စိတ်ကူးယဉ်ဘတ်ဂျက်၊ စံချိန်တင်လိုငွေနှင့် ဘတ်ဂျက်ပိုလျှံငွေ

ကျပ်ငွေပေါင်း ၄၉၀၀ ဘီလီယံ။

ယင်းမှာ လာမည့်ဘဏ္ဍာနှစ်အတွက် အစိုးရဘတ်ဂျက်လိုငွေဖြစ်ပြီး ဆယ်စုနှစ်တစ်ခုအတွင်း စံချိန်တင်ဘတ်ဂျက်လိုငွေဖြစ်သည်။

မြန်မာနိုင်ငံ၏ ဘတ်ဂျက်အခြေအနေမှာ လိုငွေပြဘတ်ဂျက်အမျိုးအစားဖြစ်ပြီး ဦးသိန်းစိန်အစိုးရလက်ထက်မှသည် လက်ရှိအစိုးရအထိ နှစ်စဉ် ဘတ်ဂျက်လိုငွေ ပြခဲ့သည်။

ဦးသိန်းစိန်အစိုးရလက်ထက် ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်မှ ၂၀၁၅-၂၀၁၆ ဘဏ္ဍာ နှစ်အထိ ဘတ်ဂျက်လိုငွေ စုစုပေါင်းမှာ ကျပ် ၇၄၀၀ ဘီလီယံကျော်ရှိခဲ့ပြီး ယင်းအနက်ပထမလေးနှစ်တွင် ဘတ်ဂျက်လိုငွေကျပ် ၄၄၀၀ ဘီလီယံခန့်နှင့် ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် ဘတ်ဂျက်လိုငွေ ကျပ် ၃၀၅၀ ဘီလီယံခန့် လိုငွေ ပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်။

သို့သော် လက်ရှိအစိုးရသက်တမ်း ၂နှစ်ခွဲတွင် (၂၀၁၈ ခုနှစ် ခြောက်လ ဘတ်ဂျက်အပါအဝင်) ဘတ်ဂျက်လိုငွေ စုစုပေါင်းမှာ ကျပ် ၈၀၀၀ ဘီလီယံအထိရှိနေပြီဖြစ်ပြီး လာမည့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွက် ဘတ်ဂျက်လိုငွေခန့်မှန်းခြေမှာ ကျပ် ၄၉၀၀ ဘီလီယံအထိ စံချိန်တင်မြင့်တက်လာသည်။

ယခုနောက်ဆုံးဘဏ္ဍာနှစ် လေးနှစ်ကို ကြည့်မည်ဆိုလျှင် လျှပ်စစ်နှင့် စွမ်းအင်၊ စီမံကိန်းနှင့် ဘဏ္ဍာရေး၊ ကာကွယ်ရေး ဆိုသည့် ဝန်ကြီးဌာန သုံးခုမှာ ဘတ်ဂျက်ရရှိမှုအများဆုံးဖြစ်ပြီး ပြည်သူ့ဝန်ဆောင်မှုကဏ္ဍဖြစ်သည့် ပညာရေး၊ ကျန်းမာရေးနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနတို့၏ အသုံးစရိတ်မှာ နည်းပါးနေဆဲဖြစ်သည်။

လက်ရှိ ၂၀၁၈ ခုနှစ် ဧပြီလမှ စက်တင်ဘာလအထိ အစိုးရအသုံးစရိတ်တွင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနက ၂၈ ရာခိုင်နှုန်းခန့်၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက ၂၂ ရာခိုင်နှုန်းကျော်၊ ကာကွယ်ရေးဝန်ကြီးဌာနက ၁၃ ရာခိုင်နှုန်းခန့် သုံးစွဲမည်ဖြစ်ရာ ယင်းဌာနသုံးခု၏ အသုံးစရိတ်မှာ အစိုးရဘတ်ဂျက်စုစုပေါင်း ၏ ၆၃ ရာခိုင်နှုန်းခန့် ရှိနေသည်။

လူမှုရေးကဏ္ဍတွင် အစိုးရအသုံးစရိတ် ပိုမိုသုံးစွဲရန် လွှတ်တော်ကိုယ်စားလှယ်များက အစဉ်တစိုက် တောင်းဆိုကြသော်လည်း လက်ရှိအချိန်အထိ ယင်းကဏ္ဍတွင် သုံးစွဲမှုမှာ ၁၀ ရာခိုင်နှုန်းဝန်းကျင်သာ ရှိသည်။

ပညာရေးတွင် ၇ ရာခိုင်နှုန်းကျော်၊ ကျန်းမာရေးနှင့် အားကစားတွင် ၄ ရာခိုင်နှုန်းခန့်၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးတွင် ၁ ရာခိုင်နှုန်းအောက်သာ လက်ရှိဘဏ္ဍာနှစ်တွင် သုံးစွဲမည်ဖြစ်ကြောင်း၂၀၁၈ ဘဏ္ဍာနှစ် Citizen Budget တွင် ဖော်ပြထားသည်။

“ဘတ်ဂျက်မူဝါဒကို ပြန်သုံးသပ်ဖို့တော့ လိုမယ်။ လူမှုရေးကဏ္ဍတွေမှာ ပိုတိုးမြှင့်သုံးစွဲသင့်တယ်” ဟု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကျော်ကျော်ဦးက မှတ်ချက်ပေးသည်။

စံချိန်တင်လိုငွေပြမှုအခြေအနေကိုမူ ပြည်တွင်းစီးပွားရေးအခြေအနေမှာ တုံ့ဆိုင်းနှေးကွေးနေသည့်အတွက် အစိုးရက အသုံးစရိတ်ပိုမိုသုံးစွဲကာ စီးပွားရေးလှုပ်နိုးရန် ကြိုးစားခြင်းဖြစ်နိုင်ကြောင်း ၎င်းက ဆိုသည်။

သို့သော် လက်ရှိမြန်မာ့စီးပွားရေးမှာ တုံ့ဆိုင်းနေသည်လား၊ ကျဆင်းနေသည်လား၊ တက်နေသည်လားကိုပင် အငြင်းအခုံများ ဖြစ်နေကြဆဲဖြစ်ရာ စီးပွားရေးနှေးကွေးချိန်တွင် အစိုးရအသုံးစရိတ် ပိုသုံးသည်မှာ သင့်လျော်နိုင်သော်လည်း စီးပွားရေးကျနေချိန်တွင် အသုံးစရိတ်ပိုသုံးခြင်းမှာ မသင့်လျော်နိုင်ကြောင်း ကျွမ်းကျင်သူအချို့က သုံးသပ်ကြသည်။

“ပိုက်ဆံပိုသုံးတယ်ဆိုတာ စီးပွားရေးနှေးနေချိန်မှာ လုပ်ကြတယ်။ အဲဒီစီးပွားရေးမကောင်းချိန်မှာ သွားလုပ်ရင်တော့ ဒုက္ခပိုရောက်သွားနိုင်တယ်”ဟု ဘဏ္ဍာရေးဒုတိယဝန်ကြီးဟောင်း ဒေါက်တာမောင်မောင်သိမ်းက ဆိုသည်။

အစိုးရ၏ ဘတ်ဂျက်လိုငွေပြမှုကို လက်ရှိအစိုးရလက်ထက်တွင် နိုင်ငံခြားချေးငွေရယူခြင်း၊ အစိုးရငွေတိုက်စာချုပ်၊ ငွေချေးစာချုပ်များရောင်းချခြင်းနှင့် ဗဟိုဘဏ်၏ တစ်စိတ်တစ်ပိုင်းလိုငွေဖြည့်ဆည်းပေးခြင်းတို့ဖြင့် လိုငွေဖြည့်ဆည်းမှု ပြုလုပ်လျက်ရှိသည်။

သို့ရာတွင် အစိုးရငွေတိုက်စာချုပ်နှင့် ငွေချေးစာချုပ်ဈေးကွက်မှာ အများပြည်သူ အလွယ်တကူရောင်းဝယ်နိုင်သည့် ဈေးကွက် ပေါ်ပေါက်မလာသည့်အတွက် ဘတ်ဂျက်လိုငွေဖြည့်ဆည်းမှုတွင် ဗဟိုဘဏ်နှင့် နိုင်ငံခြားချေးငွေကို မှီခိုနေရသည်။

လက်ရှိခြောက်လဘတ်ဂျက်တွင် ပြည်ထောင်စုအစိုးရ၏ ရငွေ ကျပ် ၈၅၀၀ ဘီလီယံကျော်ရှိသည့်အနက် နိုင်ငံခြားချေးငွေနှင့် အကူအညီပေးငွေမှာ ကျပ် ၁၁၀၀ ဘီလီယံနီးပါးရှိပြီး စုစုပေါင်းရငွေ ၏ ၁၃ ရာခိုင်နှုန်းခန့် ရှိသည်။

“လိုငွေကို ငွေရိုက်ထုတ်ပြီးမဖြည့်တဲ့ အစိုးရအတွက် နိုင်ငံခြားချေးငွေနဲ့ ငွေတိုက်စာချုပ်တွေရောင်းပြီး ဖြည့်ဆည်းရတာပေါ့။ လိုငွေအရမ်းများသွားတဲ့အခါ ဒီချေးငွေတွေက နောက်မျိုးဆက်တွေအတွက် ဝန်ထုပ်ဝန်ပိုးဖြစ်လာနိုင်တာပေါ့” ဟု ဒေါက်တာမောင်မောင်သိမ်းက ထောက်ပြသည်။

ကမ္ဘာ့နိုင်ငံအများစု၏ အစိုးရဘတ်ဂျက်မှာလည်း လိုငွေပြသည်က များသော်လည်း ယင်းဘတ်ဂျက်ကို ထိထိရောက်ရောက် သုံးစွဲနိုင်ခြင်းရှိ မရှိမှာ အဓိကကျကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးအောင်ကျော်ကျော်ဦးက ဆိုသည်။

“လိုငွေပြရင် ငွေချေးရမှာပေါ့။ အဲဒီ ချေးတာကို ထိထိရောက်ရောက်သုံးရင် ဖွံ့ဖြိုးမယ်။ သို့သော်လည်း ဘတ်ဂျက်တွေက ခုထိတော့ ဌာနဆိုင်ရာတွေက ထိရောက်အောင် မလုပ်နိုင်သေးဘူး”ဟု လှိုင်းဘွဲ့ မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဘိုကြီးက ပြောသည်။

အစိုးရအသုံးစရိတ်ကိုယခုထက်ပိုမိုထိရောက်စွာသုံးစွဲနိုင်ရန် အဓိကတာဝန်ရှိသူမှာ သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနတို့ဖြစ်ပြီး အသုံးစရိတ်စာရင်းကို မှန်မှန်ကန်ကန်တင်ပြနိုင်ရန်လိုကြောင်း ပြည်သူ့လွှတ်တော် ပြည်သူ့ငွေစာရင်း ကော်မတီအဖွဲ့ဝင်လည်းဖြစ်သူ ၎င်းက ဆက်ပြောသည်။

ပါတီစုံဒီမိုကရေစီစနစ် ပြောင်းလဲကျင့်သုံးပြီးနောက်တွင် အစိုးရအသုံးစရိတ်ကို လွှတ်တော်များက ထိန်းညှိစိစစ်လာပြီး အသုံးစရိတ်ဖြတ်တောက်လျှော့ချခြင်းများကို လုပ်ဆောင်လျက်ရှိသော်လည်း လက်ရှိအချိန်ထိ လွှတ်တော်၏ စိစစ်နိုင်မှုမှာ အားနည်းချက်ရှိနေကြောင်း ဘတ်ဂျက်စောင့်ကြည့်ရေးအရပ်ဖက်အဖွဲ့အစည်းများက ဆိုကြသည်။

“ဘတ်ဂျက်ကို အသေးစိတ်သိတာက ဌာနဆိုင်ရာတွေ ကိုယ်တိုင်ပဲ။ ဒါတွေကို သူတို့အထက်အဆင့်တွေက စိစစ် ဖြတ်တောက်ရမှာ။ အခုက ကျွန်တော်တို့က အသေးစိတ်ကအစ လိုက်စိစစ်ရတဲ့ အဆင့်ရောက်နေတယ်” ဟု ဦးဘိုကြီးက ဆိုသည်။

ဝန်ကြီးဌာနတစ်ခု၏ ဌာနခွဲတစ်ခုချင်းစီမှ တင်လာသောဘတ်ဂျက်တွင်ပင် ပစ္စည်းတူ၊ ဈေးနှုန်းမတူသည့် ကိစ္စများစွာ ရှိနေဆဲဖြစ်ပြီး ယင်းမှာ သက်ဆိုင်ရာဌာနတို့၏ စိစစ်မှုလိုအပ်ချက်ဖြစ်ကြောင်း ၎င်းက ဝေဖန်သည်။

အစိုးရအသုံးစရိတ်များပြားသောကြောင့် လိုငွေပြသည်မှာ ဖြစ်လေ့ဖြစ်ထရှိသော်လည်း ခွင့်ပြုထားသောဘတ်ဂျက်များကို ဘဏ္ဍာနှစ်တစ်နှစ်အတွင်း မသုံးနိုင်၍ ပြန်လည်အပ်နှံရသည့် ဘတ်ဂျက်ပိုလျှံငွေ ပြဿနာလည်းရှိသေးသည်။

ပြီးခဲ့သည့် ၂၀၁၁-၂၀၁၂ ဘဏ္ဍာ နှစ်မှ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်အထိ ဘတ်ဂျက်ပိုလျှံငွေပေါင်းကျပ် ၁၄,၆၀၀ ဘီလီယံကျော်ရှိကြောင်း ပြည်ထောင်စု လွှတ်တော်ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီ၏ ယခုနှစ် ဖေဖော်ဝါရီလက တင်သွင်းသော အစီရင်ခံစာတွင် ဖော်ပြထားသည်။

အဆိုပါဘတ်ဂျက် ပိုလျှံငွေများ အနက် ကျပ် ၁၁,၆၀၀ ဘီလီယံကို ပြန်လည်အပ်နှံခဲ့ပြီး ကျန်ငွေများကို လွှဲပြောင်းသုံးစွဲငွေစာရင်း အဖြစ် သုံးစွဲခဲ့ကြောင်း ယင်းအစီရင်ခံစာအရ သိရသည်။

ပညာရေး၊ ကျန်းမာရေးနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးကဏ္ဍတို့တွင် ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်မှ လက်ရှိ ၂၀၁၈ ခုနှစ် ခြောက်လတာဘဏ္ဍာနှစ်အထိ လေးနှစ်ခွဲအတွင်း အစိုးရအသုံးစရိတ် ကျပ် ၄၀၀၀ ဘီလီယံခန့်သာရှိချိန်တွင် မသုံးစွဲလိုက်ရသော ဘတ်ဂျက်ပိုလျှံငွေများမှာ တစ်ပုံ တစ်ပင်။

ဦးသိန်းစိုးအစိုးရနှင့် လက်ရှိအစိုးရလက်ထက်အစိုးရ နှစ်ဆက်လုံးတွင် ဘတ်ဂျက်လိုငွေ ဆက်တိုက်ပြခဲ့သော်လည်း ဘဏ္ဍာနှစ် ကုန်ဆုံးချိန်တိုင်း တောင်းဆိုထားသော ဘတ်ဂျက်များကို အပြီးသုံးစွဲနိုင်ခြင်းမရှိဘဲ ဘတ်ဂျက်ပိုလျှံငွေများစွာ ပေါ်ပေါက်နေခြင်းဖြစ်သည်။

“ဘတ်ဂျက်ဆိုတာက မှန်းဆချက်နဲ့ လုပ်ရတယ်ဆိုပေမယ့် လက်တွေ့ဖြစ်နေတာတွေနဲ့ ချိန်ထိုးစဉ်းစားဖို့တော့ လိုတယ်။ စိတ်ကူးယဉ်ဆန်ဆန်လုပ်လို့တော့ မရဘူး” ဟု ဘဏ္ဍာရေးနှင့် ငွေရေးကြေးရေးကျွမ်းကျင်သူ ZICO Law Myanmar ကုမ္ပဏီ၏ အမှုဆောင်အရာရှိချုပ် ဒေါက်တာမောင်မောင်သိမ်းက မှတ်ချက်ပေးသည်။

ဘတ်ဂျက်ပိုလျှံငွေပေါ်ပေါက်ရသည့် အချက်မှာ နှစ်ချက်သာရှိသည်။

ဖြစ်သင့်သည်ထက် ပိုမိုမှန်းဆခြင်းနှင့် လျာထားသောစီမံကိန်းများအတွက် အပြည့်အဝမသုံးစွဲနိုင်ခြင်း ဖြစ်သည်။

“ဘတ်ဂျက်ပိုလျှံငွေနဲ့ ပတ်သက်လို့ ခိုင်လုံတဲ့ အကြောင်းရင်းမရှိဘဲ ပြန်အပ်ရင် အရေးကို ယူသင့်တယ်” ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဘိုကြီးက ဆိုသည်။

မြေနေရာမရှိဘဲ အဆောက်အအုံဆောက်လုပ်ရန် ဘတ်ဂျက်ချပေးခြင်း၊ မြေအနေအထားမကောင်းသည့် နေရာကို မြေပြင်စစ်ဆေးမှုမလုပ်ဘဲ ဘတ်ဂျက်ခွင့်ပြုပြီးမှ ဆောက်လုပ်ရန် မသင့်တော်သည့်အတွက် ရှေ့ဆက်လုပ်ဆောင်ရန် မဖြစ်နိုင်ခြင်းစသည့် ဥပမာများစွာရှိကြောင်း ၎င်းက ဆိုသည်။

ယင်းသို့ ဘတ်ဂျက်ပိုလျှံငွေများ ပေါ်ပေါက်ခြင်းမှာ ဘတ်ဂျက်စီမံခန့်ခွဲမှုအားနည်းခြင်းဖြစ်ပြီး အကျိုးဆက်အနေဖြင့် ထိခိုက်နစ်နာမှုများလည်း ရှိနေသည်။

“တကယ်လိုအပ်တဲ့ဌာနက အဲဒီနှစ်မှာ ဘတ်ဂျက်မရတာမျိုး ဖြစ်သွားနိုင်တယ်။ ဒီတော့ ပြည်သူတွေအတွက် တကယ် လိုအပ်တာတွေကို အဲဒီတစ်နှစ်လုံး ဘာမှမလုပ်လိုက်ရဘဲ အလဟဿ ဖြစ်သွားတာပေါ့”ဟု ဦးဘိုကြီးက ဆိုသည်။

စနစ်တကျ စိစစ်မထားသည့် စိတ်ကူးယဉ်ဘတ်ဂျက်များဖြင့် စီးပွားရေးလှုပ်နိုးရန် အစိုးရက ကြံစည်နေခြင်း ဖြစ်သည်။

အစိုးရ၏ ဘတ်ဂျက်မူဝါဒသည် ပြည်တွင်းစီးပွားရေး၏ မောင်းနှင်အားတစ်ခုဖြစ်ပြီး ယင်းဘတ်ဂျက်ကို အကျိုးရှိထိရောက်စွာ သုံးစွဲနိုင်မှုအားနည်းပါက ပြည်တွင်းစီးပွားရေးဖွံ့ဖြိုးမှုကို ဆွဲချသကဲ့သို့ပင် ဖြစ်နိုင်သည်။

လိုငွေပြဘတ်ဂျက်ကြောင့် တိုင်းပြည်ကြွေးမြီ မြင့်တက်ကာ ငွေကြေးဖောင်းပွမှုမြင့်တက်ခြင်းနှင့် ကုန်ဈေးနှုန်းကြီးမြင့်ခြင်းတို့ ကြုံတွေ့ရသည့် သာဓကများရှိခဲ့ပြီး ဖြစ်သည်။

“ဆယ်စုနှစ်နဲ့ ချီပြီး ခေါက်ရိုးကျိုးလာတာတွေဆိုတော့ ဖြည်းဖြည်းချင်း ကြိုးစားပြင်ဆင်ရမှာပဲ။ တိုးတက်မှုတော့ ရှိလာပါတယ်”ဟု ဦးဘိုကြီးက ဆိုလေသည်။

စစ်ငြိမ်းသူ

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *