လိင်အလွဲသုံးစားလုပ်သည်ဟု ဆိုကာ တရားရင်ဆိုင်နေရသည့် ဗေဒင်ဆရာအောင်ချစ်ပို ဟောခန်းသစ်ဖွင့်

ရန်ကုန်၊ ဩဂုတ် ၁၀

လိင်ပိုင်းဆိုင်ရာအလွဲသုံးစားလုပ်သည်ဟုဆိုကာ တရားရင်ဆိုင်နေရသည့် ဗေဒင်ဆရာအောင်ချစ်ပို၏ ဗေဒင် ဟောခန်းအသစ်ကို သာကေတမြို့နယ်တွင် ဩဂုတ်လ ၁၀ ရက်နေ့က ဖွင့်လှစ်လိုက်ကြောင်း ကာယကံရှင်ဗေဒင်ဆရာက ပြောကြားသည်။

ဗေဒင်ဆရာအောင်ချစ်ပိုသည် ကိုးထပ်ကြီးဘုရားတွင် ဖွင့်လှစ်ထားသည့် ဟောခန်းတွင် လိင်ပိုင်းဆိုင်ရာ အလွဲသုံးစားလုပ်ခဲ့သည်ဟု တိုင်ကြားခံရသဖြင့် ပြီးခဲ့သည့် ဖေဖော်ဝါရီလက ဟောခန်းပိတ်ပင်ခံလိုက်ရသည်။

ယင်းနောက် ဟောခန်းအသစ်ကို သာကေတမြို့နယ် ၁၀၈ တောင်ဘုရားအနီးရှိဆိုင်ခန်းတွင် ဖွင့်လှစ်လိုက်ကြောင်း ၎င်းက ဆိုသည်။

ကိုးထပ်ကြီးဘုရားတွင် ဟောခန်းပိတ်သိမ်းခံရပြီးနောက်ပိုင်း အိမ်တွင် ဟောခဲ့ပြီး ၎င်းကို ယုံကြည်သူများက ဟောခန်းပြန်ဖွင့်ရန် တောင်းဆိုသောကြောင့် ဟောခန်းပြန်ဖွင့်ခြင်းဖြစ်ကြောင်း ဗေဒင်ဆရာအောင်ချစ်ပိုက ပြောဆိုသည်။

ဗေဒင်ဟောခန်းပိတ်သိမ်းခံရပြီး နောက်ပိုင်းတွင် ကိုးထပ်ကြီးဘုရားတွင် ဟောခန်းဖွင့်လှစ်ရန် ပြောကြားခဲ့သော်လည်း အမှုရင်ဆိုင်နေရသဖြင့် ဂေါပကအဖွဲ့က ဟောခန်းကိုငှားရမ်းခြင်း မရှိကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

ဗေဒင်ဆရာအောင်ချစ်ပိုသည် မိန်းမတို့ကာယိနြေ္ဒပျက်စီးရန် အကြံဖြင့် လက်ရောက်ကျူးလွန်မှု ပုဒ်မ ၃၅၄ နှင့် ရာဇဝတ်မကင်း ခြောက်လှန့်မှု ပုဒ်မ ၅၀၆ တို့ဖြင့် စမ်းချောင်းမြို့နယ် တရားရုံးတွင်တရားရင်ဆိုင်နေရသူ ဖြစ်သည်။

ခြောက်ထပ်ကြီးဘုရား ဟောခန်းတွင် အမျိုးသမီးအချို့ကို လိင်ပိုင်းဆိုင်ရာအလွဲသုံးစားလုပ်ခဲ့သည်ဟုဆိုကာ စမ်းချောင်းမြို့မရဲစခန်းတွင် အမှုဖွင့်ခံခဲ့ရခြင်း ဖြစ်သည်။

“သူဘာသာပြန်ဖွင့်တာကိုတော့ ဘာမှမပြောလိုပါဘူး။ သူ့စီးပွားရေး သူ လုပ်တာပဲ။ ဒါပေမဲ့ တစ်ခုက သူ့အကြောင်းကို မသိတဲ့ မိန်းကလေးတွေအတွက် စိုးရိမ်တာပေါ့”ဟု ယခင်ဟောခန်းတွင် လိင်ပိုင်းဆိုင်ရာ အလွဲသုံးစားလုပ်ခံခဲ့ရသည်ဟုဆိုသည့် အမျိုးသမီးတစ်ဦးက ပြောဆိုသည်။

ဖေဖော်ဝါရီလ၇ရက်နေ့တွင် ဟာသသရုပ်ဆောင်ဒိန်းဒေါင်၏ သမီးဒိန်းပိုပိုဒေါင်က ပုဒ်မ ၃၅၄ နှင့် ပုဒ်မ ၅၀၆ တို့ဖြင့် စမ်းချောင်းမြို့မရဲစခန်းတွင် အမှုဖွင့်ခဲ့ခြင်း ဖြစ်သည်။

ဗေဒင်ဆရာအောင်ချစ်ပိုသည် စာမေးပွဲအောင်မြင်ရန်နှင့် အချစ်ရေး အောင်မြင်ရန် လာရောက်မေးမြန်းသည့် အမျိုးသမီးအချို့ကို အဆောင်ထည့်ပေးမှစွမ်းမည်ဟုပြောဆိုကာ ရင်သားကြားသို့ လူနှစ်ယောက်ဖက်နေသည့် ရွှေရုပ်အဆောင်ယတြာကို ထည့်ကာကိုင်တွယ်သည်ဟု ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *