ရှမ်းပြည်နယ် တောင်ပိုင်းတွင် ငမြှောင်တောင်ပိုး စတင်ကျ

ရန်ကုန်၊ ဩဂုတ်၃၁
ရှမ်းပြည်နယ် (တောင်ပိုင်း)ဟိုပုန်းမြို့နယ် မိုင်းပျဉ်းကျေးရွာရှိ ပြောင်းခင်းများတွင် ဩဂုတ်လ ၃၀ ရက်မှ စတင်၍ ငမြှောင်တောင်ပိုးများကျရောက်နေကြောင်း မိုးပျဉ်းကျေးရွာ ရပ်မိရပ်ဖဦးထွန်းဇံက The Voice ဂျာနယ်သို့ ပြောကြားသည်။
ငမြှောင်တောင်ပိုးသည် မိုးပျဉ်းကျေးရွာအနောက်ဘက်တွင် ရှိသော သုံးဧကကျယ်ဝန်းသည့် ပြောင်းခင်းသို့ ဩဂုတ်လ ၃၀ ရက်နံနက်ပိုင်းတွင် စတင်ကျရောက်ခြင်းဖြစ်ပြီး အကောင်ငယ်အဆင့်သာ ရှိသေးကြောင်း ၎င်းက ဆိုသည်။
“နှစ်ဧလောက် ပါသွားပြီ။ မနေ့ညက စားသွားတာ”ဟု ဦးထွန်းဇံက ပြောကြားသည်။
မိုင်းပျဉ်းကျေးရွာတွင် စုစုပေါင်းငါးဧကခန့် ပိုကျနေပြီး ငမြှောင်တောင်ပိုးအကောင်ငယ်အဆင့်သာရှိကာ ပြောင်းဖူးပင်၏ အဖူးတစ်ခုထဲတွင် အကောင်ပေါက်၂၅ကောက်ခန့်ရှိနေကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။
ငမြှောင်တောင်ပိုးကျနေသည့် အခြေအနေကို ဟိုပုန်းမြို့နယ် အုပ်ချုပ်ရေးမှူးရုံး၊ မြေတိုင်းဌာနနှင့် စိုက်ပျိုးရေးဦးစီးဌာနတို့ကို တင်ပြရန် စီစဉ်နေကြောင်း ဦးထွန်းဇံက ပြောကြားသည်။
စိုက်ပျိုးရေး၊ မွေးမြူးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန စိုက်ပျိုးရေးဦးစီးဌာန သီးနှံကာကွယ်ရေးဌာနခွဲက ငမြှောင်တောင်ပိုးအန္တရာယ်ကို ကြိုတင်ကာကွယ်နိုင်ရန် ဩဂုတ်လ ၁၇ ရက်နေ့အတွက် သတိပေးချက် ထုတ်ပြန်ထားသည်။
ဩဂုတ်လတတိယပတ်မှစတင်၍ ရှမ်းပြည်နယ် (မြောက်ပိုင်း) နမ့်စံနှင့် သိန္နီတို့တွင် ငမြှောင်တောင်ပိုး ကျရောက်နေကြောင်း ဒေသခံများထံမှ သိရသည်။
ရှမ်းပြည်နယ်တွင် ကျရောက်သည့် ငမြှောင်တောင်ပိုးသည် FAO သတိပေးချက်ထုတ်ပြန်ထားသည့် ပိုးဟုတ် မဟုတ်ကို စစ်ဆေးနေဆဲဖြစ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန စိုက်ပျိုးရေးဦးစီးဌာန သီးနှံကာကွယ်ရေးဌာနခွဲညွှန်ကြားရေးမှူးဦးအောင်ကျော်ဦးထံမှ သိရသည်။
“ခပ်ဆင်ဆင်တော့တူတယ်ဆိုတာ တွေ့တယ်။ သေချာပေါက်တော့ ပြောလို့တော့ မရဘူး။ သေချာရင် ကျွန်တော်တို့ရဲ့ဌာနဝက်ဘ်ဆိုက်မှာ ကြေညာမှာပါ”ဟု ၎င်းက ဆက်လက်ပြောကြားသည်။
ငမြှောင်တောင်ပိုးကျရောက်ပါက သီးနှံများပျက်စီးဆုံးရှုံးမှုကြီးမားသောကြောင့် တောင်သူများက ကြောက်ရွံ့ကြပြီး စားနိပ်ရိက္ခာဖူလုံမှုကို ထိခိုက်စေနိုင်သည့်အထိ ဆိုးရွားသည့် ဖျက်ပိုးဖြစ်ကြောင်း စိုက်ပျိုးရေးဦးစီးဌာနကလည်း ကြေညာထားသည်။
အရှေ့တောင်အာရှနိုင်ငံများတွင် ပျံ့နှံနှုန်းမြန်နေသည့် ဖျက်ပိုးမျိုးသစ် ငမြှောင်တောင်ပိုးကို အိန္ဒိယနိုင်ငံတွင် ပထမဆုံးတွေရှိပြီး အိမ်နီးချင်းနိုင်ငံများသို့ ပျံ့နှံလာနိုင်ကြောင်း ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (FAO) က သတိပေးချက်ထုတ်ပြန်ထားသည်။
ငမြှောင်တောင်ပိုးသည် ပြောင်း၊ စပါး၊ အာလူး၊ ဟင်းသီးဟင်းရွက်နှင့် ဝါသီးနှံအပါအဝင် သီးနှံအမျိုးပေါင်း ၈၀ကျော်ကို ပျိုးပင်ငယ်အဆင့်မှ ရိပ်သိမ်းချိန်ရောက်သည်အထိ ကျရောက်ကာ ကိုက်ဖြတ်စားသောက်တက်ပြီး တစ်ညအတွင်း ကီလိုမီတာ ၁၀၀ ခန့်အထိ ပျံသန်းနိုင်စွမ်းရှိသည့် အဖျက်ပိုးဖြစ်ကြောင်း စိုက်ပျိုးရေးဦးစီးဌာန သီးနှံကာကွယ်ရေးဌာနခွဲက ကြေညာထားသည်။