ထောင့်သုံးရာပြည့်၊ ထောင့်သုံးရာငါးဆယ်ပြည့်မှသည် ထောင့်လေးရာပြည့်နှစ်ဆီသို့ …

ဇာတ်၏အစ
ထောင့်သုံးရာပြည့်အရေးတော်ပုံ

မြန်မာသက္ကရာဇ် ၁၃၀၀ ပြည့်နှစ်၊ ခရစ်သက္ကရာဇ် ၁၉၃၈-၃၉ ခုနှစ်တွင် မြန်မာ့အမျိုးသားလွတ်မြောက်ရေးလှုပ်ရှားမှုကို တစ်ဆစ်ချိုးပြောင်းလဲစေခဲ့သည့် အရေးတော်ပုံကြီးတစ်ခု ပေါ်ထွက်လာခဲ့သည်။ ‘ထောင့်သုံးရာပြည့်အရေးတော်ပုံ’ ဖြစ်ပါသည်။ ဤအရေးတော်ပုံကြီးကို ၁၉၃၀ ပြည့်လွန် နဂါးနီစာပေလှုပ်ရှားမှုကြီးနှင့်အတူ အားကောင်းမောင်းသန် ပေါ်ထွက်လာသော လက်ဝဲလူငယ်မျိုးဆက်သစ်များက နိုင်ငံရေးဦးဆောင်မှုရလာသည်။ သို့နှင့်အမျှ မဟာဗျူဟာမြောက် ရေရှည်ရည်မှန်းချက်သုံးရပ်ကို ချမှတ်နိုင်ခဲ့ကြသည်။ ‘လွတ်လပ်ရေး၊ ဒီမိုကရေစီရေး၊ ဆိုရှယ်လစ်ရေး’ ဆိုသော ရည်မှန်းချက်များ ဖြစ်ပါသည်။

အဆိုပါ အရေးတော်ပုံကြီးအပြီးသို့ရောက်သောအခါ ဆိုခဲ့ပါရည်မှန်းချက်များ လက်တွေ့အကောင်အထည်ဖော်နိုင်ရန်ရည်ရွယ်ချက်ဖြင့် နိုင်ငံရေးပါတီသစ်များ ဖွဲ့စည်းလာကြသည်။ ထိုစဉ်က လက်ဝဲအယူအဆကို သူ့အတိုင်းအတာနှင့်သူ သက်ဝင်ယုံကြည်ခဲ့ကြသော ‘ဗမာပြည်ကွန်မြူနစ်ပါတီ’ (CPB) နှင့် ‘ပြည်သူ့အရေးတော်ပုံပါတီ’ (PRP) တို့ဖြစ်ပါသည်။ အဆိုပါ ပါတီနှစ်ရပ်လုံးမှ ခေါင်းဆောင်များအနေနှင့် မြန်မာ့လွတ်လပ်ရေးကို လက်နက်ကိုင်တိုက်ပွဲဖြင့်သာ အသေအချာရရှိလိမ့်မည်ဟု ခံယူခဲ့ကြသည်။ သို့ဖြင့် အရေးတော်ပုံအပြီး ဆိုခဲ့ပါ ပါတီများ၏ အဓိကလုပ်ငန်းစဉ်မှာ ‘နိုင်ငံခြားအကူအညီရှာဖွေရေး’ နှင့် ‘လက်နက်ကိုင်တော်လှန်ရေး’ အတွက် ပြင်ဆင်ကြဖို့ ဖြစ်လာခဲ့သည်။

ဤသည်ပင် မြန်မာ့အမျိုးသားလွတ်လပ်ရေးသာမက လွတ်လပ်သော မြန်မာနိုင်ငံ၏ကံကြမ္မာကိုပါ ပုံသွင်းပေးလိုက်သည့် ‘ဇာတ်၏ အစ’ တစ်ခု ဖြစ်တော့သည်။

လွတ်လပ်ရေး၊ ပြည်တွင်းစစ်နှင့် အရေးနိမ့်ဒီမိုကရေစီ

ဒုတိယကမ္ဘာစစ်ကြီးအပြီး လွတ်လပ်ခါစနိုင်ငံများတွင် လမ်းကြောင်းနှစ်ရပ် ထင်ရှားဖြစ်ပေါ်လာသည်။ ‘ပူးပေါင်းဆောင်ရွက်ရေးလမ်းကြောင်း’ နှင့် ‘ရန်-ငါလမ်းကြောင်း’ တို့ဖြစ်သည်။ ‘ပူးပေါင်း ဆောင်ရွက်ရေးလမ်းကြောင်း’ မှာ တဖြည်းဖြည်း အောင်မြင်မှုရလာပြီး ဖွံ့ဖြိုးရေးလှေကားထစ်များကို တစ်ဆင့်ပြီးတစ်ဆင့် လှမ်းတက်လာနိုင်ခဲ့သည်။ ‘ရန်-ငါ လမ်းကြောင်း’ ကား လွတ်လပ်ရေးနှင့်အပြိုင် ‘ပြည်တွင်း စစ်’ သို့သာ ဦးတည်ခဲ့ရပြီး နှစ်ဖက် ‘စိတ်ဒဏ်ရာ’ (Trauma) တွေသာ အဖတ်တင်ခဲ့ကာ ဖွံ့ဖြိုးရေးနှင့် ဝေးသထက်ဝေးခဲ့ရသည်။ ကံမကောင်း အကြောင်းမလှစွာပင် မြန်မာနိုင်ငံကား ‘ရန် – ငါ လမ်းကြောင်း’ မှ ယခုထက်တိုင် ပေါက်မထွက်နိုင်ဖြစ်ခဲ့ရသည်။

ဤနေရာတွင် စိတ်ဝင်စားဖို့ကောင်းသည့်အချက်မှာ အမျိုးသားလွတ်လပ်ရေးလှုပ်ရှားမှုအတွင်း ရွေးချယ်ခဲ့ကြသည့် ‘တိုက်ပွဲပုံသဏ္ဌာန်’ နှင့် စစ်ကြီးခေတ် ‘တူရူချက်’ တို့၏ အဆက်အစပ်ပင်ဖြစ်သည်။ ဥပမာ- မြန်မာနှင့် အိမ်နီးချင်း အိန္ဒိယကိုပဲကြည့် …။ အိန္ဒိယအမျိုးသားလွတ်လပ်ရေးလှုပ်ရှားမှုတွင် ‘ဂန္ဒီလမ်းကြောင်း’ နှင့် ‘ဘို့စ်လမ်းကြောင်း’ ဟူ၍ နှစ်ခုရှိသည်။ အိန္ဒိယသားတို့က ဘို့စ် (ဆူဘတ်စ်ချန်ဒရာဘို့စ်) ကို လေးစားရင်းစွဲရှိသည့်တိုင် ဂန္ဒီကြီးကိုသာ ရွေးခဲ့ကြသည်။ မြန်မာတွင်ကား ဂန္ဒီမရှိ၊ ဘို့စ်သာရှိသည်။ ‘ရဲဘော်သုံးကျိတ်လမ်းကြောင်း’။ ဤ အချက်ကပင် လွတ်လပ်ရေးရအပြီး နိုင်ငံနှစ်ခု၏ ကံကြမ္မာကို အဆုံးအဖြတ်ပေးသလို ဖြစ်ခဲ့သလား … စဉ်းစားဖို့ရှိသည်။

လွတ်လပ်သော အိန္ဒိယတွင်း ပြဿနာတွေ ဘယ်လောက်များများ ‘စစ်ဝါဒ’ အားမကောင်း။ စစ်ဘက်အာဏာသိမ်းမှု မရှိ …။ လွတ်လပ်သော မြန်မာနိုင်ငံတွင်ကား ‘ဗိုလ်အောင်ဒင်’ က မကြာခဏဆိုသလို လာတတ်သည်။ Return of Bo Aung Dim တွေ ခဏ ခဏကြုံရသည်။ သို့ဖြင့် ဒီမိုကရေစီမှာ သမင်မွေးရင်း ကျားစားရင်း …။

ဇာတ်၏အလယ်
ထောင့်သုံးရာငါးဆယ်ပြည့်အရေးတော်ပုံ

ထောင့်သုံးရာပြည့်အရေးတော်ပုံအပြီး နှစ်ပေါင်း ၅၀ အကြာတွင် ထောင့်သုံးရာပြည့်ထက်ပင် ပို၍အပြန့်ကျယ်သော နောက်ထပ်အရေးတော်ပုံကြီးတစ်ခုနှင့် ကြုံလိုက်ရသည်။ ‘ရှစ်လေးလုံး အရေးတော်ပုံ’ ကြီး ဖြစ်ပါသည်။ ရှစ်လေးလုံး၏ ဦးတည်ချက်ကား ‘စစ်အေးလွန်ခေတ်’ ၏ တူရူချက်ဖြစ်သော ‘ဒီမိုကရေစီ’ ပင်။ မြန်မာလူထုက ‘ဆိုရှယ်လစ် တစ်ပါတီစနစ်’ ကို တစ်ခဲနက်ဆန့်ကျင်လိုက်ကြရာ အစဉ်အလာယုံကြည်ချက်လိုဖြစ်နေသော ‘နိုင်ငံရေးအာဏာဆိုတာ သေနတ်ပြောင်းဝက ထွက်တယ်’ ဆိုသောစကားမှာ မျက်စေ့အောက်မှာပင် ပြိုကျသွားခဲ့သည်။

သို့နှင့်တိုင် အရှေ့ဥရောပကွန်မြူနစ်နိုင်ငံများမှာလို တတိယလှိုင်း၏ စံပြပုံစံ ‘ကတ္တီပါအပြောင်းအလဲ’ ကိုကား မရောက်ခဲ့။ လမ်းပေါ်နိုင်ငံ ရေးမှ စားပွဲဝိုင်းနိုင်ငံရေးသို့ အဆင့်မတက်နိုင်ဘဲ လမ်းမများပေါ်မှာပင် အင်အားသုံးဖြိုခွဲခံလိုက်ရသည်။ (ဦးစိန်လွင်လက်ထက်) ဒီမိုကရက်တစ်အင်အားစုများဘက်မှလည်း အကန့်အသတ်နှင့် အနိုင်ရအောင် မစွမ်းဆောင်နိုင်ခဲ့။ (ဒေါက်တာမောင်မောင်လက်ထက်) နှစ်ဖက်လုံးမှ စစ်ကြိုခေတ်တိုက်ပွဲပုံသဏ္ဌာန်ကို ‘အလျှင်မဖြတ်နိုင်’ ဖြစ်ခဲ့ဟန်တူပါသည်။ သို့ဖြင့် ရှစ်လေးလုံးအပြီးတွင် လူငယ်လူရွယ်တော်တော်များများမှာ စစ်ကြိုခေတ် ရဲဘော်သုံးကျိတ်လမ်းကြောင်းထဲ ပြန်ရောက်သွားခဲ့ကြသည်။

ရှစ်လေးလုံး၏ ထောင်သုံးရာပြည့်နှင့်မတူသည့်အချက်ကား ဂန္ဒီကြီး၏ ‘အကြမ်းမဖက်လမ်းကြောင်း’ ပီပီသသပေါ်ထွက်လာခြင်းဖြစ်ပါသည်။ အရေးတော်ပုံအပြီးတွင် အဆိုပါ ‘ဂန္ဒီလမ်းကြောင်း’ ကိုပင် အဓိကတိုက်ပွဲပုံသဏ္ဌာန်ထားသော နိုင်ငံရေးခေါင်းဆောင်တစ်ယောက် နှင့် နိုင်ငံရေးပါတီတစ်ရပ် ပေါ်ထွက်လာခဲ့ပါသည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် ‘အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်’ (NLD) တို့ဖြစ်ပါသည်။

နောင်အနှစ်နှစ်ဆယ်
ထောင့်လေးရာပြည့်နှစ်ဆီသို့

ရှစ်လေးလုံးအရေးတော်ပုံအပြီး နှစ်ပေါင်း (၃၀) နီးပါးအကြာ ဥပဒေတွင် အတိုက်အခံနိုင်ငံရေးသမားဘ၀၏ လောကဓံမျိုးစုံကို ကြံ့ကြံ့ခိုင်ပြီးသကာလ ၂၀၁၅ ရွေးကောက်ပွဲတွင် NLD ပါတီမှာ သောင်ပြိုကမ်းပြိုအနိုင်ရပြီး နိုင်ငံရေးအာဏာ၏ အစိတ်အပိုင်း တော်တော်များများကို အောင်မြင်စွာသိမ်းပိုက်နိုင်ခဲ့ပြီဖြစ်ပါသည်။ NLD အာဏာရလာသည်မှာ သေနတ်နှင့်မဟုတ်။ လူထု၏အသည်းကြားမှ မဲများနှင့်ဖြစ်သည်။ ဤအချိန်တွင် လွန်ခဲ့သော နှစ်ပေါင်း ၇၀ ကျော်က လက်နက်ကိုင်တော်လှန်ရေးဖြင့် ဗမာပြည်သစ်ထူထောင်မည်ဆိုသော ပါတီကြီးများမှာ (လူမျိုးစု လက်နက်ကိုင်အင်အားစုများမှလွဲ၍) သမိုင်းထဲသို့ တိုးဝင်ပျောက်ကွယ်သွားခဲ့ကြပြီဖြစ်သည်။

သို့နှင့်တိုင် ရှစ်လေးလုံး၏ ရည်မှန်းချက်များကို အပြည့်အဝအကောင်အထည်ဖော်နိုင်သေးသည်တော့မဟုတ်ပါ။ (ဤအချက်ကို NLD ပါတီအပါအဝင် အားလုံးလက်ခံပြီးဖြစ်ပါလိမ့်မည်။) မြန်မာ့ဒီမိုကရေစီမှာလည်း စံကိုက်ဒီမိုကရေစီနှင့် အလှမ်းဝေးနေဆဲဖြစ်ပါသည်။ (ဤအချက်ကိုလည်း NLD အပါအဝင် အားလုံးက လက်ခံပြီးဖြစ်ပါလိမ့်မည်။) မည်သို့ပင်ရှိစေ အတိုက်အခံပါတီတစ်ခုအနေနှင့် NLD မှာ တာဝန်ကျေခဲ့ပြီဟု ဆိုချင်ပါသည်။ အာဏာရပါတီတစ်ခုအနေနှင့်ကား NLD အနေနှင့် ဆက်လက်ကြိုးပမ်းရဦးမည့်အပိုင်းတွေ မနည်းမနောရှိပါလိမ့်မည်။ ယနေ့ အာဏာရခဲ့ပြီဖြစ်သော NLD ၏ ကြွေးကြော်သံမှာ ‘အမျိုးသားပြန်လည်သင့်မြတ်ရေး’ ဟု နားလည်ရပြီး ပထမဦးစားပေးလုပ်ငန်းမှာ ‘ငြိမ်းချမ်းရေး’ ဟု နားလည်ရပါသည်။ ဤအချက်များက အရိုးစွဲနေသော ‘ချသမိုင်းကြီး’ ကို ဆုံးခန်းတိုင်စေလိမ့်မည်ဟု နားလည်ရရာ ဆိုခဲ့ပါ ကြွေးကြော်သံနှင့် လုပ်ငန်းစဉ်ရှင်သန်နေသရွေ့ (အားနည်းချက်မည်မျှပင်ရှိစေ) NLD ကို ဆက်လက်အားပေးထောက်ခံ နေကြရမည်ထင်ပါသည်။

ထောင့်သုံးရာပြည့်အရေးတော်ပုံအပြီး နှစ်ပေါင်း (၁၀၀)၊ ထောင့်သုံးရာငါးဆယ်ပြည့်အရေးတော်ပုံအပြီး နှစ်ပေါင်း (၅၀) အကြာ ထောင့်လေးရာပြည့်နှစ်အရောက်တွင် မြန်မာပြည် ဘာဖြစ်မည်နည်း။ ယနေ့ NLD ကြိုးပမ်းဆောင်ရွက်နေသော ‘အမျိုးသားပြန်လည်သင့်မြတ်ရေး’ နှင့် ‘ငြိမ်းချမ်းရေး’ သည်ပင် အဆုံးအဖြတ်ဖြစ်ပါလိမ့်မည်။ နှစ်ပေါင်း (၇၀) ကျော်ကြာ ‘ချသမိုင်းကြီး’ ကို အဆုံးသတ်ကြမည်လော …။ သို့မဟုတ် … ‘ချသမိုင်းကြီး’ အဓွန့်ရှည်သထက်ရှည်အောင် လောင်စာကျွေးကြဦးမည်လော …။ 

ကျော်ဝင်း
၈-၈-၂၀၁၈

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *