တန့်သွားသော မြန်မာ့မီးဖိုချောင်ဈေးကွက် ဂေဟစနစ်

ပုံမှန်ဆိုလျှင်တော့ ရန်ကုန်မြို့ရှိ ဘုရင့်နောင်ဈေးကွက်ပတ်ဝန်းကျင်သည် ယာဉ်ကြောကျပ်သည်ဟု နာမည်ကျော်သည်။ ယခုတော့ ထိုသို့မဟုတ်တော့။

ရန်ကုန်မြို့၏ စီပွားရေးဗဟိုချက်ဖြစ်ပြီး မြန်မာနိုင်ငံ၏ မီးဖိုချောင်ကုန်ဈေးနှုန်း အတက်အကျကိုပင် ကိုင်လှုပ်နိုင်စွမ်းရှိသည့် ဘုရင့်နောင်ဈေးကွက်၏ ကုန်စည်စီးဆင်းမှုသည် ယခင်ကဲ့သို့ အခြေအနေမကောင်းတော့။ ကုန်စည်ဒိုင်နှင့် ပွဲရုံများတွင် ဈေးရောင်း ဈေးဝယ် ပါးလျက်ရှိသည်။

မြန်မာ့စီးပွားရေးတက်သည်၊ ကျသည် အငြင်းပွားနေချိန် မြေပြင်ရှိ စီးပွားရေးလုပ်ငန်းများသည် ကျပ်သထက် ကျပ်လာသည်။ ယင်းကို ဘုရင့်နောင်ဈေးကွက်အရောင်းဝယ်အခြေအနေက သက်သေပြလျက်ရှိသည်။

၂၀၁၈ ခုနှစ် ဩဂုတ် တတိယပတ်ရှိ နေ့လယ်ခင်းတစ်ခုတွင် ဖြစ်သည်။

ဘုရင်နောင်ပွဲရုံလမ်းများတွင် ကုန်တင်ယာဉ်အကြီး၊ အငယ် ချောချောမွေ့မွေ့ မောင်းနှင်လျက်ရှိသည်။ ယခင်က အဆိုပါလမ်းများတွင် ဆိုးရွားစွာ ယာဉ်ကြောကျပ်လေ့ရှိသည်။ ယခုမူ ကုန်စည်အဝင်နည်းလာသဖြင့် ယာဉ်ကြောရှင်းသည်။

ဘုရင့်နောင်ကုန်စည်ဒိုင်တွင်လည်း အရောင်းအဝယ်လုပ်သူ အနည်းငယ်သာ ရှိသည်။

ဈေးကွက်ဖွင့်လှစ်ချိန်ဖြစ်သော်လည်း ကုန်စည်ဒိုင်တွင် လူသုံးဆယ်ပင် မပြည့်။ ဘုရင့်နောင်ကုန်စည်ဒိုင်သည် ပဲမျိုးစုံအဓိကရောင်းဝယ်ရာ ဆုံချက်ဖြစ်ပြီး ယခင်က ပဲရောင်းဝယ်သူ၊ ပြည်ပတင်ပို့သူလုပ်ငန်းရှင် စုစုပေါင်း ၁၅၀ ဦးထက်မနည်း စုဝေးရောင်းဝယ်ကြသည်။

“မြင်တဲ့အတိုင်းပဲ။ အခု ၁၁ နာရီ ထိုးနေပြီ။ လူတွေမလာကြဘူး” ဟု ကုန်စည်ဒိုင်အတွင်း ကျိုတို့ကျဲတဲလူများကို လက်ညိုးထိုးပြရင်း ပဲဝယ်ရောင်းလုပ်ကိုင်သူ ဦးကက်က ဆိုသည်။

ဘုရင့်နောင်ကုန်စည်ဒိုင်တွင် အသင်းဝင်စုစုပေါင်း ၄၀၀၀ ကျော်ရှိသည်။ ဦးကက်အပါအဝင် ပဲလုပ်ငန်းရှင်များသည် ယင်းကုန်စည်ဒိုင်ကိုအမှီပြု၍ အရောင်းအဝယ်လုပ်ကြသည်။ အိန္ဒိယနိုင်ငံက ပဲသုံးမျိုးကန့်သတ်သည့်နောက်ပိုင်း ဘုရင့်နောင်ပဲမျိုးစုံဈေးကွက် ဆိတ်သုဉ်း သွားခဲ့သည်။

ပဲဈေးကွက်တွင် ရင်းနှီးမြှုပ်နှံရန် မည်သည်မျှစိတ်မဝင်စားကြတော့။ ပဲမျိုးစုံ လက်ဝယ်ရှိသော လုပ်ငန်းရှင်များသာ ဈေးကွက်ပြန်ကောင်းလိုကောင်းငြား မဝံ့မရဲမျှော်လင့်ကြသည်။ ဈေးကွက်သတင်းရရန် ကုန်စည်ဒိုင်သို့လာသည့်သဘောဖြစ်သည်။ ပဲမျိုးစုံအရောင်းအဝယ်ကား သိပ်မဖြစ်။

“(အိန္ဒိယက) ပိတ်ထားတာ တစ်နှစ်ကျော်ပြီ။ အကုန်လုံးငြိမ်နေတာပဲ။ ကြည့်ပါလား။ ဘာမှမလုပ်နိုင်ဘူး။ (အိန္ဒိယ) သူတို့ မဝယ်ဘူးဆိုရင် ကျွန်တော်တို့ အရောင်းအဝယ်က အ, သွားပြီ။ ငွေကိုလည်း နောက်ထပ်မရင်းနိုင်တော့ဘူး” ဟု ဦးကက်ကဆိုသည်။

“ကျွန်တော်တို့ တစ်နိုင်သမားတွေကပိုဆိုးတာပေါ့”

ငွေကြေးရင်းနှီးနိုင်သူများသည် ပဲဈေးကွက်ပြန်ပွင့်သည့်အထိ ငွေရင်းနှီးထားနိုင်ခြင်းကြောင့် ပြဿနာနည်းသည်။ သို့သော် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန် အရေးပါသောကုန်ထုတ်လုပ်မှု၊ ဝင်ငွေနှင့် ငွေသုံးစွဲမှုလမ်းကြောင်း ပုံစံမမှန်တော့ပေ။

မြန်မာနိုင်ငံတွင် စပါးစိုက်ပျိုးထုတ်လုပ်သော တောင်သူများသည် စပါးသီးနှံစိုက်ပျိုးပြီးချိန်တွင် ပဲမျိုးစုံကို စိုက်ပျိုးကြသည်။ ဈေးကွက်ပိတ်ပင်ခံရသဖြင့် ပဲစိုက်ပျိုးသူများသည် ပဲမှ ဝင်ငွေအရ နည်းသွားမည်ဖြစ်သည်။

တစ်ချိန်တည်းတွင် ငွေကြေးသုံးစွဲမှုလည်းမရှိနိုင်တော့။

သို့ဆိုလျှင် အခြားကုန်ထုတ်လုပ်မှုလုပ်ငန်း အရောင်းအဝယ်များလည်း ရပ်တံ့သွားမည်ဖြစ်သည်။ ထိုကြောင့် ဈေးကွက်ပြန်ပွင့်ပြီး အရောင်းဝယ်သွက်လာရေးကိုသာ ပဲဝယ်ရောင်းလုပ်ကိုင်သူများက မျှော်လင့်ကြသည်။

သို့သော် ပဲမျိုးစုံတစ်ခုထဲသာ အရောင်းအဝယ်ကျနေခြင်းတော့ မဟုတ်ပေ။

အခြားစိုက်ပျိုးရေးနှင့် ရေထွက်ကုန်စည်တိုင်းလိုလို အရောင်းဝယ်ကျဆင်းနေသည်။ ပဲလုပ်ငန်းရှင်များနည်းတူ ဘုရင့်နောင်ဈေးကွက်ရှိ အခြားကုန်စည်ရောင်းဝယ်သူများကလည်း အရောင်းသွက်လာရန် တောင့်တကြသည်။

ဘုရင့်နောင်ဈေးကွက်သည် မြန်မာနိုင်ငံတစ်နှံတစ်လျားမှကုန်စည်များ ကူးသန်းဖလှယ်ရာနေရာဖြစ်သည်။ ဘုရင့်နောင်ဈေးတွင် ပွဲရုံပေါင်း တစ်ထောင်ကျော်ရှိသည်။ ကုန်စည်ပို့ဆောင်ရေးဂိတ် ၃၆၀ ရှိသည်။

ဘုရင့်နောင်ဈေးကွက်မှတစ်ဆင့် မြန်မာနိုင်ငံအောက်ပိုင်းထွက် ငါး၊ ငါး ခြောက်၊ ပုစွန်များကိုအထက်အညာဒေသသို့ဖြန့်ဖြူးသည်။ အထက်အညာမှ ကြက်သွန်နှင့် စိုက်ပျိုးရေးထုတ်ကုန်များကို မြန်မာနိုင်ငံအောက်ပိုင်းဒေသသို့ ရောင်းချသည်။

ယခုနှစ် ဇွန်၊ ဇူလိုင်ရေကြီးရေလွှမ်းမှုကြောင့် အဆိုပါကုန်စည်စီးဆင်းမှုလမ်းကြောင်း တန့်သွားသည်။

ပုံမှန်အားဖြင့် ဩဂုတ်လသည် စားဖိုဆောင်သုံးစားသောက်ကုန် ကြက်သွန်ဈေးကောင်းရပြီး အရောင်းအဝယ်ကောင်းသည်။ ယခုနှစ်တွင်မူဈေးကျပြီး အရောင်းအဝယ်မကောင်းကြောင်း ဘုရင့်နောင်ကုန်စည်ဒိုင်ဥက္ကဋ္ဌ ဦးခင်ဟန်က ဆိုသည်။

ကြက်သွန် နယ်ဈေးသည် တစ်ပိ ဿာ ၄၈၀ ကျပ်၊ ၅၀၀ ကျပ်ဖြစ်ပြီး ရန်ကုန်ဈေးသည် ၅၅၀ မှ ၆၀၀ ကျပ်သာရှိသည်။ သယ်ယူပို့ဆောင်ရးစရိတ်တင်၍ရောင်းသော်လည်း အဝယ်နည်းနေကြောင်း ၎င်းကဆိုသည်။ အမြတ်တင်ရောင်းလျှင် ပို၍ အဝယ်နည်းမည်။

“ဈေးကွက်နဲ့ လုပ်ငန်းတွေ အကုန်လုံးကမကောင်းဘူး။ ကြက်သွန်နီတစ်ခုထဲ မဟုတ်ဘူး။ ကြက်သွန်ဖြူလည်းဒီလိုပဲ။ အဓိကကတော့ ရေကြီးတာကြောင့်ပေါ့။ ပြည်နယ်နဲ့တိုင်းတွေအားလုံးက ရေကြီးနေတော့ မဝယ်ကြဘူး” ဟု ၎င်းက ဆိုသည်။

ကြက်သွန်ကို မြန်မာနိုင်ငံအောက်ပိုင်းဒေသများ အဝယ်နည်းသလို ငါးခြောက်နှင့် ပုဇွန်ကိုလည်း အထက်အညာမှ မဝယ်တော့ပေ။ ဝယ်လိုအားကျဆင်းလာခြင်းကြောင့် ဈေးကွက်တစ်ခုလုံး ထိုင်းမှိုင်းလာသည်။

ဇွန်လနှင့် ဇူလိုင်လအတွင်းက လုပ်ငန်းများလည်း မကောင်းသဖြင့် လုပ်ငန်းရှင်လေးဦး ပွဲရုံပိတ်သိမ်းထွက်ပြေးခဲ့သည်။ ပွဲရုံတစ်ခုလျှင် ပေးရန်၊ ရရန်ရှိသော ငွေပမာဏ ကျပ်သိန်းတစ်ထောင်မှ ကျပ်သိန်းသုံးထောင်အထိ ရှိနိုင်သည်။ ငွေပြန်ရသည့် ကုန်သည်များရှိသလို ပြန်မရသူများလည်း ရှိသည်။

ကုန်စည်စီးဆင်မှု နှေးကွေးသွားသည့် အကျိုးဆက်ဖြစ်သည်။

ယင်းပြဿနာကိုဖြေရှင်းရန် နည်းလမ်းရှာမရသေးပေ။ ဒုတိယအကြိမ် ပြန်လည်ဖြစ်ပွားသည့် နိုင်ငံအနှံ့ရေကြီး ရေလျှံမှုကြောင့်လည်း ကုန်စည်အရောင်းအဝယ်လုပ်ငန်း နာလန်ထရန် ခက်ခဲနေဦးမည်ဖြစ်သည်။

“(ရေကြီးရေလျှံမှု) ရေရှည်ကြီး ဖြစ်သွားရင်သူတို့ (ရေဘေးဒဏ်ခံရသူ) အတွက်လည်းမကောင်းဘူး။ လုပ်ငန်းရှင်အတွက်လည်းမကောင်းနိုင်ဘူး” ဟု ဦးခင်ဟန်ကဆိုသည်။

သို့သော်လည်းပွင့်လင်းရာသီတွင် ဈေးကွက်ပြန်ကောင်းလာမည်ဖြစ်ကြောင်း ဘုရင့်နောင်ဈေးတွင် ပုဇွန်ခြောက်ပွဲရုံလုပ်ငန်းလုပ်ကိုင်သူတစ်ဦးက မျှော်လင့်စကားဆိုသည်။ နှစ်စဉ် မိုးကာလရောက်တိုင်း ကုန်စည်အရောင်းအဝယ်အေးလေ့ရှိပြီး ကုန်အဝင်လည်း နည်းကြောင်း ၎င်းကဆိုသည်။

တစ်ပတ်လျှင် တစ်ရက်ခန့်သာ ဈေးရောင်းရပြီးကျန်ရက်များတွင်မရှိသလောက် နည်းပါးကြောင်း ၎င်းက ဆိုသည်။ တပတ်ခန့်ရောင်းလျှင် ကုန်သည့် ပုစွန်ခြောက်ကို တစ်လခန့်ရောင်းချမှသာကုန်နေသည်။ အရည်အသွေးညံ့လျှင် အချိန်ပိုကြာသည်။

အရောင်းမကောင်းခြင်းမှာ စီးပွားရေးကျဆင်းမှုနှင့်လည်းဆက်စပ်သည်။

“(စားသုံးသူတွေ) စီပွားရေးလုပ်ရတာ ကျပ်တဲ့အခါကြတော့ ဘယ်လိုလုပ်အဆင်ပြေမလဲ။ ငွေရေးကြေးရေးရှားတာလည်းပါတာပေါ့။ ဘယ်ဝယ်စားနိုင်မလဲ” ဟု ၎င်းကဆိုသည်။

မရှိမဖြစ်ဝမ်းစာဆန်သည် မိုးကာလဖြစ်သော်လည်းဈေးတက်ပြီး အရောင်းအဝယ်ဖြစ်သည်။ အထူးသဖြင့် ပေါ်ဆန်းအုပ်စုဝင် ဆန်ချောဈေးနှုန်းများမြင့်ခြင်း ဖြစ်သည်။ စားသုံးသူများသည် ဆန်ကြမ်းထက် ဆန်ချောပိုမိုစားသုံးခြင်းကြောင့် ဈေးတက်လာခြင်းဖြစ်သည်။

ဇူလိုင်လကုန်တွင် ဖျာပုံပေါ်ဆန်း ၁၀၈ ပေါင်တစ်အိတ်လျှင် ကျပ် ၄၃,၀၀၀ သာရှိသော်လည်း ဩဂုတ်လ ၂၀ ရက်တွင် ကျပ်ငါးသောင်းအထိ ဈေးမြင့်တက်ခဲ့သည်။ ဒေးဒရဲပေါ်ဆန်း၊ မြောင်းမြနှင့် ပုသိမ်ပေါ်ဆန်း၊ နယ်စုံမှ ပေါ်ဆန်းဈေးကျပ် ၄၀၀၀ မှ ၆၀၀၀ အထိဈေးမြင့်သည်။

သို့သော်လည်း ထူးထူးခြားခြား ရောင်းအားမြင့်လာခြင်းမရှိကြောင်း ဘုရင့်နောင်ဈေးကွက်ရှိ ရွှေစွမ်းအားဆန်ပွဲရုံလုပ်ငန်းထံမှသိရသည်။ မိုးကာလတွင် ဆန်သည်အစိုဓာတ်ဝင်နိုင်ခြင်းကြောင့် စားသုံးရန်အတွက် ပမာဏများပြားစွာ မဝယ်ယူကြကြောင်း ယင်းဆန်ပွဲရုံထံမှ သိရသည်။

မည်သို့ဆိုစေ ကုန်စည်အမျိုးအစားအလိုက် ဈေးနှုန်း၊ ဈေးကွက်အရောင်းအဝယ်ဖြစ်မှု မတူညီပေ။ သို့သော် ဘုရင့်နောင်ဈေးကွက်တစ်ခုလုံးခြုံကြည့်လျှင်မူ ရောင်းအားကျဆင်းနေပြီး ပွဲရုံလုပ်ငန်းများ မကောင်းကြောင်း ဘုရင့်နောင်ကုန်စည်ဒိုင်ဥက္ကဋ္ဌ ဦးခင်ဟန်ကဆိုသည်။

တစ်ချိန်တည်းတွင် ပွဲရုံများကိုမှီခိုလုပ်ကိုင်ရသည့် ကုန်ထမ်းလုပ်သားများ၊ ကုန်စည်ပို့ဆောင်ရေးယာဉ်များလည်း အထိနာသည်။ ယင်းဈေးကွက်အတွင်း ရောင်းနေသည့် ကွမ်းယာဆိုင်၊ လက်ဖက်ရည်ဆိုင်များလည်း ဝင်ငွေကျသည်။

ကုန်ထမ်းသမားတစ်ဦးသည် အလုပ်အကိုင်ကောင်းသည့်နေတွင် ငွေကျပ်နှစ်သောင်းကျော်အထိ ရသော်လည်း အလုပ်အကိုင်မကောင်းသောနေ့တွင် ကျပ်ရှစ်ထောင်ခန့်သာရတော့ကြောင်း ကွမ်းသီးပွဲရုံများတွင် ကုန်ထမ်းသောအသက် ၃၅ နှစ်အရွယ် ဦးစိုးက ဆိုသည်။

ကွမ်းသီး အိတ်တစ်အိတ်လျှင် ကုန် ထမ်းခ ကျပ်နှစ်ရာမှ ကျပ်ခြောက်ရာ အထိဈေးရသည်။

“မိုးတွင်းကာလကတော့ မကောင်းတာများပါတယ်။ ဒါတောင်အခုလုပ်တဲ့ ပွဲရုံကမဆိုးသေးဘူး။ အခြားပွဲရုံတွေမှာ အလုပ်အကိုင်ပါးတယ်။ ပုံသေတော့ ပြောလို့မရဘူးပေါ့။ အလုပ်က ကောင်းလိုက်၊ မကောင်းလိုက်ပါပဲ” ဟု ၎င်းက ဆိုသည်။

ကုန်စည်စီးဆင်းမှုမကောင်းသဖြင့် ကုန်စည်ပို့ဆောင်ရေးဂိတ်များလည်း ထိသည်။ ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းတွင် စင်းလုံးငှားနှင့် စပ်ကုန်ပို့ဆောင်ရေးဟူ၍ နှစ်မျိုးရှိသည်။ စင်းလုံးငှားဆိုသည်မှာ ကုန်အမျိုးအစားတစ်ခုကို ပို့ဆောင်ပေးခြင်းဖြစ်သည်။ စပ်ကုန်ဆိုသည်မှာ ကုန်စည်အမျိုးအစားများစွာကို စုပေါင်းတင်ပို့သည်။

ဘုရင့်နောင်ဈေးကွက်ကိုအမှီပြုလည်ပတ်သော ကုန်တင်ဂိတ်များသည် စပ်ကုန်တင်ပို့သောယာဉ်များဖြစ်သည်။ ယင်းလုပ်ငန်းများမှာ ယခုလက်ရှိ အလုပ်ပါးသည်။

“မိုးတွင်းကာလကျတော့ ကုန်သည်တွေက အမှာနည်းတယ်။ ပစ္စည်းက မပို့ရဘူး။ ကုန်စည်ပို့ဆောင်ရေးနှေးကွေးတယ်” ဟု မြန်မာနိုင်ငံအဝေးပြေးကုန်စည်ပို့ဆောင်ရေးဝန်ဆောင်မှုလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးကိုကိုနိုင် ကဆိုသည်။

ပွင့်လင်းရာသီတွင် ဂိတ်တစ်ခုလျှင် တစ်ရက်လျှင် ကုန်တင်ယာဉ်သုံးစီးမှ လေးစီးအထိ သယ်ယူပို့ဆောင်ပေးနိုင်သည်။ မိုးရာသီတွင် တစ်စီးသာ ပို့ဆောင်နိုင်ကြောင်း ၎င်းကဆိုသည်။

သို့သော် မူဆယ်၊ မန္တလေးလမ်းကြောင်းတွင် Re-Export သကြားများတင်ပို့သော စင်းလုံးငှားကုန်တင်ဂိတ်များသည် အလုပ်အကိုင်ရှိသည်။ သို့သော် အပြန်တွင်ကုန်မရှိ၊ ကုန်တင်ကားအများစုမှာ ခါလီ (အလွတ်)ပြန်ရသည်။

မည်သို့ဆိုစေပြဿနာသည်မီးခိုးကြွက်လျှောက်ဖြစ်နေဆဲ။

အိန္ဒိယ၏ ပဲသုံမျိုးကန့်သတ်ဝယ်ယူခြင်း၊ ရေကြီးရေလျှံမှုဘေးသည် ဘုရင့်နောင်ဈေးကွက်ရှိ လုပ်ငန်းများကို ရိုက်ခတ်သည်။ ကုန်စည်အရောင်းအဝယ်များ ကျဆင်းသည်။ ယင်းကုန်စည်များကို စိုက်ပျိုးထုတ်လုပ်သော တောင်သူလုပ်ငန်းရှင်များလည်း ဝင်ငွေထိခိုက်သည်။

ခြုံကြည်လျှင် ဘုရင့်နောင် စီးပွားရေးဂေဟစနစ်တစ်ခု ပျက်စီးသွားခြင်းဖြစ်သည်။

ထုတ်လုပ်သူမှ ထုတ်ကုန်ရောင်းမကောင်းသဖြင့် ဝင်ငွေမကောင်း၊ ထိုအခါ မဝယ်နိုင်တော့၊ ဝယ်လိုအားကျသဖြင် ထုတ်လုပ်မှုလည်း ကျသည်။ ထိုသို့ဖြင့် စီးပွားရေးစက်ဝိုင်းတစ်ရပ်လုံး ကောင်းမွန်စွာမလည်ပတ်နိုင်ဘဲ ဖြစ်နေသည်။

“တောင်သူတွေကအရင်းတောင်မရရင် မဝယ်နိုင်ဘူး။ လှူဖို့မပြောနဲ့ ကိုယ့်ဘာသာစားဖို့ကိုမရှိဘူး” ဟု ဘုရင့်နောင် ကုန်စည်ဒိုင်ဥက္ကဋ္ဌ ဦးခင်ဟန်က ပြောဆိုလေသည်။ 

 

နိုင်လင်းအောင်

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *