ပုဒ်မ (၄)၊ ပေးမှလုပ်

တရားရေး၏ လာဘ်ပေးလာဘ်ယူ အဆိုးကျော့သံသရာ

တရားရေးကဏ္ဍသည် ယိမ်းယိုင် သို့မဟုတ် တိမ်းစောင်း သို့မဟုတ် ပြိုလဲလျက်ရှိသည်ဟု အမျိုးမျိုးပြောဆိုနေသည်များ ရှိသော်လည်း မည်သို့ဆိုစေ အဓိပ္ပာယ်အားဖြင့် အခြေအနေသိပ်မကောင်းတော့ကြောင်း ဖော်ပြနေခြင်းဖြစ်သည်။

ယင်းကို သမ္မတကြီးဦးဝင်းမြင့်ကလည်း သိထားပြီးဖြစ်သည်။

“သိပ်တော့ မကွာလောက်ပါဘူး”ဟု ပြီးခဲ့သည့်ရက်များအတွင်းက ၎င်း၏ ပဲခူးခရီးစဉ်တွင် ပြောဆိုခဲ့သည်။

သမ္မတမှလမ်းပေါ်က အိမ်ခြေယာမဲ့အထိ လူတိုင်းသဘောပေါက်ထားပြီးပြီဖြစ်သည့် မြန်မာ့တရားစီရင်ရေးထောက်တိုင်ကြီး အခြေအနေဆိုးရွားလျက်ရှိမှုတွင် ရေသံသရာလည်ခြင်းကဲ့သို့ပင် စက်ဝန်းကြီးတစ်ခုရှိနေသည်။

တစ်နည်းအားဖြင့် တရားရေးကဏ္ဍလာဘ်ပေး၊ လာဘ်ယူအရှုပ်ထုတ် သံသရာ။

တရားစီရင်ရေးကဏ္ဍကို ပြန်လည်တည့်မတ်ရန် သမ္မတအပါအဝင် ပြည်သူအများက လိုလားကြသည်ဖြစ်ရာ ယင်းသို့တည့်မတ်ရေးမှာ အဆိုပါသံသရာစက်ဝန်းကို ဖြတ်တောက်နိုင်ရေးလည်း ဖြစ်သည်။

အမှုအခင်းများနှင့်ပတ်သက်၍ နောက်ဆုံးအဆုံးအဖြတ်ပြုရသည့် တရားသူကြီးများကိုသာ တရားရေးပျက်စီးခြင်း၏ တရားခံအဖြစ် လွယ်လွယ်ထင်မြင်လေ့ရှိသော်လည်း အမှန်တကယ်တွင် ၎င်းတို့၏ အခန်းကဏ္ဍသည် စနစ်ပျက်အတွင်းမှ ရာခိုင်နှုန်းတစ်ခုမျှသာ ဖြစ်သည်။

တစ်ခါတစ်ရံတွင် အချိန်မမှန်တတ်သည့် ရန်ကုန်တိုင်းတရားလွှတ်တော်ရုံးအဆောက်အအုံမှ တပ်ဆင်ထားသော နာရီ

တရားရေးနယ်ပယ်အတွင်းမှ ဝါရင့်ကျွမ်းကျင်ပညာရှင်များ၏အဆိုအရ လာဘ်ပေး၊လာဘ်ယူစက်ဝန်းတွင် အနည်းဆုံး အလွှာလေးလွှာက ပါဝင်ပတ်သက်နေသည်။

ဥပမာအားဖြင့် ရာဇဝတ်မှုတစ်ခုအတွက် တရားစီရင်ရေးကိစ္စတွင် တရားသူကြီးက နောက်ဆုံးအပြီးသတ်အမိန့်ချမှတ်သည်အထိ အောက်ပါတို့က ပါဝင်ပတ်သက်နေသည်။

တရားလို၊ တရားခံ၊ အမှုစစ်ရဲ၊ မှုခင်းဆရာဝန်၊ ဥပဒေအရာရှိ၊ နှစ်ဖက်ရှေ့နေ၊ နှစ်ဖက်သက်သေနှင့် တရားသူကြီးတို့ ဖြစ်သည်။ လာဘ်ပေး၊ လာဘ်ယူကိစ္စသည် ၎င်းတို့အကြားတွင် လည်ပတ်နေခြင်းဖြစ်သည်။

ထိုအလွှာလေးလွှာကို အောက်ပါအတိုင်း တွေ့ရသည်။

၁။ ပါးကိုက်၊ နားကိုက် အမှုသည်များ

အမှုဖြစ်ပြီဟေ့ဆိုလျှင်ပင် အမှုသည်များက ပါဝင်လာသည်။

ပြောင်းလဲလာသည့် လူမှုဓလေ့စရိုက်အခြေအနေများကြောင့် ယနေ့တွင် အမှုအခင်းများထူပြောလာသလို အတိုင်အတောများကလည်း ထက်ကြပ်မကွာ ထူပြောလာနေကြောင်း မြန်မာ့လူ့အဖွဲ့အစည်းအတွင်း တွေ့မြင်နိုင်ပါသည်။

သူစိမ်းတစ်ရံဆံမှသည် လင်မယားချင်း၊ ညီအစ်ကိုမောင်ဖွားချင်း၊ သားအမိ၊ သားအဖချင်းတို့အပါအဝင် အင်တာနက်လူမှုကွန်ရက်တွင် ရေးသားမှုနှင့်ပတ်သက်၍ အပြန်အလှန်တိုင်တန်းခြင်း၊ သတင်းရေးသားဖော်ပြမှုများနှင့် ပတ်သက်၍ အထိမခံရွှေပန်းကန်ဖြစ်ကာ ထစ်ကနဲရှိ အမှုဖွင့်ခြင်းတို့အထိ ဖြစ်နေသည်။

ယင်းက လာဘ်ပေးလာဘ်ယူခြင်း၏ အစ။

နှစ်ဖက်ပြိုင်ဆိုင်မှု ပြင်းထန်သည်နှင့်အမျှ မိမိဘက်က အနိုင်ရလိုဇောသည်လည်း ပြင်းထန်လာပြီး လာဘ်ပေး၊ လာဘ်ယူဆီ ခြေကျူးလာကြတော့သည်။

“ငါ့ကိုတိုင်ရင် သူ့ကို ဘယ်လို တိုင်ရမလဲဆိုတာ စဉ်းစားကြတယ်။ ပါးကိုက် နားကိုက်ပေါ့၊ အမှုတစ်ခုကို အခြေခံပြီး နောက်ထပ်အမှုတွေ အနည်းဆုံး နှစ်ဆပွားတယ်”ဟု ဥပဒေပညာရှင်လည်း ဖြစ်၊ အကျဉ်းဦးစီးဌာနအငြိမ်းစား ထောင်မှူးကြီးလည်းဖြစ်ပြီး လက်ရှိတွင် ဥပဒေအကြံပေးအဖြစ် အမှုများကို လိုက်ပါဆောင်ရွက်နေသည့် ဦးခင်မောင်မြင့်က ဆိုသည်။

၂။ နှစ်ဖက်ရှေ့နေများနှင့်

ဥပဒေအကျိုးဆောင်များ

အမှုဖြစ်ပြီဟုဆိုသည်နှင့် ဥပဒေအကျိုးဆောင်၊ ရှေ့နေများက ကြားဝင်လာပြီ။

ပြဿနာသည် ရှေ့နေများ၊ အဆိုပါ ဥပဒေအကျိုးဆောင်များ၏ အရည်အချင်းနှင့် ကိုယ်ကျင့်စာရိတ္တ ဖြစ်သည်။

“ဒီလူတွေကလည်းပြောရင် လုံလောက်တဲ့ ဥပဒေဆိုင်ရာ အသိပညာလည်း မရှိဘူး။ လုံလောက်တဲ့ ဥပဒေသမားတစ်ဦးမှာ ရှိသင့်ရှိထိုက်တဲ့ ကျင့်ဝတ်တွေကလည်း လျော့လျော့လာတယ်” ဟု ဦးခင်မောင်မြင့်က ဆိုသည်။

အမှုမှန်ပေါ်ပေါက်ရေးထက် မိမိဘက်မှ အနိုင်ရရေးကိုသာ အလေးထား လာကြသည်။ တစ်ခါတစ်ရံတွင် ဥပဒေကို မည်ကဲ့သို့ ချိုးဖောက်ကျော်လွှားနိုင်သည်ကို ၎င်းတို့ကပင် အမှုသည်များကို လမ်းညွှန်ပြသပေးပြီး လာဘ်ပေး၊ လာဘ်ယူ  ကိစ္စတွင် ၎င်းတို့က တရားသူကြီးနှင့် ချိတ်ဆက်နိုင်ရန် ပွဲစားသဖွယ် ပြုမူနေကြသည်ဟု ၎င်းက ဆိုသည်။

အမှုတစ်ခုလျှင် မည်ရွေ့မည်မျှ လာဘ်ငွေပေးကြရသည်ဟု မပြောနိုင်သော်လည်း အမှုအမျိုးအစားနှင့် အခြေအနေအလိုက် ပမာဏကွာခြားတတ်သည်။

၃။ တရားစွဲအဖွဲ့အစည်းနှင့် ရဲ +  မှုခင်းဆရာဝန်

အမှုဖြစ်ပြီဆိုသည်နှင့် ချက်ချင်းတရားရုံးသို့ မရောက်ပါ။

အမှုတည်ဆောက်သည့်အပိုင်းနှင့် တရားစွဲတင်သည့်အပိုင်းဟူ၍ ကြားခံအဆင့်များ ရှိနေသေးသည်။

ဥပမာ – ရိုက်နှက်မှုဆိုပါစို့။

ယင်းအမှုကို ရဲစခန်းတွင် အမှုဖွင့်ပြီးနောက် တရားလို၊ကျူးလွန်သူနှင့်သက်သေတို့အပါအဝင် အခင်းဖြစ်ပွားပုံ အခြေအနေများကို စစ်ဆေးကာပေါ်ပေါက်ချက်များအလိုက် မည်ကဲ့သို့ တရားစွဲဆိုရမည်ကို ရဲတပ်ဖွဲ့က ဥပဒေရုံးထံ အကြံဉာဏ်  တောင်းမည်။ မည်သည့် ပုဒ်မတပ်မည်။ စသဖြင့်။

ယင်းအခါမျိုးတွင် လာဘ်ပေး၊ လာဘ်ယူက ဝင်လာသည်။

ကျူးလွန်သူဘက်မှဆိုလျှင် အမှုကျေအေးကာ တရားရုံး တင်မပို့ရေး သို့မဟုတ် ပုဒ်မသေးသေး (အပြစ်ဒဏ်သေးငယ်စေသည့် ပုဒ်မ) တပ်ရေး၊ တစ်ဖက်ကလည်း ကျူးလွန်သူကို အပြစ်ကြီးကြီးရစေသည့် ပုဒ်မတပ်ရေးအတွက် ရဲနှင့် ဥပဒေအရာရှိတို့ထံ လာဘ်ပေးကြသည်။

အချို့အခြေအနေတွင် မှုခင်းဆရာဝန်ဆိုသည်ကလည်း ပါဝင်နေတတ်သည်။

ကျူးလွန်သူကို အပြစ်ကြီးစေလိုလျှင် ဒဏ်ရာမကြီးသော်လည်း လူနာကို ဆေးရုံတွင် ရက်ရှည်ထားစေ၍ ကုသစေကာ ကြီးလေးသည့် ပုဒ်မဖြင့် တရားစွဲဆိုနိုင်စေရန် ကူညီပေးမည်။ သို့မဟုတ် ကျူးလွန်သူကို အပြစ်ပေါ့စေလိုလျှင် ဒဏ်ရာ ကြီးမားသော်လည်း ရက်ပိုင်းသာ ဆေးကုသပေးကာ ဆေးရုံမှ ဆင်းစေပြီး ပုဒ်မသေးသေးသာ တပ်စေရန် ဆောင်ရွက်ပေးမည်။ အဆိုပါ ပုဒ်မတပ်ခြင်းကိစ္စတွင်လည်း အာမခံပေး၍ ရသည့်ပုဒ်မတပ်ခြင်း၊ အာမခံပေး၍ မရသည့် ပုဒ်မတပ်ခြင်း စသည့်အမျိုးအစားကိုလည်း ကွဲပြားသွားစေသည်။

အဆိုပါဆင့်တွင် အမှုကို ရုပ်သိမ်းကျေအေးသွားစေနိုင်သလို ညှိမရပါက တရားရုံးသို့ တရားစွဲဆိုတင်ပို့မည်။ တရားရုံးသို့ တရားစွဲဆို တင်ပို့သင့်၊ မသင့်ကို သက်ဆိုင်ရာဥပဒေအရာရှိများက ဆုံးဖြတ်ပိုင်ခွင့်ရှိကြရာ လာဘ်ပေး၊ လာဘ်ယူသည် ထိုသူများဆီလည်း ရောက်လေ့ရှိသည်။

၎။ တရားသူကြီးများ

ဥပဒေအရာရှိများက တရားစွဲဆိုရန်သင့်သည်ဟု ဆုံးဖြတ်ပြီးလိုက်မှသာ အမှုများသည် တရားရုံးသို့ ရောက်ရှိလာသည်။

သူ့အနေနှင့် အမှုကို မည်သို့ စီရင်ဆုံးဖြတ်မည်နည်း။

တရားသူကြီးနှင့်ပတ်သက်၍လည်း ပြစ်ဒဏ်ကို ကြီးစေရန်၊ အခြားတစ်ဖက်ကလည်း သေးနိုင်သမျှ သေးစေရန် သို့မဟုတ် စွဲဆိုထားသည့် ပုဒ်မကို အပြောင်းအလဲပြုလုပ်ပေးရန် လာဘ်ကိစ္စက ပါဝင်လာသည်။

ထိုသို့ဖြင့် တရားရေးကဏ္ဍ၏ လာဘ်ပေး၊ လာဘ်ယူသံသရာသည် လည်နေသည်။

ဇာတ်လိုက်များ

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ မြန်မာနိုင်ငံသည် အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနှင့် တရားစီရင်ရေးဟူ၍ ကဏ္ဍသုံးခုကို ပိုင်းခြားခွဲဝေထားသည်။ ကဏ္ဍများ တစ်ခုနှင့် တစ်ခု မစွက်ဖက်ရ။ ထို့အပြင် အပြန်အလှန်ထိန်းကျောင်းတည့်မတ်ရန်ကိုမူ ခွင့်ပြုထားသည်။

ယခုကိစ္စသည် တရားစီရင်ရေးကဏ္ဍ၏ အပျက်အစီးများအကြောင်း ဖြစ်သည်။ တရားစီရင်ရေးနှင့်ပတ်သက်၍ ပြည်ထောင်စုတရားသူကြီးချုပ်က စီမံခန့်ခွဲ၍ အဆင့်ဆင့်ကြီးကြပ်ခြင်း ဖြစ်သည်။

သို့သော် အထက်ဖော်ပြအလွှာ လေးလွှာတွင် တရားစီရင်ရေးက အောက်မှ ပုဂ္ဂိုလ်များသာမကဘဲ အုပ်ချုပ်ရေး ကဏ္ဍအောက်မှ ပုဂ္ဂိုလ်များလည်း ပါဝင်နေသည်။ တစ်နည်းအားဖြင့် အဆိုပါ အဖွဲ့အစည်းများသည် နိုင်ငံတော်သမ္မတကို တာဝန်ခံဆောင်ရွက်ရသည့် အဖွဲ့အစည်းများ ဖြစ်သည်။

တရားစီရင်ရေးလမ်းကြောင်းတစ်ခုအတွင်း လာဘ်ပေး၊ လာဘ်ယူများ၏ ၇၀ ရာခိုင်နှုန်းဝန်းကျင်သည် အဆိုပါ အုပ်ချုပ်ရေးမဏ္ဍိုင်အောက်ရှိ အဖွဲ့အစည်းများက ပတ်သက်နေခြင်း ဖြစ်သည်ဟု ဥပဒေပညာရှင်အသိုင်းအဝိုင်းက သုံးသပ် ကြသည်။

တရားရုံးသို့ အမှုကို တင်ပို့စွဲဆိုခြင်းမပြုရသေးခင် အောက်ခြေတွင် ဖြစ်ပွားနေခြင်း ဖြစ်သည်။

ယင်းတို့အထဲမှ ဂျော်ကာသဖွယ် ဖြစ်နေသူတို့ကား ရှေ့နေများ ဖြစ်သည်။

အမှုသည်ထံမှ ရရှိသည့် ငွေကြေးကို တရားသူကြီးအတွက် မည်မျှ၊ တရားရုံး အတွက် မည်မျှ၊ ရဲ၊ ဥပဒေအရာရှိနှင့် မှုခင်းဆရာဝန်တို့အတွက် မည်မျှသုံးစွဲရမည်ကို ၎င်းက အသိဆုံး၊ အကျွမ်းကျင်ဆုံး ဖြစ်ပြီး လာဘ်ကိစ္စကို ခြယ်လှယ်ပေးခြင်း ဖြစ်သည်ဟု ဦးခင်မောင်မြင့်က ဆိုသည်။

ယေဘုယျအားဖြင့် တရားသူကြီးများသည် လာဘ်ငွေကို တိုက်ရိုက်ယူလေ့မရှိကြ။ ရင်းနှီးကျွမ်းဝင်သည့် ရှေ့နေများထံမှ တစ်ဆင့်သော်လည်းကောင်း၊ တရားရုံးစာရေးများထံမှသော်လည်းကောင်း ရယူခြင်း ဖြစ်သည်။

တစ်ခါတစ်ရံတွင် အမှုသည်များက လာဘ်ငွေပေးလိုက်သော်လည်း တရားသူကြီးထံသို့ မရောက်ရှိဘဲ အဆိုပါ ကြားခံရှေ့နေနှင့် တရားရုံးစာရေးများက အပျောက်ဖျောက်လိုက်သည်များလည်း ရှိနေသည်။

ယင်းအခါမျိုးတွင် တရားသူကြီးအနေနှင့် လာဘ်ငွေယူထားမှန်း ၎င်းကိုယ် တိုင်မသိရှိသည့်အခါ ဆုံးဖြတ်ချက် ၎င်း၏ဆန္ဒအတိုင်း ချမှတ်လိုက်သည်တွင် လာဘ်ငွေပေးထားရသည့် အမှုသည်လိုချင်သည့် အဖြေမျိုးဖြစ်မနေခြင်းကြောင့် ပြဿနာတက်ရသည်များလည်း ရှိသည်။

နောက်ခံ အချက်အလက်များ

ယခုနှစ်နှစ်ဆန်းပိုင်းက ပဲခူးတိုင်းဒေသကြီးတိုင်းတရားရေးရာဦးစီးအရာရှိ တစ်ဦး၊ မင်းလှမြို့နယ် ဥပဒေအရာရှိတစ်ဦးနှင့် ရှေ့နေတစ်ဦးတို့ကို အဂတိလိုက်စားမှုဖြင့် တရားစွဲဆိုခဲ့သည်။ သစ်လုပ်ငန်းနှင့် ပက်သက်သည့် အမှုကို စီရင်ရာတွင် လာဘ်ငွေကျပ် ၄၅သိန်းကို ရယူခဲ့ခြင်းကြောင့် ဖြစ်သည်။

တရားရေးကဏ္ဍပျက်စီးနေခြင်းနှင့် ပတ်သက်၍ လူအများက သံသယရှိနေကြခြင်းတွင် တရားသူကြီးများ၏ ဆုံးဖြတ်ချက်များ ကမောက်ကမနိုင်နေခြင်းက ထိပ်ဆုံးက ရှိနေသည်။

အခြေအနေတူ၊ စွဲဆိုထားသည့် ပုဒ်မတူ အမှုများတွင် ပြစ်ဒဏ်မတူညီခြင်း၊ အချို့တွင် အာမခံပေး၍ တချို့ကို အာမခံ မပေးခြင်းများ ဖြစ်သည်။ အမှုစစ်ဆေးခြင်းကို အချိန်ကာလရှည်စွာဆောင်ရွက်နေခြင်းအပေါ်တွင်လည်း လူအများက စိတ်ပျက်ကြသည်။

အင်္ဂလန်အခြေစိုက်သည့်  Justice Base အဖွဲ့က မြန်မာနိုင်ငံတွင် ၂၀၁၃ ခုနှစ်မှ ၂၀၁၆ ခုနှစ်အတွင်း လေ့လာ စောင့်ကြည့်ခဲ့မှုများအရ မြန်မာ့တရားစီရင်ရေးသည် လာဘ်ပေးလာဘ်ယူသည် လုပ်ရိုးလုပ်စဉ်တစ်ခုကဲ့သို့ မထူးဆန်းသည့် ကိစ္စ ဖြစ်နေကြောင်း တွေ့ရှိခဲ့သည်။

အမှုပေါင်း ၁၁၅၈ မှု၏ တရားခွင်များကို စောင့်ကြည့်ခဲ့ရာတွင် တရားစွဲခံရသူ အများစုသည် တရားရေးဝန်ထမ်းများနှင့် ရဲတပ်ဖွဲ့ဝင်များ၏ မတရားပြုမူခြင်းကို ခံနေရသလို တရားရုံးများသည်လည်း ငွေကြေးရှာဖွေရာဌာန ဖြစ်နေသည်ဟု  Justice Base အဖွဲ့က အစီရင်ခံစာ ထုတ်ပြန်ထားသည်။

တရားသူကြီးများအနေနှင့်လည်း အမှုကိုစစ်ဆေးရာတွင်တရားခွင်အပေါ် အာရုံအပြည့်အဝမထားဘဲ လက်ကိုင်ဖုန်း ပြောဆိုခြင်း၊ အမှုနှင့် မသက်ဆိုသည့် အကြောင်းကိစ္စများကို အခြားလူများနှင့် စကားပြောဆိုခြင်းများ ရှိနေသည်။

Justice Base ၏ အဆိုအရ လက်ဖက်ရည်ဖိုး သို့မဟုတ် တရားဝင်  မဟုတ်သည့် အခကြေးငွေပေးရခြင်းတွင် တရားရေးဆိုင်ရာပုဂ္ဂိုလ်အားလုံး ပါဝင်ပတ်သက်နေပြီး အာမခံရရှိရန်၊ စာရွက်စာတမ်းများ ရရှိရန်၊ အမှုမစစ်ဘဲရုံးချိန်း ရရှိရန်၊ ပြစ်ဒဏ်လျှော့ပေါ့ရန် စသည့်တရားရေးလုပ်ငန်းစဉ်၏ အဆင့်တိုင်းတွင် လာဘ်ပေးနေကြရသည်။

မြန်မာနိုင်ငံ၏ တရားစီရင်ရေးကိစ္စတွင် မြို့နယ်၊ ခရိုင်တရားရုံးများနှင့် တိုင်းဒေသကြီး/ပြည်နယ်တရားလွှတ်တော်များ စသည်ဖြင့် အဆင့်ဆင့်ထားရှိပြီး ထောင်ဒဏ်ခုနစ်နှစ်နှင့် အောက်၊ ဒဏ်ငွေကျပ်တစ်သိန်းအထိ အမှုများကို မြို့နယ်တရားရုံးများက စစ်ဆေးကာ ယင်းထက် ကြီးသည့် အမှုများကို ခရိုင်နှင့် တိုင်းဒေသကြီး/ပြည်နယ်အဆင့်များက အဆင့်ဆင့်စစ်ဆေးစီရင်သည်။

တစ်ချိန်ထဲမှာပင် အောက်ရုံးများက ချမှတ်သည့် အမိန့်များနှင့် ပတ်သက်၍ အထက်ရုံးများသို့ အယူခံဝင်နိုင်သေးရာ ခရိုင်နှင့် တိုင်းဒေသကြီး/ပြည်နယ်အဆင့် တရားရုံးများသည် မူလအမှုများအပြင် အယူခံအမှုများကိုလည်း ထပ်မံစစ်ဆေးစီရင်ရပြန်သည်။

အမှုအခင်းထူပြောလာသည်နှင့်အမျှ တရားရုံးများတွင် အမှုများက တောင်လိုပုံနေပြန်သည်။ မြို့နယ်တရားရုံး တစ်ရုံးအနေနှင့် တစ်နေ့လျှင် အမှု ၂၀ မှ ၂၅ မှုကို ကိုင်တွယ်နေရသည်။ သို့သော် တရားသူကြီးတစ်ဦးမှာ တစ်နေ့တာအတွက် သုံးမှုမှလေးမှုကိုသာ စစ်ဆေးနိုင်သည်။

တရားသူကြီးများတွင် တရားစီရင်ရေးအပြင် တရားရုံးစီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးအပိုင်းအပါအဝင် တရားခွင်မှတ်တမ်းများ ရေးမှတ်ခြင်းကိစ္စများလည်း ရှိနေရာ ဝန်ပိလျက်ရှိကြသည်။

အခြားတစ်ဖက်တွင် ၎င်းတို့၏ လစာနှင့်အဆောင်အယောင်ကိစ္စသည်လည်း မြန်မာနိုင်ငံ၏ အခြားကဏ္ဍများမှာကဲ့သို့ပင် လာဘ်ပေး၊ လာဘ်ယူကိစ္စနှင့် ဆက်စပ်နေပြန်သည်။ တရားသူကြီးများ အနေနှင့် ကျပ်တစ်သိန်းရှစ်သောင်းမှ ကျပ်သုံးသိန်းဝန်းကျင်အကြားသာ လစာရရှိသူများဖြစ်သည်။ ပြီးလျှင် ၎င်းတို့ ကိုယ်တိုင်ပင် ရာထူးတစ်ဆင့်မြင့်ဖို့အတွက် သိန်းဆယ်ချီ လာဘ်ပေးနေကြမှုများလည်း ရှိနေပြန်သည်။

တရားသူကြီးတစ်ဦးသည် လစာထက် ငါးဆမျှရရှိသည့် နေရာတစ်ခုအတွက် ကျပ်ဆယ်သိန်း လာဘ်ပေးရသည်ကို တွေ့ရှိခဲ့သည်ဟု Justice Base က ဆိုသည်။

အခြားအကြောင်းတရားများ

ပြီးခဲ့သည့် ရက်ပိုင်းက ပြည်သူလူထုအတွင်း ဟိုးလေးတကျော်ဖြစ်ပွားခဲ့သည့် ဟာသသရုပ်ဆောင် အောင်ရဲထွေး အသတ်ခံရမှုဖြစ်စဉ်တွင် တရားရေးကဏ္ဍသည် အဆိုးရွားကြီး ဆိုးရွားနေကြောင်း လူထုက ထင်ထင်ရှားရှား တွေ့လိုက်ကြရသည်။

အဆိုပါလူသတ်မှုအတွက် ကိုယ်တိုင်လာရောက်အဖမ်းခံထားသည့် တရားခံများကို ပြန်လည်လွှတ်ပေးလိုက်ပြီး အမှုကို ရုပ်သိမ်းလိုက်ခြင်းဖြစ်သည်။

လူပြောများခဲ့သော အောင်ရဲထွေးအမှု အမိန့်ချမှတ်ခဲ့သည့် ရန်ကုန်အရှေ့ပိုင်းခရိုင် တရားရုံး

တရားစွဲအဖွဲ့အစည်းဖြစ်သည့် ရဲတပ်ဖွဲ့က ကန့်ကွက်နေသည့်ကြားမှ ခရိုင်ဥပဒေ အရာရှိက အမှုကို ရုပ်သိမ်းလွှာ တင်ခဲ့ကာ တရားသူကြီးက ရုပ်သိမ်းမိန့်ချပေးလိုက်ခြင်းဖြစ်သည်။ လူသတ်မှုပုဒ်မ ၃၀၂ ဖြင့် စွဲဆိုထားသည့် အမှုကို ပြန်လည်ရုပ်သိမ်း ခြင်းသည် ကျင့်သုံးဆဲ ရာဇသတ်ကြီးဥပဒေပြဋ္ဌာန်းခဲ့သည့် ၁၈၆၀ ပြည့်နှစ်မှ နှစ်ပေါင်း ၁၅၀ ဝန်းကျင်အတွင်း မြန်မာ့တရားရေး မှတ်တမ်းတွင် တစ်ကြိမ်မျှ မရှိခဲ့သောကြောင့် ယင်းဆုံးဖြတ်ချက်နှင့်ပတ်သက်၍ ဥပဒေပညာရှင်အသိုင်းအဝိုင်းနှင့် ပြည်သူ အများက အံ့ဩထိတ်လန့်ခဲ့သလို နိုင်ငံတော်သမ္မတကလည်း မကျေနပ်ခဲ့။

နောက်ပိုင်းတွင် အဆိုပါရုပ်သိမ်းခွင့်ပြုလိုက်သည့်အမိန့်ကို ပယ်ဖျယ်ပြီး ဆက်လက်စစ်ဆေးနိုင်ရေး တိုင်းဒေသကြီးတရားလွှတ်တော်သို့ တင်ပြရန် ပြည်ထောင်စုရှေ့နေချုပ်ရုံးက တိုင်းဒေသကြီးဥပဒေချုပ်ကို ညွှန်ကြားခဲ့သည်။

အဆိုပါဖြစ်စဉ်တွင် အဂတိလိုက်စားမှုများ ရှိနေနိုင်သည်ဟု ကော်မရှင်က သံသယရှိခဲ့ခြင်းဖြစ်သည်။

မပြေးသော်ကန်ရာရှိ၊ ယင်းဖြစ်စဉ်တွင် ကွင်းဆက်များက ရှုပ်ထွေးလျက် ရှိသည်။

ရုပ်သိမ်းရန်ညွှန်ကြားခဲ့သည့် ခရိုင်ဥပဒေအရာရှိသည်သူ့အထက်က တိုင်းဒေသကြီးဥပဒေအရာရှိ၏ ညွှန်ကြားချက်ကြောင့်လော၊ သို့မဟုတ် သူ့သဘောဆန္ဒဖြင့် ရုပ်သိမ်းစေခြင်းလောဆိုသည့်အချက်နှင့် ခရိုင်တရားသူကြီးသည် သူ့သဘောဖြင့် ဆုံးဖြတ်ခဲ့ခြင်းလော၊ သူ့အထက် တိုင်းတရားသူကြီးထံ တင်ပြခဲ့သေးသလော ဆိုသည့်အချက်များဖြစ်သည်။ တစ်ချိန်တည်း တွင်ပင် တိုင်းဒေသကြီးဥပဒေချုပ်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်လည်းဖြစ်ရာ အမှုတွင် ပါဝင်ပတ်သက်ပါက တိုင်းဒေသကြီး အစိုးရအဖွဲ့ခေါင်းဆောင် ဝန်ကြီးချုပ်အထိ ဂယက်ရိုက်မည်ဖြစ်သည်။

အဂတိလိုက်စားမှုရှိ၊ မရှိပေါ်ပေါက်ရန်မှာ အဆိုပါသက်ဆိုင်သူအားလုံးကို စစ်ဆေးရန်လိုမည်ဟု တရားရေးဌာနတွင် နှစ်ပေါင်းသုံးဆယ်ကျော်ကြာ တာဝန်ထမ်းဆောင်ခဲ့ပြီး ခရိုင်တရားသူကြီးအဖြစ်မှ အငြိမ်းစားယူခဲ့သည့် စာရေးဆရာ ပြေလွင်မြင့်က သုံးသပ်သည်။

တရားစွဲအဖွဲ့အစည်းဖြစ်သည့် ရဲတပ်ဖွဲ့က ကန့်ကွက်ခဲ့သည်ဖြစ်ရာ ယခု ဖြစ်စဉ်တွင် ကျူးလွန်ခဲ့သူများသည် နိုင်ငံတော်ကို ကျေးဇူးပြုခဲ့ဖူးသူများဖြစ်နေသည့်တိုင် တရားသူကြီးအနေနှင့် ပြန်လွှတ်ပေးဖို့ စဉ်းစားရမည့်အခြေအနေဟု ၎င်းကဆိုသည်။

မြန်မာနိုင်ငံတွင် ကျင့်သုံးလျက်ရှိသည့် ရာဇသတ်ကြီး ဥပဒေပုဒ်မ ၇၁ ကြောင့်လည်း တရားသူကြီးများ၏ လွဲမှားဆုံးဖြတ်မှုများကို အရေးယူရန် ခက်ခဲသည်။ ဆုံးဖြတ်ချက်ကို အထက်ရုံးများအနေနှင့် ပြန်လည်တည့်မတ်ပေးခြင်း မှတစ်ပါး တရားသူကြီးများကို အပြစ်ပေးရန်မှာ မလွယ်ကူလှ။ အကယ်၍ အထက်ပါ အမှုတွင် အဂတိလိုက်စားကြောင်း ပေါ်ပေါက်မှသာ တရားသူကြီးကို အရေးယူအပြစ်ပေးနိုင်မည့်အခြေအနေ ဖြစ်သည်။

ဥပဒေပညာရှင်အသိုင်းအဝိုင်းကမူ တရားရေးဝန်ကြီးဌာန ပြန်လည်ပေါ်ပေါက်လာစေရန် တောင့်တကြသည်။

မြန်မာနိုင်ငံတွင် ယခင်က တရားရေးဝန်ကြီးဌာနဆိုသည်ရှိခဲ့ပြီး တရားစီရင်ရေး ကဏ္ဍကို ကြပ်မတ်ခဲ့သည်။ အဆိုပါဝန်ကြီးဌာနသည် တရားသူကြီးများ၏ဆုံးဖြတ်ချက်များကို ပြန်လည်စိစစ်ကာ မှားယွင်းလွဲချော်မှုများကို အရေးယူအပြစ်ပေးခြင်း၊ တော်သူများကို ချီးမြှောက်ခြင်းစသည်တို့ ဆောင်ရွက်နိုင်သည်။

၁၉၆၂ ခုနှစ်တွင် ဗိုလ်ချုပ်ကြီးနေဝင်းက နိုင်ငံတော်အာဏာကို သိမ်းယူ လိုက်ပြီးနောက် တရားစီရင်ရေးကဏ္ဍတွင်လည်း တပ်မတော်က ဝင်ရောက်စွက်ဖက်ခဲ့သည်။ နောက်ပိုင်းတွင် တရားရေး ဝန်ကြီးဌာနကိုလည်း ဖျက်သိမ်းလိုက်ပြီး တပ်မတော်ကပင် တရားစီရင်ရေးကို လွှမ်းမိုးခဲ့သည်မှာ၂၀၁၀ ပြည့်ကာလများအထိ ဖြစ်သည်။

နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများ ပြုလုပ်လာသည့်တိုင် ပြည်ထောင်စုတရားသူကြီးချုပ်နှင့် ရှေ့နေချုပ်များသည် တပ်မတော်က အငြိမ်းစားယူထားသူများသာ ဆက်လက်ဖြစ်နေခဲ့သည်မှာ လက်ရှိ အချိန်အထိဖြစ်သည်။

မြန်မာ့တရားစီရင်ရေးကဏ္ဍတွင် အရည်အချင်းထက်မြက်၍ ကိုယ်ကျင့်တရားကောင်းမွန်သူများ၏ လက်ထဲတွင် ရှိမနေခဲ့ရကြောင်း ဆရာပြေလွင်မြင့်က ဆိုသည်။

“ပြန်ပြောရမယ်ဆိုရင်တော့ ဉာဏ်ပညာနဲ့ ကိုယ်ကျင့်သိက္ခာအမြင့်မားဆုံးသူတွေက တရားရေးဌာနကို အမြင့်မားဆုံး တာဝန်ယူရသူတွေ ဖြစ်မလာခဲ့ဘူး။ ဥပမာ မြန်မာ့တရားစီရင်ရေးနယ်ပယ်မှာ ဉာဏ်ပညာနဲ့ ကိုယ်ကျင့်တရားအရ ဆရာ ဦးမြတို့လို တော်ဖြောင့်၊ ထူးချွန်တဲ့သူက တရားသူကြီးချုပ် မလုပ်ခဲ့ရဘူး။ အုပ်ချုပ်ရေးနဲ့ နီးစပ်တဲ့သူတွေ၊ မျက်နှာချိုသွေးနေတဲ့ သူတွေကိုပဲ အရည်အသွေးကို မစဉ်းစားဘဲ တာဝန်ပေးခဲ့တာ”

“အဲဒါဟာ မြန်မာနိုင်ငံ တရားစီရင်ရေးမှာ ချွတ်ယွင်းချက်များစွာနဲ့ ဂုဏ်သတင်းပျက်ယွင်းခြင်းရဲ့ အဓိကသော့ချက်ပဲ။ အခုလည်း တရားစီရင်ရေး ပိုကောင်းလာနိုင်ပါဦးမလားဆိုတာ အလွန်သံသယဖြစ်စရာ ရှိပါတယ်” ဟု ဆရာပြေလွင်မြင့်က ဆိုသည်။

တရားရေးဝန်ကြီးဌာနသည် တရားသူကြီးများကိုစီမံအုပ်ချုပ်ခြင်းကို ဆောင်ရွက်နိုင်သည်။

လက်ရှိပြည်ထောင်စုတရားရုံးချုပ်သည် တရားစီရင်ရေးကိစ္စအပြင် စီမံအုပ်ချုပ်ရေးတာဝန်ကိုပါ ယူထားရသည် ဖြစ်ရာ မနိုင်မနင်းဖြစ်ရသည်ဟု ဥပဒေပညာရှင်များက သုံးသပ်သည်။

သို့သော် တရားရေးဝန်ကြီးဌာနထားရှိရေးသည် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ပြင်ဆင်ပြီးမှရမည်။

ဝါရင့်တရားလွှတ်တော်ရှေ့နေကြီးလည်း ဖြစ်၊ လွှတ်တော်ကိုယ်စားလှယ်ဟောင်းလည်း ဖြစ်၊ အမျိုးသားဒီမိုကရေစီပါတီသစ်ပါတီ (NNDP) ဥက္ကဋ္ဌဦးသိန်းညွန့်ကမူ သစ်မရမီ ဝါးပေါင်းကွပ်ခြင်းကို ထောက်ပြသည်။

တရားစီရင်ချက်များကို မျက်ခြည်မပြတ်စောင့်ကြည့်နိုင်မည့် ကျွမ်းကျင်ပညာရှင်များပါဝင်သည့် အဖွဲ့အစည်းတစ်ခု ထားရှိသင့်တယ်ဟု ၎င်းက ဆိုသည်။

“အဲဒီမှာ ဥပဒေကျွမ်းကျင်၊ ရိုးသားတဲ့ ပုဂ္ဂိုလ်တွေပါ၊ ရှေ့နေထဲမှာလည်း တော်တဲ့သူတွေ၊ အဲဒါတွေ ပေါင်းပြီး စုစည်းပြီးတော့ တရားစီရင်ချက်များကို လေ့လာပြီးတော့ လုပ်ငန်းကော်မတီမျိုး ဖွဲ့ပေးထားဖို့လိုတယ်”ဟု ဦးသိန်းညွန့်က ဆိုသည်။

မြန်မာနိုင်ငံအနေနှင့် အဂတိလိုက်စားမှုသည် တရားရေးကဏ္ဍတစ်ခုတည်းတွင်တော့ မဟုတ်ပေ။ နယ်ပယ် အသီးသီးတွင် အနေအထားအမျိုးမျိုးဖြင့် ရှိနေပြီး ပညာရှင်များ၏ အဆိုအရစနစ်တကျဖြစ်ပေါ်နေသည့် အဂတိလိုက်စားမှုများဖြစ်သည်။

နိုင်ငံတကာပွင့်လင်းမြင်သာမှုအဖွဲ့ (Transparency International -TI) က ပြုစုထားသည့် ကမ္ဘာ့မြေပုံတွင် မြန်မာနိုင်ငံသည် အနီရောင်အန္တရာယ်စက်ကွင်းထဲတွင် ကျရောက်လျက်ရှိပြီး ဒေသတွင်းတွင် အဂတိလိုက်စားမှုထိပ်တန်းအဆင့်တွင် ရှိနေသည်။

TI ၏ နောက်ဆုံးထုတ်ပြန်ထားမှု အညွှန်းကိန်းအရ မြန်မာနိုင်ငံသည် နိုင်ငံပေါင်း ၁၇၆ နိုင်ငံအနက် အဆင့် ၁၃၆ တွင် ရှိနေသည်။

မြန်မာ၏ အောက်တွင် အာဖဂန် နစ္စတန်၊ အီရတ်၊ ယီမင်၊ လစ်ဗျား၊ ဆူဒန်၊ ဆိုမာလီယာ၊ မြောက်ကိုရီးယား၊ ကမ္ဘော ဒီယားနိုင်ငံတို့နှင့် အလားတူ နိုင်ငံများသာ ရှိသည်။ အဆိုပါနိုင်ငံအများစုသည် စစ်မက် သို့မဟုတ် ဆင်းရဲတွင်းနက်မှု သို့မဟုတ် ဖွံ့ဖြိုးမှုနိမ့်ကျခြင်းကို ရင်ဆိုင်နေရသည်။ မြန်မာသည် အဆိုပါသုံးမျိုးစလုံးကို ရင်ဝယ်ပိုက်ထားသည့် နိုင်ငံလည်းဖြစ်သည်။ အခြားတစ်ဖက်တွင် ယင်း အခြေအနေများက အဂတိလိုက်စားမှုနှင့်လည်း အပြန်အလှန်ဆက်စပ်နေပြန်သည်။

တရားရေးမဏ္ဍိုင်တည့်မတ်ရေးနှင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးသည် အစိုးရ၏ ဦးစားပေးကိစ္စတစ်ခုအဖြစ် ရှိနေသည်။

သို့သော် အဂတိအကြောင်းပြောလျှင်ပြည်သူတို့၏ မျက်စိတွင် တရားရေးကို ရှေ့ဆုံးက မြင်နေလောက်အောင်ပင် တရားရေး ကဏ္ဍက အခြေအနေ ဆိုးရွားလျက်ရှိနေသည်။ ယိုင်သည့်အဆင့်မှ ပြိုကျနေသည့် အဆင့်သို့ ရောက်ရှိနေပြီဟုပင် အချို့က မှတ်ချက်ပေးသည်။

တရားစီရင်ရေးနှင့်ပတ်သက်လျှင် ရယ်စရာ သို့မဟုတ် မောစရာ စကားတစ်ခွန်းက ရှိနေသည်။ ပုဒ်မ (၄) ဟူသည့်စကား။

အများစု တရားသူကြီးများသည် ယင်းပုဒ်မ (၄)ဖြင့်သာ အမှုများကို စီရင်နေသည်ဟု ဆိုလိုခြင်းဖြစ်သည်။ တစ်နည်းအားဖြင့် ပုဒ်မ(၄)သည် တရားသူကြီးများ ကိုးကားစရာစီရင်ထုံးတစ်ခု။

မြန်မာစကား၏ စကားလိမ်အရ ‘ပုဒ်မ(၄)’ သည် ‘ပေးမှလုပ်’ ဆိုသည့် အဓိပ္ပာယ်ကို ဆောင်သည်။

“ပုဒ်မ(၄)၊ ပေးမှ လုပ်ပေါ့။ ရေလောင်း ပေါ့။ ရေလောင်းစီရင်ထုံးပဲ သူတို့က နားလည်တာကိုး။ ဥပဒေစီရင်ထုံးတောင် နားမလည်တော့ဘူး”ဟု ဦးသိန်းညွန့်က ဆိုသည်။

အောင်မျိုးထက်

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *