Facebook နှင့်ပြိုင် ဘယ်သူနိုင်

VK ဟူသည့် အင်တာနက်လူမှုကွန်ရက်ကို မြန်မာတို့ သိကျွမ်းသည်မှာ သိပ်မကြာသေးပေ။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ Facebook လူမှုကွန်ရက်နှင့် တပ်မတော်နှင့်ဆိုင်သော စာမျက်နှာ နှစ်ဒါဇင်နီးပါးကို Facebook က ဖယ်ရှားလိုက်ချိန်တွင် VK (VKontakte) ဟူသည့် ရုရှားနိုင်ငံအခြေစိုက် အင်တာနက်လူမှုကွန်ရက်ကို မြန်မာတို့ သတိထားမိလာခြင်းဖြစ်သည်။
VK နှင့် ရှေ့ဆင့်နောက်ဆင့်ဆိုသလိုပင် မြန်မာပြည်ဖြစ် အင်တာနက်လူမှုကွန်ရက် MMSocial လည်း ခါတော်မီပေါ်ပေါက်လာပြန်သည်။
မြန်မာနိုင်ငံ၏ လူမှုကွန်ရက် ပင်မရေစီးကြောင်းတွင် Facebook သည် ကာလရှည်ကြာအရှိန်အဟုန်ဖြင့် စီးဆင်းခဲ့သည်။ လက်ရှိတွင် Facebook ကို သွေးတိုးစမ်းရန် VK နှင့် MMSocial တို့က စိုင်းပြင်းလာသည်။ ယင်းသည် မြန်မာနိုင်ငံ၏ အင်တာနက်လူမှုကွန်ရက် အားစမ်းပွဲအစပြုခြင်းလည်း ဖြစ်သည်။
သို့ဆိုလျှင် အနာဂတ်လူမှုကွန်ရက် ရေစီးကြောင်းက အဘယ်နည်း။
ရေစီးကြောင်း ရာဇဝင်
မြန်မာနိုင်ငံ၏ လူမှုကွန်ရက်ပင်မ ရေစီးကြောင်းတွင် Facebook သည် ပျိုတိုင်းကြိုက်သည့် နှင်းဆီခိုင် ဖြစ်သည်။ စမတ်ဖုန်းနှင့် မျက်နှာအပ်ထားသည့် လူအများအပြားကို လေ့လာလျှင် Facebook ကြည့်နေသူများ ဖြစ်သည်။
ကမ္ဘာပေါ်တွင် Facebook အသုံးပြုသူ စုစုပေါင်း ၂ ဒသမ ၂၀ ဘီလီယံရှိပြီး မြန်မာနိုင်ငံတွင် Facebook သုံးသူ ၁၈ သန်းကျော် ရှိသည်။
အခြားသော အင်တာနက်လူမှုကွန်ရက်များစွာရှိသော်လည်း မြန်မာတို့ ခံတွင်းမတွေ့ကြ။ Facebook ၌သာ ပျော်မွေ့ကြသည်။ မြန်မာနိုင်ငံ၏ သတင်းအချက်အလက်များလည်း Facebook ပေါ်မှ တစ်ဆင့်စီးဆင်းသည်။ Facebook ကို လူတစ်ဦးချင်း ဆက်သွယ်ကြသည်မှအစ သမ္မတရုံးသတင်းထုတ်ပြန်ရေးအထိ သုံးသည်။

ရန်ကုန်မြို့ပတ်ရထားပေါ်တွင် စမတ်ဖုန်းအသုံးပြုနေကြသူများကို တွေ့မြင်ရစဉ်။
“Facebook ပလက်ဖောင်းမှာ ကျတော့ Citizen တွေကလည်း သတင်းသမားတွေ ဖြစ်သွားတာပေါ့။ သူတို့ တင်လိုက်တဲ့ သတင်းက စက္ကန့်ပိုင်း၊ မိနစ်ပိုင်းမှာ ပြန့်သွားတယ်။ ဥပမာ-ဆွာချောင်းတံတားကျိုးလို့ လမ်းပန်းဆက်သွယ်ရေး အဆင်မပြေဘူးလို့ သိရင် လေယာဉ်နဲ့ ချက်ချင်းပြန်ပြောင်းစီးပြီး သွားမလား။ Information က အရမ်းမြန်တယ်”ဟု AYK ကုမ္ပဏီ၏ အုပ်ချုပ်မှု ဒါရိုက်တာ ဦးအောင်ဇော်ဦး (အရည်ကြို) က ဆိုသည်။
၎င်းသည် Facebook ပေါ်မှ တစ်ဆင့် မော်တော်ယာဉ်နှင့်ဆိုင်သော သတင်းအချက်အလက်များဖြန့်ဝေနေသူ ဖြစ်ပြီး Facebook ပလက်ဖောင်းတွင် လွှမ်းမိုးနိုင်သူတစ်ဦးလည်း ဖြစ်သည်။ Follower ပေါင်း ခြောက်သိန်းနီးပါး ရှိသည်။
Facebook ပေါ်တွင် သတင်းအမှားများ တင်ပါက ယင်းသတင်းကို ပြန်လည်ချေပသည့် သတင်းအမှန်များ ချက်ချင်းတက်လာခြင်းကြောင့် သတင်းစီးဆင်းမှု မြန်ဆန်ကြောင်း ၎င်းက ဆိုသည်။ ယင်းသည် ကောင်းသည့် အချက်ဖြစ်ကြောင်း ၎င်းက ဆိုသည်။
သို့သော် Facebook ကိုအသုံးပြု၍ အမုန်းစကားများ၊ သတင်းအတု ယောင်များ ဖြန့်ဝေခြင်းကြောင့် ပဋိပက္ခများ ပိုမိုကြီးထွားစေသည်ဟုသော နိုင်ငံတကာအသိုင်းအဝိုင်း၏ ပြစ်တင်သံများလည်း ထွက်ပေါ်လျက်ရှိသည်။
Facebook သည် အမေရိကန်ပြည်ထောင်စုနှင့် ဥရောပနိုင်ငံများတွင် Twitter လောက် မလွှမ်းမိုးပေ။ ထို့ကြောင့် ၂၀၁၇ ခုနှစ် ရခိုင်ပြည်နယ်ပဋိပက္ခဖြစ်ပွားချိန်တွင် မြန်မာနိုင်ငံသားရေးသားသည့် Facebook မှ သတင်းစကားများသည် အနောက်နိုင်ငံများ၌ မထိုးဖောက်နိုင်ပေ။
သတင်းမှန်များ တန်ပြန်ချေပရန် Facebook အစား Twitter သုံးရန် မြန်မာနိုင်ငံတွင် စေ့ဆော်ဖူးသည်။ သို့သော် Twitter ကို ခဏတစ်ဖြုတ်အာရုံစိုက်ကြပြီး Facebook ပေါ် ပြန်ရောက်လာကြသည်။
၂၀၁၈ ခုနှစ်တွင်မူ Facebook နှင့် မြန်မာနိုင်ငံ၏ အခိုင်မာဆုံးအဖွဲ့အစည်းဟု ဆိုသည့် မြန်မာ့တပ်မတော်ကြား ကတ္တီပါလမ်းခွဲရန် အကြောင်းဖန်လာတော့သည်။
Facebook အသုံးပြုသူများ လိုက်နာရမည့် စည်းမျဉ်းသစ်များ Facebook က ထုတ်ပြန်လိုက်ပြီးနောက်ပိုင်း အဆိုပါစည်းမျဉ်းသစ်များနှင့် မကိုက်ညီဟုဆိုကာ တပ်မတော်နှင့်ဆိုင်သော စာမျက်နှာများကို ဖယ်ရှားခဲ့သည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ အခြားတပ်မတော် ထိပ်တန်းအကြီးအကဲအချို့၏ Facebook စာမျက်နှာမျာနှင့် မြ၀တီသတင်းစာတို့ကို ဖယ်ရှားခဲ့သည်။
ယခင်ကလည်း ဘာသာရေးခေါင်းဆောင်တစ်ဦးဖြစ်သည့် ဦးဝီရသူနှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေတို့၏ Facebook Account တို့ကို ဖယ်ရှားခဲ့ဖူးသည်။
လမ်းသစ်နှင့် လုံခြုံရေး
တပ်မတော်နှင့်ဆိုင်သည့် Facebook စာမျက်နှာများဖယ်ရှားခံရမှုအပေါ် တပ်မတော်ဘက်မှ တုံ့ပြန်ချက် တစ်စုံတစ်ရာ မထုတ်သေးချေ။ Facebook အစား VK အင်တာနက်ပလပ်ဖောင်းပေါ်သို့ ပြောင်းရွှေ့ခဲ့သည်။
ထို့နောက် VK လူမှုကွန်ရက် အကြောင်း မြန်မာအင်တာနက်အသုံးပြုသူများကြား ပျံ့နှံ့လာပြီး VK အကောင့်ဖွင့် အသုံးပြုသူများရှိလာသည်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ VK စာမျက်နှာတွင် Facebook သုံးသောင်းခွဲနီးပါးရှိနေပြီ ဖြစ်သည်။
VK သည် တစ်ကမ္ဘာလုံးတွင် အသုံးပြုသူပေါင်းသန်း ၁၀၀ ကျော် ရှိသည်။
ရုရှား၊ ယူကရိန်း၊ ကာဇက်စ္စတန်၊ ဘီလာရုစ်၊ အဇာဘိုင်ဂျန်စသည့် နိုင်ငံများတွင် လူကြိုက်များသည်။ VK အသုံးပြုသူ စုစုပေါင်း၏ ၇၀ ရာခိုင်နှုန်းကျော်သည် ရုရှားနိုင်ငံမှ ဖြစ်ကြောင်း နည်းပညာဆိုင်ရာ ဗဟုသုတများ ရေးသားဖော်ပြသော MakeUse Of ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။
“VK အကောင့်ဖွင့်ထားတယ်။ သူများတွေ သုံးကြတယ်ဆိုတော့ ဘာအားသာချက်တွေရှိလဲ သုံးကြည့်ချင်လို့ ဖွင့်ထားတာ။ သေချာတော့ မသုံးကြည့်ရသေးဘူး”ဟု သာကေတမြို့နယ်မှ အသက် ၂၇ နှစ်အရွယ် ဦးမင်း (အမည်လွှဲ) က ဆိုသည်။
တစ်ဆင့်စကား၊ တစ်ဆင့်နားဖြင့် VK ကို အာရုံစိုက်မိကြသည်။ ထို့အပြင် တပ်မတော်နှင့်ဆိုင်သော သတင်းထုတ်ပြန်ချက်များကို Facebook တွင် မရရှိနိုင်တော့ခြင်းကြောင့် VK မှတစ်ဆင့် ရယူရန် အကောင့်ဖွင့်သူများလည်း ရှိသည်။
သို့သော် သုံးစွဲသူများ၏ ကိုယ်ရေးသတင်းအချက်အလက် လုံခြုံရေးပိုင်းကို စဉ်းစားသူနည်းသည်။
အဘယ်ကြောင့်ဆိုသော် မြန်မာနိုင်ငံ၏ အင်တာနက်လူမှုကွန်ရက် အသုံးပြုသူတိုင်းသည် ပြည်ပနိုင်ငံများက ဖန်တီးသည့် ကွန်ရက်များကို အသုံပြုခဲ့ကြရသည်။ အစိုးရကလည်း သတင်းအချက်အလက် လုံခြုံရေးအတွက် အဆိုပါကွန်ရက်များကို မပိတ်ပင်။
တရုတ်၊ ဗီယက်နမ်၊ မြောက်ကိုးရီးယားနှင့် အီရန် စသည့်နိုင်ငံများတွင် Facebook အသုံးပြုခြင်းကို ပိတ်ပင်ထားသည်။ တရုတ်နိုင်ငံတွင် WeChat ၊ QQ နှင့် Weibo ကိုယ်ပိုင်အင်တာနက်လူမှုကွန်ရက်များကို အဓိကသုံးကြသည်။
“နည်းပညာဘက်က ပြောရရင် ဘယ်အရာမှ Free မရဘူး။ ဘယ်သူပဲ ဖြစ်ဖြစ်ပေါ့နော် အသုံးပြုတဲ့ User တွေ အကုန်လုံးသည် ပလက်ဖောင်းတစ်ခုကို သုံးရင် တစ်ခုခုတော့ ပေးဆပ်ရမှာပဲ။ သူကလည်း ပေးဆပ်မှုကို လိုချင်လို့ Free ပေးတာ”ဟု SKYLARK နည်းပညာကုမ္ပဏီ၏ အုပ်ချုပ်မှုဒါရိုက်တာ ဦးမင်းမြတ်စိုးမိုးက ဆိုသည်။
အချက်အလက်လုံခြုံမှု (Data Privacy) သည် နည်းပညာကို ဝန်ဆောင်မှုနှင့် ကျင့်ဝတ်ပေါ်တွင် အခြေခံကြောင်း ၎င်းက ဆိုသည်။ မြန်မာနိုင်ငံအနေနှင့် အဆိုပါ သတင်းအချက်အလက်များ ပေါက်ကြားပါက အရေးယူနိုင်သည့် ဥပဒေမျိုးရှိရန် လိုသည်။
လက်ရှိအချိန်ထိ အချက်အလက်များ လုံခြုံရေးအကာကွယ်ပေးနိုင်သော ဆိုက်ဘာဥပဒေ မထွက်ရှိသေးပေ။ လာမည့်နှစ်အစောပိုင်းတွင် ဥပဒေမူကြမ်း ထွက်ရှိရန် စီစဉ်နေကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဦးသန့်စင်မောင်က ပြောဆိုထားသည်။
ဥပဒေမရှိသေးပါက ဒေတာအချက်အလက်မပေါက်ကြားရေး ကျင့်ဝတ်လိုက်နာသည့် လှုမှုကွန်ရက်များကို ရွေးချယ်သုံးသင့်ကြောင်း အိုင်တီပညာရှင်များက ဆိုသည်။
သို့သော် ကျင့်ဝတ်လိုက်နာသည့် အဖွဲ့အစည်းဖြစ်စေကာမူ လူမှုကွန်ရက်ဝန်ဆောင်မှုပေးသည့် ကုမ္ပဏီသည် ၎င်းတို့ကွန်ရက်ကို အသုံးပြုသူလူပုဂ္ဂိုလ်ဖြစ်စေ နိုင်ငံတော်အစိုးရအထိ ၎င်း ကွန်ရက်ပေါ်မှ ဖယ်ရှားနိုင်သည့် အခွင့်အာဏာ ရှိနေသည်။
တပ်မတော်နှင့်ဆိုင်သည့် Facebook စာမျက်နှာများ ပိတ်ပင်ခံရခြင်းကို ကြည့်လျှင် Facebook စည်းမျဉ်းများနှင့် မကိုက်ညီခြင်းကြောင့် ဖယ်ရှားခဲ့သည်။ သို့ဆိုလျှင် တရုတ်နိုင်ငံကဲ့သို့ ဒေသနှင့် ကိုက်ညီသည့် လူမှုကွန်ရက်တစ်ခု လိုအပ်လာပြီလော။
“Facebook ဆိုရင် သူတို့နိုင်ငံက သူတို့လူတွေရဲ့ စရိုက်လက္ခဏာနဲ့ ဆွဲထားတာ။ သူတို့ အသိုင်းအဝိုင်းထဲမှာ သွားသုံးတဲ့အတွက် ကျွန်မတို့ အသိုင်းအဝိုင်းနဲ့ မျှနေမှာ မဟုတ်ဘူး” ဟု BIZ Law စီးပွားရေးဆိုင်ရာဥပဒေအကြံပေးကုမ္ပဏီ၏ Managing Partner ဒေါ်ဟေမာဝေလှိုင်က သူ၏ ပုဂ္ဂလအမြင်ကို ပြောသည်။
ပြည်တွင်းလှုမှုကွန်ရက်တစ်ခုရှိလျှင် မြန်မာပြည်သူများ၏ စရိုက်လက္ခဏာ နှင့် ကိုက်ညီသည့် စည်းမျဉ်းများနှင့် ဝန်ဆောင်မှုပေးခြင်းကြောင့် ပိုအဆင်ပြေ နိုင်ကြောင်း ၎င်းကဆိုသည်။
ပြည်တွင်းဖြစ် MMSocial
အချိန်ကိုက်ဆိုသလိုပင် တပ်မတော် Facebook အကောင့်များ အပိတ်ခံရသည့် နောက်ပိုင်း ပြည်တွင်းဖြစ် အင်တာနက်လူမှုကွန်ရက် MMSocial မိတ်ဆက်ခဲ့သည်။
MMSocial သည် လွတ်လပ်သည့် ပုဂ္ဂလိကလုပ်ငန်းတစ်ခုဖြစ်ကြောင်း MMSocial ၏ အုပ်ချုပ်မှုဒါရိုက်တာ ဦးရန်နိုင်မြင့်က ဆိုသည်။
MMSocial သည် ပြည်တွင်းသတင်းအချက်အလက်များကို ပြည်ပလူမှုကွန်ရက်များကို ၀ကွက်အပ်ထားရမှုကို ရှောင်ရှားနိုင်ရန် ရည်ရွယ်ကြောင်း ၎င်းက ဆိုသည်။ အထူးသဖြင့် မြန်မာနိုင်ငံ၏ လူမှုပတ်ဝန်းကျင်၊ ယဉ်ကျေးမှုနှင့် ကိုက်ညီသည့် စည်းမျဉ်းများနှင့် ကွန်ရက်ဝန်ဆောင်မှုပေးမည် ဖြစ်သည်။
“MMSocial က တကယ် အထမြောက်ပြီး အောင်မြင်သွားတယ်ဆိုရင် ယုံရတဲ့ သတင်းရင်းမြစ်ရပါလိမ့်မယ်။ ဘာလို့လဲဆိုတော့ ပြည်ပက Social Network တစ်ခုသုံးလို့ (အကောင့်) ပိတ်လိုက်တယ်ဆိုရင်၊ အခုဆိုလည်း ပိတ်လိုက်တာတွေရှိတယ်။ အဲဒီအတွက် သတင်းအရင်းအမြစ်ရှာဖို့က ပျောက်သွားတယ်။ အဲဒီလိုမျိုးတွေ မဖြစ်ရအောင်ပေါ့”ဟု ၎င်းက ဆိုသည်။
MMSocial တွင် မြန်မာနိုင်ငံနှင့် လိုက်လျောညီထွေဖြစ်မည့် လှုမှုစံနှုန်းများနှင့် အမုန်းစကားများ၊ သတင်းမှားများ ကင်းစင်ရန် အားထုတ်သွားမည်ဟု ဆိုသည်။
ယင်းကွန်ရက်ကို တည်ဆောက်ရန် နှစ်လခန့် အချိန်ယူခဲ့ရကာ ဒေတာအချက်အလက်များ သိုလှောင်ရန်အတွက် ပြည်တွင်းဒေတာစင်တာကို အသုံးပြုမည် ဖြစ်သည်။ ပြည်တွင်း၏ သတင်းအချက်အလက်များကို ပြည်တွင်း၌ စီးဆင်းစေမည် ဖြစ်သည်။
ကနဦးတွင် ကွန်ပျူတာဖြင့် ကွန်ရက်သို့ ချိတ်ဆက်နိုင်မည်ဖြစ်ပြီး နောက်ပိုင်းတွင် Mobile Application ဖြင့် သုံးစွဲနိုင်မည်။ Facebook နှင့်ဆင်တူပြီး တစ်ဦးနှင့်တစ်ဦးဆက်သွယ်ခြင်း၊ သတင်းအချက်အလက်များ ရေးသားခြင်း၊ ဝေမျှခြင်း၊ မှတ်ချက်ပေးခြင်း ပြုလုပ်နိုင်မည်။
ပထမပိုင်းတွင် Video နှင့် Audio ဖုန်းခေါ်ဆိုခြင်း မပါဝင်သေးကြောင်း ဦးရန်နိုင်မြင့်က ဆိုသည်။ Video ဖိုင်များကို လွှင့်တင်ခြင်းကို ကန့်သတ်ထားဦးမည် ဖြစ်သည်။ MMSocial ကို စက်တင်ဘာလ ၅ ရက်တွင် တရားဝင်စတင်သော်လည်း စက်တင်ဘာလ ၆ ရက်အထိ အသုံးပြု၍ မရသေးပေ။
MMSocial သည် ၁၄ နှစ်နီးပါး ရှိပြီဖြစ်သည့် Facebook ကို ယှဉ်ပြိုင်နိုင်မည်မဟုတ်သော်လည်း ပြည်တွင်း လိုအပ်ချက်ကို ပိုမိုဖြည့်ဆည်းနိုင်လိမ့်မည်ဟု ဦးရန်နိုင်မြင့်က ရည်မှန်းထားသည်။
ပြည်တွင်းလူမှုကွန်ရက်များပေါ်ပေါက်လာခြင်းကို ကြိုဆိုပြီး အခြားလူမှုကွန်ရက်များနှင့် မတူညီသည့် ထူးခြားချက်များပါဝင်လာရန်လိုကြောင်း Myanmar Information Technology ကုမ္ပဏီ၏ အမှုဆောင် အရာရှိချုပ် ဦးထွန်းသူရသက်က ဆိုသည်။
“ပိုက်ဆံတွေ အများကြီးကုန်ပြီးတော့ အကျိုးရှိတာဖြစ်လာဖို့ဆိုရင် ထူးခြားအားသာမှုတစ်ခုခုရှိဖို့ လိုတယ်။ ကိုယ့်ရဲ့ Strategy က ဘာလဲဆိုတာ အရေးကြီးတယ်။ မြန်မာ Facebook လုပ်မယ်ဆိုရင်တော့ အောင်မြင်ဖို့ သိပ်တော့ မရှိနိုင်ဘူး”ဟု ၎င်းက ဆိုသည်။
လှုမှုကွန်ရက်ဟုဆိုရာတွင် လူ့ အသိုင်းအဝိုင်းတစ်ခုလုံး ခြုံငုံဝန်ဆောင်မှုပေးရန် စဉ်းစားသင့်သည်။
မည်သို့ဆိုစေ ယခင်က Facebook တစ်ခုတည်းကို အားထားသည့် လှုမှုကွန်ရက်ရေစီးတွင် VK နှင့် MMSocial တို့ စတင်ဝင်ရောက်လာပြီ ဖြစ်သည်။ ယခုလက်ရှိသတင်းမီဒီယာစာအချို့သည်ပင် VK တွင် သတင်းစာမျက်နှာများ ဖွင့်လှစ်ထားကြသည်။ အနာဂတ်တွင် လူမှုကွန်ရက်ရေစီးက အချိုးအကွေ့ ဖြစ်လာနိုင်သလော။
ယင်းသည်သုံးစွဲသူတစ်ဦးချင်းစီ၏ အသုံးတည့်မှု၊ မတည့်မှုအပေါ်တွင် မူတည်သည်။ အကျိုးရှိရှိအသုံးချလျှင် ပြည်တွင်း၊ ပြည်ပခွဲရန်မလိုဟု SKYLARK နည်းပညာကုမ္ပဏီ၏ အုပ်ချုပ်မှုဒါရိုက်တာ ဦးမင်းမြတ်စိုးမိုးက ပြောဆိုသည်။
ယနေ့ ကမ္ဘာသည် လူမှုကွန်ရက်နှင့် နေ့စဉ်ထိတွေ့နေရမြဲဖြစ်သည်။ နေမှုထိုင်မှုမှ အစ သာရေးနာရေးအလယ် သတင်းအချက်အလက်များ ဖြန့်ဝေရေးအထိ အင်တာနက်လူမှုကွန်ရက်နှင့် ချိတ်ဆက်နေသည်။ ယင်းအတွက် ဖန်တီးမှုအားကောင်းသည့် အင်တာနက်ပလက်ဖောင်းများပေါ်ပေါက်လာလျှင် နိုင်ငံအကျိုးရှိသည်သာ။
သို့သော်လည်း ဖန်တီးမှုအားကောင်းပြီး အတွေ့အကြုံရင့်သည့် Facebook ကို အစားထိုးနိုင်ဦးမည် မဟုတ်ပေ။ Facebook ရေစီးကို ပိတ်ပင်လျှင်တောင် ဆက်လက်စီးဆင်းနေဖွယ်ရှိကြောင်း ဦးအောင်ဇော်ဦး(အရည်ကြို) က ယခုကဲ့သို့ ဆိုသည်။
“Facebook ပိတ်လိုက်တယ်ဆိုရင် လူအသုံးများတာ တစ်ခုခုသုံးမှာပေါ့။ တရုတ်မှာ Facebook ကို ပိတ်ထားတာတောင် အခု ကျွန်တော့် သူငယ်ချင်းတွေ တရုတ်ရောက်နေတာ VPN ကျော်ပြီး သုံးနေတာဆိုတော့ နည်းပညာမှာ တာဆီးဖို့ နည်းနည်းလေးခက်မယ်”
နိုင်လင်းအောင်