ကျိုက်ဝိုင်းဘုရားမြေတွင် စားသောက်ဆိုင်ဆောက်သူကို YCDC ဥပဒေဖြင့် အရေးယူမည်

ရန်ကုန်၊ဩဂုတ်၂၄

ရန်ကုန်တိုင်းဒေသကြီးမရမ်းကုန်း မြို့နယ်ရှိ ကျိုက်ဝိုင်းဘုရားဝတ္တကနယ်မြေတွင် ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီ (YCDC) ခွင့်ပြုချက်မရသေးမီ စားသောက်ဆိုင် တည်ဆောက်သည့် ဧည့်နိုင်ငံသားကို YCDC ဥပဒေဖြင့် အရေးယူသွားမည်ဖြစ်ကြောင်းယင်း ကော်မတီဝင်ဒေါ်မေမေသွယ်က ပြောကြားသည်။

စည်ပင်ခွင့်ပြုချက်မရမီစားသောက် ဆိုင်တည်ဆောက်ခြင်းကို၂၀၁၃ခုနှစ် YCDC ဥပဒေဖြင့်အရေးယူမည်ဖြစ်ပြီး ဥပဒေအရခွင့်ပြုနိုင်ပါက ကြိုတင်ဆောက် ဒဏ်ကြေးဖြင့် ခွင့်ပြုမည်ဖြစ်ကာ ဥပဒေကို ဆန့်ကျင်နေပါက အဆောက်အအုံကို ဖြိုဖျက်ရမည်ဖြစ်ကြောင်း ဒေါ်မေမေသွယ်က ဆိုသည်။

ယင်းဆောက်အအုံ တည်ဆောက်ခွင့်ရရန် YCDC အင်ဂျင်နီယာဌာန (အဆောက်အအုံ) တွင် လျှောက်ထားဆဲဖြစ်သော်လည်း အဆောက်အအုံမှာမူ ပြီးစီးနေပြီဖြစ်သည်။

YCDCကမူ ဩဂုတ်လ ၁၉ ရက် အစိုးရသတင်းစာတွင် အဆိုပါအဆောက်အအုံ ဆောက်လုပ်ခြင်းကို ကန့်ကွက်နိုင် ကြောင်း ကြေညာထားသည်။

စည်ပင်ခွင့်ပြုချက်မရမီ မြေပြင်တွင် နှစ်ထပ်အဆောက်အအုံမှာ ပြီးစီးနေပြီး စားသောက်ဆိုင်ဖွင့်လှစ်ထားသောကြောင့် အရေးယူရန်စီစဉ်နေကြောင်း ဒေါ်မေမေသွယ်က ရှင်းပြသည်။

“သူ (ဦးရှောက်ဆန်း)က ပုဂ္ဂလိကအိမ်တွေဝယ်ပြီး အဆောက်အအုံဆောက်ဖို့ လျှောက်တာ။ စည်ပင်ဥပဒေအတိုင်းပဲ သွားမှာပေါ့” ဟု ၎င်းက ဆိုသည်။

နှစ်ထပ်အမြင့်ရှိစားသောက်ဆိုင်ကို ကျိုက်ဝိုင်းဘုရားလမ်းဘက်သို့ မျက်နှာမူ၍ ဧည့်နိုင်ငံသားဖြစ်သူ ဦးရှောက်ဆန်းဆိုသူက တည်ဆောက်နေခြင်းဖြစ်ကြောင်း မရမ်းကုန်မြို့နယ် မဲဆန္ဒနယ်၊ တိုင်းလွှတ်တော်ကိုယ်စားလှယ်ဦးရန်ရှင်းက ဆိုသည်။

ထိုသို့ တည်ဆောက်ခြင်းကို ရပ်ကွက်နေပြည်သူအချို့နှင့် ပူးပေါင်း၍ ကန့်ကွက်ရန်စီစဉ်နေကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

ကျိုက်ဝိုင်းဘုရားဝတ္တက နယ်မြေတွင် စားသောက်ဆိုင်တည်ဆောက်ထားခြင်းကိုလည်း ဘုရားဂေါပကအဖွဲ့က ခွင့်ပြု ထားခြင်းလည်း မရှိကြောင်း ကျိုက်ဝိုင်း ဂေါပကအဖွဲ့ဝင်ဦးလှိုင်က ဆိုသည်။

ဂေါပကအဖွဲ့အနေနှင့်တည်ဆောက်ခြင်းကို ကန့်ကွက်ခြင်း မရှိသလို၊ ခွင့်ပြု ထားခြင်းမရှိသည့်အတွက် YCDC ကသာ ထိုကိစ္စကို ဖြေရှင်းရမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *