စားကြွင်းစားကျန်များ ရေမြောင်းအတွင်း စွန့်ပစ်သည့် ဘုံကျောင်းကို အရေးယူမည်

မန္တလေး၊ ဩဂုတ် ၁၀

မန္တလေးမြို့ လမ်း၈၀ပေါ်ရှိ တရုတ်ဘုံကျောင်းကို စားကြွင်းစားကျန်များ မြောင်းအတွင်း တိုက်ရိုက်စွန့်ပစ်သဖြင့် ဒဏ်ရိုက်အရေးယူမည်ဖြစ်ကြောင်း မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီထံမှသိရသည်။

“ပထမအကြိမ်တုန်းက သတိပေးထားပြီးပြီ။ အခုဒုတိယအကြိမ်ဆိုတော့ စည်ပင်ဥပဒေနဲ့ ဒဏ်ရိုက်မယ်။ ဒဏ်ငွေကျပ်ငါးသောင်းကနေ တစ်သိန်းအထိ ရှိနိုင်တယ်”ဟု အဆိုပါကော်မတီဝင် ဦးကျော်ဇေယျက ပြောကြားသည်။

ယင်းသို့ဒဏ်ရိုက်မည့်အကြောင်းကိုမူ ဘုံကျောင်းတာဝန်ရှိသူများနှင့် မတွေ့ဆုံရသေးကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

စားကြွင်းစားကျန်များနှင့် ဆီများကို မြောင်းအတွင်း တိုက်ရိုက်စွန့်ပစ်သဖြင့် အေးခဲကာ လမ်းကူးမြောင်း ပိတ်ဆို့ကြောင်း၊ တတိယအကြိမ်ထပ်မံဖြစ်ပွားလျှင်မူ တရားစွဲဆိုရုံမက ညစာစားပွဲများ ပြုလုပ်ခွင့်ပါ ပိတ်ပင်သွားမည်ဖြစ်ကြောင်း မန္တလေးမြို့တော်ဝန်က သူ၏ လူမှုကွန်ရက်စာမျက်နှာတွင် ဖော်ပြထားသည်။

မန္တလေးမြို့ရှိ စားသောက်ဆိုင်အချို့သည်လည်း စားကြွင်းစားကျန် အမှိုက်များကို ရေမြောင်းများအတွင်း အလွယ်တကူစွန့်ပစ်မှုများရှိနေပြီး ယင်းသို့စည်းကမ်းမဲ့စွန့်ပစ်မှုများကိုတွေ့ရှိလျှင် သတင်းပေးကြရန်နှင့် ဒဏ်ငွေ၏ထက်ဝက်ကို ဆုချီးမြှင့်သွားမည်ဟု မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ သန့်ရှင်းရေးဌာနက ကြေညာထားသည်။

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *