ရှေ့နေတို့ ပွားစည်ချိန်

Photo - Myint Moe Nyo

မြန်မာနိုင်ငံ၌ ၂၀၁၀ ပြည့်နှစ်နောက်ပိုင်းပွင့်လင်းလာပြီးနောက် ခေတ်စားလာသည်မှာ ဆန္ဒပြပွဲများဖြစ်ပြီး ကောင်းလာသည့်အလုပ်အကိုင်မှာ ရှေ့နေအလုပ်အကိုင်ပင်ဖြစ်သည်။

ဆန္ဒပြပွဲများ၏နောက်ထပ် စာမျက်နှာတစ်ခုဖြစ်သော တရားစွဲခံရခြင်းများ၊ Facebook (လူမှုစာမျက်နှာ) သုံးစွဲမှု များပြားခြင်းနှင့် ဒွန်တွဲပါလာသော နာမည်ကျော်ဆက်သွယ်ရေးပုဒ်မ ၆၆ ဃ၊ အမှုဖွင့်ကြမ်းသည့် ဆယ်လီများ၊ အွန်လိုင်း စုမဲကြေးဂယက်နှင့် မူးယစ်ဆေးဝါးဖမ်းဆီးရေးစီမံချက်အချို့ကြောင့် ရှေ့နေဈေးကွက် လိုအပ်ချက်များ လာစေသည်။

အသက်တစ်ရာမနေရသော်လည်း အမှုတစ်ရာပွေရသည့်ခေတ်တွင် ရှေ့နေများ အလုပ်အကိုင် ကောင်းလာခြင်းမှာ မဆန်းချေ။

ရှေ့နေခေတ်ရေစီးကြောင်းတွင် အထက်တန်းရှေ့နေဒေါ်မို့မို့သည်လည်း တစ်ဦးအပါအဝင် ဖြစ်သည်။ ၂၀၀၆ ခုနှစ်ထဲက ရရှိထားသည့် ရှေ့နေလိုင်စင်ကို ဆယ်နှစ်ကျော်ကြာတွင် အသက်မွေးဝမ်းကျောင်းပညာအဖြစ် ပြန်လည်အသုံးပြုခဲ့သည်။

ဒေါ်မို့မို့တစ်ယောက် ဥပဒေပညာနှင့်ပတ်သက်၍ ဘွဲ့သုံးခုရယူခဲ့သော်လည်း ထိုပညာနှင့် လားလားမျှ မသက်ဆိုင်သည့် အပတ်စဉ်ထုတ်ဂျာနယ်တစ်ခုတွင် ၁၀စုနှစ်တစ်ခုနီးပါး လုပ်ကိုင်ခဲ့ပြီး ၂၀၁၅ နောက်ပိုင်းမှစ၍ ရှေ့နေအလုပ်အကိုင်တစ်ခုထဲကိုသာ ဇောက်ချ လုပ်ကိုင်ခဲ့သည်။

“အရင်တုန်းက တစ်လလုံး အလုပ်ဆင်းမှ သုံးသိန်းခွဲလောက်ရတာလေ။ အခုအမှုတစ်ခုကို ငါးသိန်းကနေ ၁၀သိန်းကြား ယူတယ်။ လက်ရှိလိုက်နေတဲ့ အမှုလေးခုရှိတယ်”ဟု ၎င်းက ဆိုသည်။

သို့သော်လည်း ထိုငွေကြေးသည် ရှေ့နေလိုင်စင်ရှိသူတိုင်း ရနေခြင်းတော့ မဟုတ်ချေ။ အဆက်အသွယ်(မိတ်) ရှိခြင်းနှင့် နာမည်ကျော်မှုပေါ်မူတည်၍ ရရှိခြင်းသာ ဖြစ်သည်။

နာမည်နှင့် ပညာအတွေ့အကြုံ မပြည့်ဝသေးသည့် ရှေ့နေအချို့မှာ နေ့စားသဘော တစ်ရက်တစ်သောင်းကျပ်ဖြင့် အမှုလိုက်နေရသူများလည်းရှိသလို အမှု တစ်ခုအတွက် ကျပ်သိန်းရာချီရသူများလည်းရှိသည့် ရှေ့နေဈေးကွက်သည် အနိမ့်အမြင့်ကွာဟလှသည်။

ရှေ့နေဈေးကွက်သည် ဘယ်ရွေ့ဘယ်မျှဟူ၍ ဈေးနှုန်းသတ်မှတ်ချက်မရှိဘဲ အမှုသည်နှင့် ရှေ့နေတို့၏ သဘောတူညီချက်ဖြင့်သာ အခကြေးငွေသတ်မှတ်ခြင်း ဖြစ်သည်။

“ဒီအမှုတစ်ခုမှာ တချို့ရှေ့နေက ငါးသိန်းလောက်ပဲ ရချင်ရမယ်။ တချို့ရှေ့နေကျတော့လည်း သိန်း ၂၀ ရချင်ရမယ်။ တချို့ဆိုရင်လည်း ရာနဲ့ ထောင်နဲ့ချီပြီးတော့ ရှေ့နေငှားရမ်းခတွေ ပေးနေရတယ်လို့ ကြားတယ်”ဟု နိုတြီပဗ္ဗလစ်နှင့် တရားလွှတ်တော်ရှေ့နေ၊ ပြည်ထောင်စု ရှေ့နေချုပ်ရုံး၏ ဒုတိယညွှန်ကြားရေးမှူးချုပ် (ငြိမ်း) ဒေါ်ကျင်စန်းက ဆိုသည်။

နာမည်ကျော်နိုင်မှသာ ငွေများများရသည့် ရှေ့နေဈေးကွက်တွင် နာမည်သည် အသက်ပင်။

Photo – Myint Moe Nyo

နာမည်တစ်လုံးထင်ကျန်စေရန် နည်းမျိုးမျိုးဖြင့် ဆောင်ရွက်ကြသည်။

နိုင်ငံရေးလှုပ်ရှားမှုကြောင့် တပ်မတော်အစိုးရလက်ထက်တွင် ရှေ့နေလိုင်စင် အနှစ် ၂၀ခန့် အသိမ်းခံခဲ့ရပြီး လိုင်စင်ပြန်ရချိန်တွင် နာမည်အတွက် စွန့်စားမှုများ လုပ်ဆောင်ခဲ့ရကြောင်း တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်က ဆိုသည်။

လက်ပံတောင်းတောင်ဆန္ဒပြမှု၊ ကိုပါကြီးအလောင်းဖော်သည့် အမှုများကို အခမဲ့လိုက်ပါဆောင်ရွက်ခဲ့သည်။ သတင်းမီဒီယာများ မေးမြန်ချက်များကို ဖြေကြားခြင်း၊ တရားခွင်တွင် လာရောက်နားထောင်သူများ အားရကျေနပ်အောင် အမှုစစ်ပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း ၎င်းကဆိုသည်။

ဆွေးနွေးအကြံပြုချက် မိနစ်ဖြင့်တွက်

“အမှုဆွေးနွေးခ တစ်နာရီ တစ်သိန်းကျပ်၊ မိနစ်သုံးဆယ် ငါးသောင်းကျပ်”

လူအခွင့်အရေးနှင့် နိုင်ငံရေးအမှုကိစ္စများကို အခမဲ့လိုက်ပါဆောင်ရွက်ပေးနေသည့် တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်၏ ဧည့်ခန်းနံရံတွင် ကပ်ထားခြင်းဖြစ်သည်။

ခြွင်းချက်အနေနှင့် နိုင်ငံရေး၊ လူအခွင့်အရေးကိစ္စများကိုမူ အခမဲ့ဆွေးနွေးနိုင်ကြောင်း ဖော်ပြထားသည်။

တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်သည် ၂၀၁၇- ၂၀၁၈ ခုနှစ်အတွက် ရှေ့နေလိုက်ပါဆောင်ရွက်ခများမှ ဝင်ငွေခွန်ကျပ် ၃၃သိန်း ဆောင်ထား ကြောင်း The Voice Journal သို့ ပြောကြားသည်။

ရှေ့နေရှေ့ရပ်များ၏ ဈေးကွက်မြင့်မားလာခြင်းနှင့်အတူ အမှုသည်များက အမှုလိုက်ပါ ဆောင်ရွက်ခြင်းအပြင် နောက်ပိုင်းတွင် အခြားဝန်ဆောင်မှုများကို တောင်းဆိုလာကြကြောင်း ပြည်ထောင်စုရှေ့နေချုပ်ရုံး၏ ဒုတိယညွှန်ကြားရေးမှူးချုပ် (ငြိမ်း) ဒေါ်ကျင်စန်းက ရှင်းပြသည်။

“ရှေ့နေက ဝင်ပြီးတော့ ဥပဒေအရာရှိနဲ့ ဆက်သွယ်ပေးတာ။ ခက်တာက ဒီခေတ်အမှုသည်တွေက ရှေ့နေဆိုရင် အမှုလိုက်ရုံတင် မဟုတ်ဘူး။ အဲဒီလိုကိစ္စတွေ လိုက်လုပ်ပေးဖို့ကိုပါ လိုချင်ကြတယ်။ အဲဒီလိုလိုက်လုပ်ပေးတဲ့ ရှေ့နေမှ သဘောကျတယ်။ ပေါက်ရောက်တယ်ဆိုပြီး သဘောကျကြတယ်” ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

ထိုသို့ဆောင်ရွက်ပေးခြင်းသည် အဂတိထားမြစ်ချက်ထဲတွင် အကျုံးဝင်ပြီး ရှေ့နေများအနေနှင့် အမှုသည် လွတ်မြောက်ရေးတစ်ခုထဲကိုသာ ကြည့်၍မရကြောင်း ဒေါ်ကျင်စန်းက ဆိုသည်။

ရှေ့နေကျင့်ဝတ်သိက္ခာနှင့် မညီ လာဘ်ပေးလာဘ်ယူဆောင်ရွက်သည့် ရှေ့နေအချို့ရှိကြောင်း တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်က ဆိုသည်။

၁၉၉၇ခုနှစ်ကမူးယစ်ဆေးအမှုတွင် တရားခံစားထိုးသည့်အတွက် ရှေ့နေ၊ တရားသူကြီးနှင့် တရားရေးဝန်ထမ်းများ ထောင်ချအရေးယူခံခဲ့ရခြင်းက ယင်းအချက်ကို သက်သေထူနေကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

တရားစီရင်ရေးလမ်းကြောင်းလွဲမှားရခြင်းအကြောင်းတရားထဲတွင် တရားသူကြီးများ၏ အရည်အချင်းနှင့် လုပ်ရည်ကိုင်ရည်များပေါ်တွင် များစွာမူတည်နေကြောင်း တရားသူကြီးအဖြစ် နှစ်ပေါင်းသုံးဆယ်ကျော်လုပ်ကိုင်ဖူးသည့် ပြည်ထောင်စုတရားလွှတ်တော်ချုပ်ညွှန်ကြားရေးမှူး (ငြိမ်း) ဦးထင်ဇော်က ဆိုသည်။

“Professional Judge (တရားစီရင်ရေး ကျွမ်းကျင်သည့် တရားသူကြီး) တွေ မဟုတ်တဲ့သူတွေနဲ့ သူတို့ကိုယ်တိုင် ကိုယ်က ဥပဒေအရအမှန်တရားကို ပေါ်အောင်စီရင်ဆောင်ရွက်နိုင်တဲ့  ပညာ မပြည့်စုံတဲ့အခါကျတော့ ရှေ့နေတိုင်း မဟုတ်ဘူး။ အင်မတန်မသမာတဲ့ ရှေ့နေလှည့်ဖျားတဲ့နောက်ကို ကောက်ကောက်ပါပြီး မှားတတ်တယ်။ နို့မို့ဆိုရင်တော့ မှားဖို့ မရှိဘူး”၎င်းက ဆက်လက်ပြောဆိုသည်။

ရှေ့နေ၊ တရားသူကြီးနှင့် တရားရေးဝန်ထမ်းဟူသော ထောက်တိုင်သုံးခုဖြင့် ဟန်ချက်ထိန်းနေရသည့် တရားရေးနယ်ပယ်သည် နိုင်ငံတော်၏အမြင့်ဆုံးပုဂ္ဂိုလ် သမ္မတဦးဝင်းမြင့်ပင် မနေသာဝင်ပါရသည်။

ဟာသရုပ်ဆောင် အောင်ရဲထွေး သေဆုံးအမှုနှင့် ပတ်သက်၍ လူသတ်မှုပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်ထားပြီး တရားလိုပြသက်သေ ၂၂  ဦးတွင် ၁၄ဦး ကို တရားရုံးက စစ်ဆေး၍ အမှုရုပ်သိမ်းခဲ့သည့်အတွက် ဝေဖန်မှုများ အသံကျယ်လောင်ခဲ့သည်။

“ဒါမျိုး အမိန့်မကြားဖူးဘူး။ ဒါကိုလည်း အလေးအနက်ထားမှာပါ”ဟု သမ္မတ ဦးဝင်းမြင့်က ဇူလိုင်လ ၂၈ ရက်တွင် ပဲခူး မြို့၌တိုင်းအစိုးရနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

ရှေ့နေတစ်ဦးဖြစ်သူ ဦးဝင်းမြင့်သမ္မတဖြစ်လာပြီးနောက် တရားဥပဒေစိုးမိုးရေးကို ထိထိရောက်ရောက် ကိုင်တွယ်မည်ဟု ပြောကြားထားသည်။

တရားဥပဒေစိုးမိုးရေး စကားလုံးအောက်တွင်တရားရုံး၊ ဥပဒေအရာရှိနှင့် ရှေ့နေဟူသည့် ထောက်တိုင်သုံးခုသည် အခရာကျလှသည်။

အမှုတစ်ရာပွေရန် မကြောက်သည့် လူအဖွဲ့အစည်းကြားတွင် တရားရုံးများသည် အမှုထုတ်များကြား ခေါင်းမဖော်နိုင်ဖြစ်နိုင်သကဲ့သို့ ရှေ့နေများလည်း အမှုလက်မလည်နိုင်အောင် ပေါများလာမည်လော။

 Cele Cele Small Faebook (လူမှုကွန်ရက်) က ရုပ်ရှင်မင်းသမီးဝတ်မှုံရွှေရည်ကို လူမှုရေးထိခိုက်သည့် ဖော်ပြချက်များရေးသားသည့်အတွက် ဝတ်မှုံရွှေရည်က ရှေ့နေကိုးဦး ဌားရမ်းခဲ့ပြီး တရားစွဲဆိုအမှုဖွင့်ခဲ့သည်။

ထို့ပြင် သရုပ်ဆောင်ဒိန်းပိုပိုဒေါင်နှင့် ဗေဒင်ဆရာအောင်ချစ်ပိုတို့ အပြန်အလှန် တရားစွဲဆိုမှုများ၊ အနုပညာရှင်များ ဖြစ်သည့် စိုးသူ၊ စိုးမြတ်နန္ဒာစသည်တို့ အနုပညာရှင်များ၏ တရားမကြောင်း အမှုများ။ မော်ဒယ်စူးရှထက်နှင့် အဆိုတော် အစ္စဏီ၊ အဆိုတော်ရွှေထိုက်၊ Hip  Hop အဆိုတော်ရသ၊ ဒါရိုက်တာမိုက်တီး၊ ရုပ်ရှင်မင်းသားမိုးအောင်ရင်စသည့် အနုပညာရှင်များ၏ မူးယစ်ဆေးနှင့် ပတ်သက်သည့် ရာဇဝတ်မှုအချို့ တစ်နေ့တစ်မျိုး မရိုးနိုင်အောင်ပင်။

ထို့ပြင် သာမန်အရပ်သားသူများ၏ အပြန်အလှန်တရားဆွဲဆိုသည့် အမှုများ တရားရုံးတွင် ပုံနေကြောင်း မြို့နယ်တရားသူကြီးတစ်ဦးက ဆိုသည်။

တရားမမှုများထက် ပြစ်မှုများပိုများလာပြီး သားအမိချင်း၊ သားအဖချင်းဖြစ်သည့် အမှုများ၊ သီချင်းဆိုမပြသဖြင့် အုတ်ခဲနှင့် ထုသတ်သည့်အမှုများပင်ရှိကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

တရားစွဲဆိုမှုများခြင်း၏ အကျိုးဆက်ကြောင့် အလုပ်အကိုင်ကောင်းလာသည့် ရှေ့နေဈေးကွက်ကို လူငယ်များ စိတ်ဝင်စားမှုမြင့်တက်လာကြောင်း တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်က ဆိုသည်။

ယခင်ကအလုပ်သင်ရှေ့နေ(ချိန်ပါ) ဆင်းသူမရှိသလောက် နည်းပါးခဲ့သည့် ရှေ့နေအလုပ်အကိုင်သည် ၂၀၁၅ ခုနှစ်မှစ၍ အလုပ်သင်ရှေ့နေဆင်းချင်သူများပြားသည့်အတွက် တစ်နှစ်လျှင် ငါးဦးနှုန်း ကန့်သတ်၍ လက်ခံနေကြောင်း ၎င်းက ရှင်းပြသည်။

“အရင်တုန်းကတော့ ဒီလောက် မလာကြဘူးဗျ။ နည်းပါတယ်။ ချိန်ပါ (အလုပ်သင်ရှေ့နေ) ကို လာမဆင်းကြတာ တခြားအလုပ်တွေ သွားကြတယ်”ဟု ဦးရောဘတ်စန်းအောင်က ဆိုသည်။

ရှေ့နေများ၏အခန်းကဏ္ဍသည် ၂၀၁၀ ရွေးကောက်ပြီးနောက်ပိုင်း သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက်မှစ၍ ခေတ်ဆန်းခဲ့သည်။ မြန်မာနိုင်ငံရှေ့နေများကွန်ရက်နှင့် လွပ်လပ်သော မြန်မာနိုင်ငံရှေ့နေများအသင်း စသည်တို့ ပေါ်ပေါက်လာသည်။

ခေတ်ကောင်းလာသည့် ရှေ့နေ ဈေးကွက်အတွက် အနာဂတ်ရှေ့နေလောင်းလျာများသည်လည်း အသင့်ပင်။

ဒဂုံတက္ကသိုလ်တွင် တတိယနှစ်ဥပဒေဘာသာရပ်ကျောင်းသူ မပိုးဇာဖြူသည် သူမ၏ ရှေ့နေအိပ်မက်အတွက် ထိုသို့ ဆိုသည်။

“အခြားအလုပ်တွေလို အောက်ကျ နောက်ကျလုပ်စရာ မလိုဘူး။အခုခေတ်မှာ သိတဲ့အတိုင်းပဲ စီးပွားရေး မကောင်းတော့အလုပ်တွေမကောင်းကြဘူး။ အမျိုးသမီး ရှေ့နေတစ်ယောက်အနေနဲ့ ရပ်တည်နိုင်မယ်”ဟု ဆိုလေသည်။

The Voice Journal

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *