ရန်ကုန်မော်တော်ယာဉ်တင်သွင်းခွင့်လိုင်စင် အောက်တိုဘာတွင် ခွင့်ပြုမည်

ရန်ကုန်၊ဩဂုတ် ၂၄

မော်တော်ယာဉ်လုပ်ငန်းရှင်များ မျှော်လင့်နေသည့် ရန်ကုန်မော်တော် ယာဉ်တင်သွင်းခွင့်လိုင်စင် (YVQC) ကို လာမည့်အောက်တိုဘာလအတွင်း စတင်ခွင့်ပြုမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားသည်။

ဩဂုတ်လ ၂၄ ရက်နေ့တွင် ရန်ကုန်တိုင်းအစိုးရရုံးတွင် ကျင်းပသည့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ၂ နှစ်ပြည့် လုပ်ငန်းဆောင်ရွက်မှုအခြေအနေကို ပြည်သူများထံအစီရင်ခံသည့် သတင်းစာရှင်းလင်းပွဲတွင် ၎င်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

ယာဉ်အသစ်များကိုသာ ရန်ကုန်မော်တော်ယာဉ်တင်သွင်းခွင့်လိုင်စင်ချပေးမည်ဖြစ်ပြီး မော်တော်ယာဉ်များပြားလာမှုကို စနစ်တကျဖြစ်စေလို၍ ဖြစ်ကြောင်း ဦးဖြိုးမင်းသိန်းက ရှင်းပြသည်။

ရန်ကုန်မော်တော်ယာဉ်တင်သွင်းခွင့်လိုင်စင်သည် လက်ရှိစီးပွား/ကူးသန်းဝန်ကြီးဌာနသို့ ရောက်ရှိနေကြောင်း မြန်မာ့မော်တော်ယာဉ် တင်သွင်းထုတ်လုပ်သည့်လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဒေါက်တာစိုးထွန်းက ဆိုသည်။

ထို့ပြင် တစ်နိုင်တစ်ပိုင်မော်တော်ယာဉ်တင်သွင်းရောင်းချမှုသူများကိုလည်း အရောင်းစင်တာဖွင့်လှစ်ရောင်းချမှသာ ခွင့်ပြုမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ဆိုသည်။

လက်ရှိတွင် ရန်ကုန်မြို့တော်စည်ပင်သာယာက ဖွင့်လှစ်ပေးထားသည့် မော်တော်ယာဉ်ရောင်းဝယ်ရေးစခန်းများမှာလည်း မော်တော်ယာဉ်ဝယ်ရောင်းများအတွက် မဟုတ်ဘဲ တစ်နိုင်ဝယ်ယူစီးနင်းသူများ ၎င်းတို့မော်တော်ယာဉ်ကို ပြန်လည်ရောင်းချရန် နေရာသတ်မှတ်ပေးထားခြင်း ဖြစ်ကြောင်း ၎င်းကဆိုသည်။

အဆိုပါယာဉ်ရောင်းဝယ်ရေးစခန်းတွင် ဂျပန်တစ်ပတ်ရစ် မော်တော်ယာဉ်များကို မော်တော်ယာဉ်ဝယ်ရောင်းများက ရောင်းချနေခြင်းကြောင့် ရည်ရွယ်ချက်နှင့် မကိုက်ညီကြောင်း ဝန်ကြီးချုပ်ကဆိုသည်။

“ဒါတွေက ခေတ်အဆက်ဆက်ကတည်းက ရှိနေခဲ့တာ။ အခြေခံလူတန်းစားတွေ လုပ်နေကြတာ။ ဒါတွေကို ဘာလို့ ခဏခဏပိတ်ချင်နေမှန်းမသိဘူး” ဟု မော်တော်ယာဉ်ရောင်းဝယ်ရေးလုပ်ငန်းရှင်များအသင်း (ရန်ကုန်) ဥက္ကဋ္ဌ ဦးအောင်သန်းဝင်းက ဆိုသည်။

ရန်ကုန်မော်တော်ယာဉ်တင်သွင်းခွင့်လိုင်စင်ကို စောင့်မျှော်နေကြခြင်းကြောင့် မော်တော်ယာဉ်ဈေးကွက်အတွင်း အရောင်းအဝယ်နည်းလျက်ရှိကြောင်း သီရိမင်္ဂလာယာဉ်ရောင်းဝယ်ရေးစခန်းထံမှ စုံစမ်းသိရှိရသည်။ 

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *