိုသည်။

ပြင်ဦးလွင်မြို့နယ် ဓာတ်တော်ချိုင့်ရေတံခွန်အနီးနှင့် တောင်ကြီးမြို့တို့တွင် ထိုရှားပါးပင့်ကူလေးများ ရှိနေသည်။ ထိုနေရာများရှိ မြေကြီးသည် သူတို့အတွက် အိမ်ပင်ဖြစ်သည်။ ထိုအိမ်လေးများ ရေရှည်တည်တံ့နေရန် ထိန်းသိမ်းရပေမည်။

ဥမ္မာလွင်

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *